၂၀၂၁ ကျွန်တော်တို့ မျှော်လင့်ချက်တွေ

0
866
၂၀၂၁ ကျွန်တော်တို့ မျှော်လင့်ချက်တွေ

နှုတ်ဆက် ထွက်ခွာသွားလေသည့် ၂၀၂၀ ကို ကျွန်တော်တို့ မလွမ်းပါ။
နှစ်စ ကတည်းက ကိုဗစ်ရဲ့ အနှိပ်အစက် အထောင်းအထုကြားမှာ ကမ္ဘာကြီး အလူးအလဲ ခံခဲ့ကြရသည်။

အရှိုက် ထိသလို ဖြစ်ခဲ့ရသည့် သည်ကမ္ဘာ့ကပ်ဘေးမှာ ကျွန်တော်တို့တွေ သင်ခန်းစာတွေ ရခဲ့ကြသည်။

သာသာယာယာ ကမ္ဘာမြေ။
သည့်မတိုင်ခင်က ကျွန်တော်တို့ ကမ္ဘာမြေသည် သာသာယာယာ ရှိသည်ဟု ဆိုတန်ကောင်းသည်။ ကမ္ဘာသားတွေအကြား ဘာအဆီးအတားမှ မရှိလို့ ဆိုကြရလောက်အောင် သွားလာဆက်သွယ်ရ လွယ်ကူ လှသည်။ ကမ္ဘာ့အရှေ့ခြမ်းမှ ကမ္ဘာ့အနောက်ခြမ်းသို့ ခြေဆန့်လို သလား။ ကမ္ဘာ့ တစ်နံတစ်လျား ခရီးသွားလာ ဆက်သွယ်ရ အခက်အခဲမရှိသလောက် ဖြစ်လာသည်။ အကန့်အသတ် တွေ အတားအဆီးတွေ နယ်တွေ ဘောင်တွေ နည်းလာသည်။

တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ချိတ်ဆက် သွားလာကြရာမှာ အကန့်အသတ် အတားအဆီးတွေ နည်းလို့လာသည်။ ခရီးသွား ဗီဇာနှင့် နယ်အနှံ့ ခြေဆန့်လို့ လွယ်လှသည့် ဖြစ်ခြင်း။ ကမ္ဘာသည် ပြားပြီလို့ ကျွန်တော်တို့ ကြွေးကြော်ခဲ့ကြသည်။ မြိတ်၊ ထားဝယ်မှသည် မြစ်ကြီးနား မြစ်ဆုံ၊ တရုတ်နယ်စပ် အဆုံးအထိ ခြေဆန့် နိုင်သလို ဘန်ကောက်၊ စင်ကာပူ၊ ဗီယက်နမ်တို့ကို အလည်သွားကြမလား အလွယ်သွားလာနိုင်သည်အထိ မြေ ကမ္ဘာသည် သာသာယာယာ ရှိခဲ့သည်။ ၂၀၂၀ မတိုင်မီအထိ ဟုဆိုရမည်။

ကိုဗစ်ရဲ့ တံခါးခေါက်သံနဲ့ ၂၀၂၀ မှာ အကျဉ်းကျခဲ့တဲ့ လူ့အဖွဲ့အစည်း။
ဗိုင်းရပ်ကြောင့် ကူးစက်သော ကူးစက် မြန် ပြင်းထန် နမိုးနီးယား တစ်မျိုး ၂၀၁၉ နှစ်ကုန်ပိုင်းမှာ စပြီးဖြစ်ပွားကာ အချိန်တိုအတွင်း ကမ္ဘာ့လူ့အဖွဲ့အစည်း ကို အလျင်အမြန် ပြန့်ပွား ကူးစက်လာသည်။ ရာဂဏန်း၊ ထောင်ဂဏန်းမှသည် ဆတိုးကိန်းတွေနှင့် ကမ္ဘာသားတွေကို ကူးစက်သည်။ နယ်နိမိတ် နိုင်ငံတွေ မရွေး၊ ကမ္ဘာ့အရှေ့ခြမ်း၊ အနောက်ခြမ်းသို့ အချိန်တိုအတွင်း ကူးစက်သည်။ ပျံ့နှံ့သည်။ နို့တိုက် သတ္တဝါတွေမှာ ကူးစက်နေတတ်သော ကိုရိုနာမျိုးစိတ်ဝင် ဗိုင်းရပ်ကြောင့် ဖြစ်တာလို့ အတည်ပြု လိုက်နိုင်ကြပေမဲ့ သာမန်အားဖြင့် လူတွေကို ကူးစက်မှု မတွေ့ရသည့် မျိုးစိတ်မျိုး ဖြစ်သည့်အပြင် ရောဂါအသစ်၊ ပျံ့နှံ့မှု သွက်သွက်မို့ ရုတ်တရက် သာသာယာ ယာ ကမ္ဘာကြီး ဖျားနာသလို ဖြစ်သွားရသည်။ လူသားမျိုးနွယ်စုတစ်ခုလုံးအတွက် သက္ကရာဇ် ၂၀၂၀သည် အကျဉ်းစံ နေ့ ရက်တွေလို ဖြစ်သွားခဲ့သည်။ သေလည်း သေခဲ့ကြရသည်။

မာယာများသည့် ဗိုင်းရပ်။
RNA အခြေခံ ဗိုင်းရပ်တို့ သဘာဝအတိုင်း ကာကွယ်ဆေးတို့ ကုသဖို့ ဆေးတို့ အလွယ်ဖော်ထုတ် လို့မရ။ Genetic Mutation ဟု ဆိုရမည့်မျိုးဗီဇ အလွယ်ပြောင်းလဲနိုင်စွမ်း ရှိသည့်မျိုးစိတ် ဖြစ် သဖြင့် ရေမြေသဘာဝနှင့် အခြေအနေအပေါ် မူတည်ပြီး သူ့ ရှင်သန်ရပ်တည်မှုအတွက် မျိုးဗီဇအမျိုးမျိုး ပြောင်းလဲ သွားနိုင်သည့် စွမ်းရည်ရှိသည်က ကိုရိုနာ တဖြစ်လည်း ကိုဗစ်၁၉ ဗိုင်းရပ်၏ အားသာချက်ဖြစ်သည်။

ဗြိတိသျှမှာ အသွင်ပြောင်းဗိုင်းရပ် တွေ့သတဲ့။ စင်ကာပူ၊ အိန္ဒိယ ရောက်နေ သတဲ့၊ မြန်မာ့ဗိုင်းရပ်မျိုးစိတ်က တစ်ဘာသာတဲ့ စသော ဗိုင်းရပ်ရဲ့ မျိုးရိုးဗီဇ မျိုးစိတ်ကွဲတွေရဲ့ သတင်းနဲ့ ဖြစ်စဉ်တွေ ကြုံလာ ကြားလာဖန် များသည်နှင့်အမျှ ကာကွယ်ဆေးနဲ့ ကုသဆေးတွေ ရဖို့ သည်မှာဖက်က အားထုတ် ကြိုးစားနေချိန်မှာ တစ်ဖက်မှာ ဗိုင်းရပ်စ်က သူ့ရှင်သန်ပွားများ ပျံ့နှံ့ဖို့ရာ သူကလည်း မျိုးဗီဇ အဖန်ဖန်ပြောင်းလဲကာ အလျင်အမြန် ကူးစက်ပျံ့နှံ့သည်။ သည်နေ့အထိ အရှိန်မရပ်သေးပါ။

ရှော့ခ် ရခဲ့တဲ့ ကမ္ဘာ။
ကျန်းမာရေးစောင့်ရှောက်မှုတွေ အံ့ခမန်း တိုးတက်ပြီး လူသားမျိုးနွယ်စု အတွက် လိုအပ်သည့် အစိတ်အပိုင်းကို အစားထိုးကုသနိုင်သည့်အထိ ခေတ်ကို ဦးဆောင်လာနိုင်ပြီ လို့ ဆိုရမည့် ကမ္ဘာ့ ဆေးလောက။ ပုံတူ မျိုးပွားခြင်း Genetic Cloning စတာတွေနှင့် ဆေးပညာခေတ်ကို ပြောင်းလဲနိုင်ပြီလို့ ကြွေးကြော် လာ နိုင်သည့် ကမ္ဘာ့ဆေးပညာရပ်နဲ့ လူ့သက် တမ်းစေ့ နေနိုင်အောင် အသက်တွေကို ဆွဲဆန့် နိုင်လာပြီလို့ ဂုဏ်ယူနေကြသည့် ဆေးသိပ္ပံပညာရှင်တွေ၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့် မြင့်လှပါပြီ ဆို သည့် အနောက်နိုင်ငံတွေ အားလုံး ကိုဗစ်ရဲ့ ရိုက်ခတ်မှုအောက်မှာ ဘယ်သူကမှ အခွင့်ထူးမခံခဲ့ကြရပါ။ အလျင်အမြန် ပျံ့နှံ့လာသော ကူးစက်ရောဂါ သစ်ရဲ့ ရိုက်ခတ်မှုအောက်မှာ အလူးအလိမ့်ခံခဲ့ ကြရသည်။

ကာကွယ်ဆေး၊ ကုသဆေး မရှိသေးသည့် သည်ကပ်ဘေးမှာ တစ်ကိုယ်ရေကာ ကွယ်သည့် နည်းကသာ အထိရောက်ဆုံးဖြစ်ကြောင်း သိလာချိန်မှာ လွတ်လပ်မှုကို ခုံမင်ကြပါသည် ဆိုသည့် လူသား မျိုးနွယ်စု တစ်ရပ်လုံး ၂၀၂၀မှာ ကိုယ့်ကိုယ်ကိုယ် ရှင်သန်ရပ်တည်မှုအတွက် ကိုယ့်ဘာသာ အသွားအလာတွေ ကန့်သတ်လို့ ကိုယ့်ကိုယ်ကို အကျဉ်းကျခံကြရသည်အထိ ကိုဗစ်က ပညာပြတာ တန်းတူ ညီမျှ မျှမျှတတ ခံခဲ့ကြရသည်။

အကန့်သတ်ခံ စည်းကမ်းတွေနဲ့ ကျဉ်းကြပ်ရတဲ့ ကမ္ဘာ။
လူမှု၊ စီးပွားရေးတွေ နှောင့်နှေးသည်။ လမ်းပန်းဆက်သွယ်ရေးတွေ ကျပ်တည်းကုန်သည်။ အသက်ရှင် ရပ်တည်နေထိုင်မှု နေ့တဓူဝ ဘဝ လှုပ်ရှားမှုတွေမှာ အခက်အခဲတွေ အတားအဆီးတွေ ကြုံကြရသည်။ တစ်သက် တာမှာ ဘယ်အခါကမှ မတွေးထားခဲ့ကြဖူးတဲ့အဖြစ်တွေ လက်သင့်ခံ ကျင့်သုံး လိုက်နာ လာကြဖို့ ဖြစ်လာသည်။

ဆေးပညာရှင်တွေ ခွဲစိတ်ခန်းအဝင်မှာ လိုက်နာကြရတဲ့ လက်ဆေးတဲ့ စည်း မျဉ်းတွေ၊ ခွဲစိတ်ခန်းမှာမှ တပ်ဆင်ကြရတဲ့ ဆေးပညာရပ်ဆိုင်ရာ အကာအကွယ် ပစ္စည်းတွေဖြစ်တဲ့ မျက်နှာ အကာအကွယ် Mask တွေ၊ Face Shield တွေ တစ်ကိုယ်ရည်သုံး အကာအကွယ် ပစ္စည်း (Personal Protective Equipment) တွေကို လူသားတွေ အားလုံး နေ့တဓူဝ လူမှု ဘဝမှာ သုံးကြရ၊ စည်းမျဉ်းတွေကို လိုက်နာကြရမယ့် အခြေအနေတွေ ဖြစ်လာသည်။

ကမ္ဘာသားတွေရဲ့ မျှော်လင့်ချက် ၂၀၂၁။
၂၀၂၀သည် ကိုဗစ် ၁၉နဲ့အတူ ကမ္ဘာကို ချဉ်းခဲ့ပြီး ငံ့လင့်တသသူ ကင်းစွာ တိတ်တဆိတ် ထွက်ခွာ သွားပါတော့မည်။

အသစ်အသစ်ဖြစ်သော ၂၀၂၁ကို ကျွန်တော်တို့တွေ မရဲတရဲ တွေးမျှော်မိသည်။
ကာကွယ်ဆေးတွေ ထိုးပြီးလို့ လွတ်လွတ်လပ်လပ် ဝင့်ဝင့်ကြွားကြွား လမ်းသလားနိုင်မယ့်နေ့ရက်တွေကို ၂၀၂၁က သယ်ဆောင်လာနိုင်လေမလား၊ တွေးပေမဲ့ စိတ်ကူးနဲ့ လက်တွေ့ ဘယ်လိုမှ တစ်ထပ်တည်း မကျနိုင်သေးတာလည်း သိနေသည်။ မျိုးဗီဇ အလွယ်ပြောင်းနိုင်သည့် ဗိုင်းရပ်ကို အလွယ်နဲ့ တိုက် ထုတ်နိုင်ဖို့ မလွယ်လှသေးပါ။

သည်အခြေအနေမျိုး မရခဲ့လျှင်သော်မှ အချုပ်အခြယ်ကင်းတဲ့ ကမ္ဘာမှာ မျက်နှာဖုံးအကာအောက်က လေကို မဝတဝ ရှူကြရသည့် အဖြစ်၊ ကိုယ့် ကမ္ဘာအတွင်း လွတ်လပ်စွာ မဆိုထားနှင့် ကိုယ့်နိုင်ငံ၊ ကိုယ့် ရပ်ရွာ၊ ကိုယ့်မြို့ရွာ ကနေ တစ်နေရာကို လွတ်လွတ်လပ်လပ် သွားလာခွင့်၊ တစ်ယောက်ကို တစ်ယောက် မယုံမရဲနဲ့ သတိထားပြီး ပိုးမကူးအောင် မိတ်ပျက်ခံ ရှောင်ဖယ်နေရတဲ့အဖြစ်တွေ ကင်းလို့ အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေ အရင်လို ရှိလာမယ့် နေ့ရက်တွေကိုတော့ တစ်ဖန်ပြန်လို့ ရလို ကြုံလိုကြပါ သေးသည်။

ကမ္ဘာသည် အရင်လို တစ်ဖန် ပြန် လည်လို့ ထမြောက်ရှင်သန် ကျန်းမာလာ စေ့ချင်ပါသည်။

မင်္ဂလာ နှစ်သစ် ၂၀၂၁သည် ကျွန်တော်တို့အတွက် သည်မျှော်လင့်ချက်တွေ သယ်ဆောင်လာတန်ကောင်း ပါရဲ့ဟု တော့ဖြင့် မျှော်လင့်မိပါသည်။

ကိုရိုးဆေး