တရားမဝင် မြန်မာရော်ဘာလှေကို ထိုင်းဖမ်းဆီး

0
167
Dawei Watch, Dawei News, Dawei News Media

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်း-ရနောင်းနယ်စပ်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က ရော်ဘာများတင်ဆောင်လာသည့် မြန်မာ ပဲ့ချိတ်သုံးစီးအား ထိုင်းတာဝန်ရှိသူတို့က ဖမ်းဆီးခဲ့ကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းရှိ ထိုင်းရေပိုင်နက်ထဲတွင်းသို့ ဝင်ရောက် လာသည့် မြန်မာပဲ့ချိတ်လှေ သုံးစီးအား ထိုင်းကမ်းခြေစောင့်စစ်ရေယာဉ်က တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ တရားမဝင် တင်ဆောင်လာသည့် ရော်ဘာသုံးတန်အား တွေ့ရှိခဲ့ကြောင်း ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

ပဲ့ချိတ်လှေပေါ်တို့ရှိ မြန်မာနိုင်ငံသားခုနှစ်ဦးတို့နှင့် ရော်ဘာများအား ရနောင်းခရိုင် အကောက်အခွန် ဦးစီးဌာန သို့လွှဲပြောင်းပြီး အရေးယူဆောင်ရွက်မှုများပြုလုပ်နေကြောင်း ဦးအောင်ကြည်မြင့် က ပြောပြသည်။

ရော်ဘာများအား ထိုင်းနိုင်ငံတွင် ဈေးကောင်းရသဖြင့် တရားမဝင်နည်း လမ်းတို့ဖြင့် တင်ပို့ရောင်းချမှုများ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တီးကူး စက်ရောဂါပိုး ဒုတိယလှိုင်းစတင်ချိန်မှ စပြီး မြန်မာ-ထိုင်းနယ်စပ်ဂိတ်များတွင် ထိုင်းဘက်မှ လုံခြုံရေး တင်းကျပ်ထားသည်။

မြင့်မိုရ်(မြိတ်)