ဟောင်းနွမ်းငွေစက္ကူ ဘဏ်တွင် လဲခွင့်မရ

0
371
ဟောင်းနွမ်းငွေစက္ကူ

ဟောင်းနွမ်းငွေစက္ကူများကို ဘဏ်တွင် သွားရောက်လဲလှယ်ခဲ့သည့် ပြည်သူအချို့ ငွေလဲခွင့်မရဘဲ ထားဝယ်မြို့နှင့် မိုင်ပေါင်းများစွာဝေးသည့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ ဗဟို ဘဏ်ရုံးချုပ်နှင့် ရုံးခွဲရှိရာတွင် သွားရောက် လဲလှယ်ရန် ပြောဆိုမှုများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ဖူးသူအချို့က ဖွင့်ဟ ပြောဆိုကြသည်။

ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်တွင် နေထိုင်သည့် ဦးသိန်းလှမှာ ဇန်နဝါရီလ ၅ ရက်က မြန်မာ့စီးပွားရေးဘဏ် ထားဝယ်ခရိုင်ဘဏ်ခွဲတွင် ဟောင်းနွမ်းငွေစက္ကူ သုံးသိန်းခန့်အား သွားရောက် လဲလှယ်ခဲ့ရာတွင် အထက်ပါဖြစ်စဉ်ကဲ့သို့ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

ဟောင်းနွမ်းငွေစက္ကူ

ငွေသုံးသိန်းကျော်အား သွားရောက်လဲလှယ်ခဲ့ရာ နှစ်သိန်းရှစ်သောင်းခန့်ကိုသာလဲပေးပြီး ငါးသောင်းကျော်ကို မလဲပေးဘဲ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် သွားရောက်လဲလှယ်ရန် ဘဏ်ဝန်ထမ်းက ပြောဆိုခဲ့ကြောင်း ဦးသိန်းလှက ပြောသည်။

ထားဝယ်ဘဏ်ခွဲတွင် လဲလှယ်ခွင့် မရသည်မှာ တစ်သောင်းတန်သုံးရွက်၊ ငါးထောင်တန်လေးရွက်၊ တစ်ထောင် တန်သုံးရွက်ဖြစ်သည်။

“ဒီငွေငါးသောင်းလောက်နဲ့ (နေပြည်တော်က) ဗဟိုဘဏ်မှာ သွားလဲရမှာလား။ တာဝန်မဲ့ရာရောက်တယ်လို့ခံ စားရတယ်။ ပိုက်ဆံတွေဆုံးပြီလို့လည်း ခံစားရတယ်” ဟု ဦးသိန်းလှက ဆိုသည်။

မြန်မာ့စီးပွားရေးဘဏ် ထားဝယ် ဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးကမူ ၎င်းတို့ဘဏ်အနေဖြင့် ခြစားထားသည့် ငွေစက္ကူ၊ နံပါတ်မတူဘဲ နှစ်ပိုင်းကပ်ထားသည့်ငွေစက္ကူ၊ သုံးပိုင်းပြတ်၊ အက်ဆစ် စားထားသည့်ငွေစက္ကူတို့မှလွဲ၍ လဲလှယ်ပေးနိုင်သည့် ငွေစက္ကူများကို ပုံမှန်လဲ ပေးနေသည်ဟုဆိုသည်။

ဟောင်းနွမ်းငွေစက္ကူ

“ပုံမှန်ဆိုဗုဒ္ဓဟူးတစ်ရက်တည်းလဲ ပေးတာ၊ ဒီမှာက (ရုံးဖွင့်ရက်) နေ့စဉ်ကို လဲပေးတယ်။ အဲဒါကြောင့် ဘဏ်သုံးစွဲသူတွေနဲ့ ဘာမှ ပြဿနာမရှိဘူး။ တစ်ယောက်တလေ ပြဿနာရှိသွားတယ်ဆိုရင် သူနားလည်မပေးနိုင်တာ၊ နောက်တစ်ခု နားလည်မှုလွဲတာ ဒါပဲရှိတာ” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

ဦးသိန်းလှသည် နှစ် ၂၀ ကျော်ကြာ ငွေလဲလှယ်လုပ်ခဲ့သည့် အတွေ့အကြုံကြောင့် ဘဏ်တွင်လဲမရသည့် ငွေစက္ကူ အမျိုးအစားကို ကောင်းစွာခွဲခြားတတ်သူ တစ်ဦးဟုလည်း ဆိုသည်။

သူ့တွင်ပါလာသော လဲမရသည့်ငွေစက္ကူများမှာ တစ်ထောင်တန်သုံးရွက် ဆီစွန်းနေသည်ဟုယူဆရသည်မှ လွဲပြီး ကျန်ငွေစက္ကူတို့မှာ မျက်မြင်အားဖြင့် လဲလှယ်နိုင်သည့် ငွေစက္ကူများဟု ထင်ရသည်။

ဗဟိုဘဏ်သည် မြန်မာ့စီးပွားရေး ဘဏ်အပြင် အခြားပုဂ္ဂလိကဘဏ်များတွင်လည်း ဟောင်းနွမ်း ငွေစက္ကူများလဲနိုင်ကြောင်း ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင် လဲမပေးကြပေ။

ကျော်သူစိုး