ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ အကူအညီ၊ အကာအကွယ်ပေးရန် မြန်မာအစိုးရကို အရပ်ဘက်အဖွဲ့အစည်းများတိုက်တွန်း

0
167
Dawei Watch, Dawei News, Dawei News Media

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသောမြန်မာရွှေ့ပြောင်းအလုပ်သမားများအား လိုအပ်သည့် အကူအညီနှင့် အကာအကွယ်ပေးမှုများ အလျင်အမြန်ဆောင် ရွက်ပေးရန် မြန်မာနိုင်ငံအစိုးရကို အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်း လိုက်သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ကိုဗစ်ကပ်ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေအပေါ် အရပ်ဘက်အဖွဲ့ အစည်းများက ထုတ်ပြန်တိုက်တွန်း ချက်တစ်ရပ်ကို ဒီဇင်ဘာလ ၂၉ ရက် က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာ အစိုးရ၊ ထိုင်းအစိုးရ၊ မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ထိုင်းနိုင်ငံသားများကို တိုက်တွန်းချက်များပါဝင်သည်။

“အဓိကကတော့ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေ နေ့စဉ်နဲ့အမျှ ကိုဗစ်တွေ့နေတာရှိတယ်။ ထိုင်းလူမျိုးလုပ်ငန်းရှင်တွေက နည်းနည်း ခွဲခြားဖိနှိပ်မှုရှိသလို တခြားအစိုးရဌာန တွေနဲ့ ထိုင်းလူမျိုးတွေကလည်း မကောင်း မြင်ဘက်ကနေ ပြောဆိုမှုတွေရှိတယ်။ ဒါကြောင့်မို့ လက်ရှိဖြစ်နေတဲ့ ရွှေ့ပြောင်းလုပ်သမားတွေရဲ့ အခက်အခဲ ပြဿနာတွေကို နှစ်ဘက်နိုင်ငံအနေနဲ့ စနစ်တကျကူညီဖြေရှင်းနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်တာဖြစ်ပါတယ်” ဟု ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသည့် ဦးထူးချစ် က ပြောသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ စားဝတ်နေရေးအခက်အခဲများကို ကူညီဆောင် ရွက်ပေးသင့်ပြီး နေရပ်ပြန်လိုသူများနှင့် နယ်စပ်တွင်အချုပ်ကျနေသူများကို ပြန်လည်လက်ခံပေးသင့်ကြောင်း ဦးထူးချစ်က ဆိုသည်။

ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများအရေး ထုတ်ပြန်တိုက်တွန်း ချက်တွင် အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက စုစုပေါင်း ၇၀ နီးပါး ပါဝင်သည်။

ယင်းထုတ်ပြန်တိုက်တွန်းချက်ကို ထိုင်းနိုင်ငံမီဒီယာများသို့လည်း ဖြန့်ဝေထားပြီးဖြစ်ကြောင်း ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ဒါရိုက်တာ ဦးသန့်ဇင်က ပြောသည်။

ထိုင်းနိုင်ငံအစိုးရနှင့် ထိုင်းနိုင်ငံသားများအား မေတ္တာရပ်ခံတိုက်တွန်း ချက်များလည်း ပါဝင်သည့်အတွက် ထိုင်းဘာသာ၊ မြန်မာဘာသာ နှစ်မျိုးဖြင့် ထုတ်ပြန်ထားကြောင်း ၎င်းက ဆိုသည်။

မကြာသေးမီက ထိုင်းနိုင်ငံ စမွတ် စာခွန်ခရိုင်၊ မဟာချိုင်တွင် ဖြစ်ပေါ်ခဲ့သော ကိုဗစ်ကူးစက်မှုနှင့် စပ်လျဉ်း၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် ခွဲခြားဆက်ဆံမှုများနှင့် အပြစ်တင်ပြောဆိုမှုများ ဖြစ်ပွားလျက်ရှိခြင်းကြောင့် အလွန်စိုးရိမ်မိကြောင်း အရပ်ဘက် အဖွဲ့အစည်းများ၏ ထုတ်ပြန်တိုက်တွန်းချက်တွင် ဖော်ပြထားသည်။

လက်ရှိအခြေအနေတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံရှိ ပညာရှင်အသိုင်းအဝိုင်းများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက ဝိုင်းဝန်းကူညီ စောင့်ရှောက်မှုများကို ကျေးဇူးတင်အသိမှတ်ပြုကြောင်း ဖော်ပြထားသည်။

ဒက္ခိဏ