ကိုဗစ်ကာလ မိသားစု သဟဇာတ ဖြစ်ရေး

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကိုဗစ်ကာလမှာ မိသားစုတွေဟာ မတူခြားနားတဲ့ ပုံစံနဲ့ ဖြတ်သန်းကြပါတယ်။ ကလေးတွေ ကျောင်းသွားလို့ မရတာ၊ လူကြီးတွေ အလုပ်မသွားရတာ၊ အချို့က အိမ်ကနေ အလုပ်လုပ်ရတာ၊ အဲဒါတွေကြောင့် လူကြီးကလေး တစ်ချိန်လုံး အိမ်မှာ ရှိနေကြပါတယ်။ ဒါကြောင့် အိမ်ကနေ အလုပ်လုပ်နေရတဲ့ လူကြီးတွေ၊ အိမ်မှာ တစ်ချိန်လုံးပြေးလွှား ဆော့ကစားလို နေတဲ့ ကလေးတွေ၊ အဲဒီလို ဖြတ်သန်းမှုတွေအကြား မိသားစုသဟဇာတဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲ။

၁။ ဆက်သွယ်ပြောဆိုမှု

အိမ်က လူကြီးတွေက ကလေးတွေရဲ့ စံပြပါ။ လူကြီးအချင်းချင်းပြောဆိုပုံတွေကို ကလေးတွေက နမူနာယူပါတယ်။ လူကြီးအချင်းချင်း ကောင်းကောင်းမွန်မွန် ပြောဆိုရင် သူတို့လေးတွေလည်း အဲဒီအတိုင်း လိုက်နေပါတယ်။ လူကြီးအချင်းချင်း နွေးနွေးထွေးထွေး ပြောဆိုဆက်ဆံနေတာ၊ ကလေးတွေနဲ့လည်း နွေးနွေးထွေးထွေး ပြောဆို ဆက်ဆံနေတာတွေဟာ ကလေးတွေအတွက် စိတ်လုံခြုံမှု၊ ပျော်ရွှင်လွတ်လပ်မှု ပိုဖြစ်စေပါတယ်။ လူကြီး အချင်းချင်း အချေအတင်ပြောစရာ ရှိလာရင် ကလေးတွေ ရှေ့မှာ မပြောမိပါစေနဲ့။ အခြား တစ်နေရာမှာ ပြောဆို ရှင်းလင်းကြပါ။ ကလေးတွေကို စိတ်တိုလာတိုင်း အော်ငေါက်တာ မလုပ်ဘဲ ၁၀ စက္ကန့်လောက် ခဏ ငြိမ်လိုက်ပါ၊ အသက်ပုံမှန် ရှူပါ။ ပြီးမှ စိတ်ငြိမ်ငြိမ်ထားပြီး ပြောစရာရှိတာ အေးအေးဆေးဆေး ပြောပါ။

၂။ အိမ်အလုပ်တွေ မျှဝေပါ

အခုလိုမျိုး ကိုဗစ်ကာလမှာ အိမ်အလုပ်တွေကို အရင်လုပ်နေကြ တစ်ဦးတည်း လုပ်တာမျိုး မဟုတ်ဘဲ မျှဝေနိုင်ပါတယ်။ အိမ်အလုပ်တွေ အရင်ကထက် များလာနိုင်တယ်၊ ဒါကြောင့် အိမ်မှာ နေနေရတဲ့သူတွေက တတ်နိုင်သမျှ မျှလုပ်ပေးတာဟာ အိမ်မှာ ပိုကောင်းတဲ့ သဟဇာတ ဖြစ်ရေး အရေးပါပါတယ်။ တစ်ယောက်ယောက်က အိမ်အလုပ်တွေ မနိုင်မနင်းဖြစ်နေရင် အခြားသူတွေကို ရှင်းပြပြီး အကူအညီတောင်းတာ လုပ်နိုင်၊ လုပ်သင့်ပါတယ်။ ကလေးတွေကိုလည်း နိုင်သလောက် ဝန်ထမ်းစေတာ ကောင်းပါတယ်။

၃။ ပျော်စရာ အချိန်ဖန်တီးပါ

ဒီလို အချိန်မှာ ပိုလိုအပ်ပါတယ်။ မိသားစု အိမ်အပြင်မထွက်ရရင်တောင် အိမ်မှာ ရုပ်ရှင် အတူတူ ကြည့်တာ၊ အပြင်ထွက်လို့ရရင် အတူတူထွက်လည်တာ၊ ပန်းခြံတွေမှာ သွားနားနေတာ အဲဒါတွေ အတူတူ လုပ်နိုင်ပါတယ်။ ကိုဗစ်ကာလမှာ အိမ်သားတွေ အတူတူ ရှိနေတဲ့ အချိန်တွေများလာတာကို အခွင့်ကောင်းယူပြီး ကောင်းမွန်တဲ့ အချိန်တွေ၊ ပျော်စရာ အချိန်တွေ ဖန်တီးနိုင်ပါတယ်။

၄။ နားထောင်ပါ၊ စကားလုံးရွေးချယ်မှု မှန်ကန်ပါစေ

နေအိမ်မှာ လူများတဲ့ အချိန်များလာရင် စကားများလာမယ်။ အဲဒီအချိန်မှာ တစ်ဦးနဲ့ တစ်ဦး နားထောင်တတ်ဖို့ အရေးကြီးပါတယ်။ အသေအချာ စိတ်ရှည် နားထောင်ပြီး ပြန်တုံ့ပြန်ဖို့ အရေးကြီးပါတယ်။ ကိုယ်နဲ့ သဘောတူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ အမြင်ဖွင့်ပြီး နားထောင်ဖို့ လိုပါမယ်။ နောက်ပြီး ကလေးတွေကို ပြောဆိုရာမှာ မလုပ်နဲ့ ဆိုတာမျိုး တားမြစ်တဲ့ စကားမျိုးသုံးတာထက် ကိုယ်ဖြစ်စေချင်တာကို ပြုမူစေချင်တဲ့ ပုံစံမျိုးနဲ့ ပြောဆိုသင့်ပါတယ်။ ဥပမာ “မဆူနဲ့” ဆိုတာမျိုး မပြောဘဲ “ဟေး . . . ကလေး တို့ရေ၊ ခဏလေး တိတ်တိတ်လေး နေကြပါလား” ဆိုပြီး ပြောတာမျိုးပေါ့။

Ref : WHO