လုပ်သားအခက်အခဲကြောင့် ဆားထုတ်ချိန် နောက်ကျ

0
361
Dawei Watch, Dawei News, Dawei News Media

တိုင်းကျော်၊ ပြည်ကျော် ခရီးသွားလာမှု ကန့်သတ်ထားသဖြင့် လုပ်သား ခေါ်ယူရန် အခက်အခဲရှိခြင်းကြောင့် ဆားထုတ်လုပ်ချိန် တစ်လခန့် နောက်ကျမည်ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေပြည်သာ ဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောကြားသည်။

ယခင်က ဒီဇင်ဘာနောက်ဆုံး အပတ်တွင် ဆားထွက်နေပြီဖြစ်သော်လည်း ယခုနှစ်တွင် လုပ်သားအခက်အခဲကြောင့် ဇန်နဝါရီလခန့်မှသာ ဆား ထွက်နိုင်တော့မည်ဖြစ်ကြောင်း ဦးသန်းဝင်းက ပြောသည်။

“ဘယ်လိုဖြစ်လို့လဲဆိုတော့ ဒီကိုဗစ်နဲ့ အလုပ်သမားတွေက ရာသီချိန်မှာ လာလို့ မရဘူးလေ။ လာလို့ မရတော့ အစိုးရကို လျှောက်လွှာတွေ ဘာတွေတင်၊ အစိုးရက ခေါ်ခွင့်ပြုမှ လာလို့ရတယ်။ ဒီရောက်တော့လည်း တစ်ခါတည်း ဝင်လို့ မရဘူး။ ကွာရန်တင်းဝင် ၂၁ ရက်ဆိုတော့ ကွင်းလုပ်ချိန်နောက်ကျကုန်တာပေါ့” ဟု ဦးသန်းဝင်းက ဆိုသည်။

ဆားလုပ်ငန်းတွင် လုပ်ကိုင်နေသူများမှာ ဧရာဝတီတိုင်းမှ ဆားလုပ်ငန်းကျွမ်းကျင်သူများဖြစ်ပြီး ဆားလုပ်ချိန်ကုန်ပါက ဧရာဝတီတိုင်းသို့ပြန်ကာ ရွာတွင် လယ်ယာလုပ်ငန်းများ ပြန်လုပ်ကြသည်ဟု ၎င်းက ပြောသည်။

မိုးကုန်၍ ဆားလုပ်ချိန်ရောက်ပါက ထားဝယ်သို့လာပြီး ဆားလုပ်ငန်းခွင်သို့ ပြန်ဝင်ကြသည်။

ကိုဗစ်ကာလတွင် တိုင်းကျော်/ပြည် ကျော် လုပ်သားခေါ်ယူပါက ကိုဗစ်စည်း ကမ်းချက်များနှင့်အညီ ခွင့်ပြုချက်၊ ထောက်ခံချက်၊ ကျန်းမာရေးစစ်ဆေး ချက်များနှင့် လျှောက်လွှာတင်ခေါ်ယူရ မည်ဖြစ်ပြီး ကိုဗစ်ကော်မတီနှင့် တိုင်းအစိုးရ၏ ခွင့်ပြုချက်များရှိမှသာ တိုင်းအတွင်း လာရောက်နိုင်မည်ဖြစ်သည်။

တိုင်းအတွင်းသို့ လာပါက ကွာရန်တင်း ၂၁ ရက်ဝင်ရမည်ဖြစ်ပြီး ကိုဗစ် ရောဂါပိုး မရှိမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်ရမည်ဖြစ်သည်။

ယင်းသို့ ကန့်သတ်ချက်များကြောင့် အလုပ်သမားခေါ်ယူရာတွင် အခက်အခဲ ဖြစ်နေသဖြင့် ဆားကွင်းနှစ်ကွင်းတွင် တစ်ကွင်းသာ ဖွင့်နိုင်သေးသည်ဟု ဦးသန်းဝင်းက ပြောသည်။

ဆားလုပ်ငန်းတွင် တစ်ရက်လုပ်အားခမှာ အမျိုးသားတစ်ဦး ၈၀ဝ၀ ကျပ်၊ အမျိုးသမီးတစ်ဦး ၆၅၀ဝ ကျပ် အသီးသီး ရရှိကြသည်။

“ဒီကလူတွေခေါ်လိုက်။ သူတို့က မလုပ်နိုင်ဘူး ပင်ပန်းတယ်ဆိုပြီး ထွက်သွားလိုက်နဲ့ အဲ့ဒါမျိုးတွေ။ ထားဝယ်က လူတွေက မမြဲဘူး၊ ထားဝယ်ကလူတွေက တခြားအလုပ်တွေလုပ်မယ်။ ငါးလှေ လိုက်မယ်။ ယိုးဒယားသွားမယ် အဲ့လိုမျိုးပေါ့” ဟု ဦးသန်းဝင်းက ပြောသည်။

လက်ရှိတွင် ဆားကွင်းနောက်တစ် ကွင်းထပ်ဖွင့်နိုင်ရန် အလုပ်သမား ၁၀ ဦးခန့် လိုနေသေးသည်ဟု ၎င်းက ပြောသည်။

ထားဝယ်ဒေသခံများမှာ တစ်ရက် နေ့စားခ ၈၀ဝ၀ ကျပ်ဖြင့် မလုပ်နိုင်သောကြောင့် အလုပ်သမား လိုအပ်ချက်ရှိနေကြာင်း သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာမှ ဆားလုပ်ငန်းရှင် ဒေါ်မြင့်စန်းက ပြောသည်။

“နေ့စားခ ကျွန်မတို့ ၈၀ဝ၀ ပေးနေတဲ့ နေရာမှာ သူတို့ အပြင်မှာထွက်လုပ်ရင် တစ်သောင်းတွေဘာတွေရတယ်။ အဲဒီတော့ သူတို့ကိုယ်ပိုင်လုပ်ငန်းလေးတွေ ဖြစ်တဲ့ ကဏန်းရှာတာမျိုး လုပ်ရင်လည်း တစ်နေ့ နှစ်သောင်းလောက် ရတာတွေလည်း ရှိတာကိုး။ ဒီမှာ နေ့စားလုပ်ရင် အရနည်းတယ်ဆိုတော့ ကိုယ်ပိုင်အလုပ်တွေပဲ လုပ်မယ်ဆိုသလိုမျိုးပေါ့” ဟု ဒေါ်မြင့်စန်းက ဆိုသည်။

လူငယ်ပိုင်း အလုပ်သမားများကို ခေါ်ယူမရသဖြင့် အသက်ကြီးပိုင်းများဖြင့်သာ အလုပ်လုပ်နေရသည်ဟု ၎င်းက ပြောသည်။ ယခင် ရက် ၂၀ ခန့်လုပ် သည့်နေရာတွင် တစ်လခွဲခန့်လောက် အထိ အချိန်ယူကာ လုပ်နေရသဖြင့် ယခုနှစ် ဆားအထွက်နောက်ကျမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မိုးမြင့်