မုဒုံတွင် လက်နက်နှင့် မူးယစ်ဆေးဝါး တစ်သိန်းကျော် ဖမ်းမိ

0
868
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ် မုဒုံမြို့နယ် မှိန်ကနိမ်း ကျေးရွာအနီးတွင် လက်နက်ခဲယမ်းများ နှင့်အတူ မူးယစ်ဆေးဝါး တစ်သိန်းကျော် ဖမ်းဆီးရမိသည်ဟု မုဒုံမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ ညက သံဖြူဇရပ်ဘက်မှ မော်လမြိုင်ဘက် သို့ မောင်းနှင်လာသည့် 1023 တပ် ခွဲ(၃)ယာဉ် နံပါတ်ပြားတပ်ထားသည့် မော်တော်ယာဉ်နှင့် ပရိုဘောက်မော်တော်ယာဉ်တို့ကို ရပ်တန့် စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ ရပ်တန့်စစ်ဆေးရာတွင် ပရိုဘောက်ယာဉ်ပေါ်တွင် ယာဉ်မောင်း နှင့် အခြားအဖော်တစ်ဦးနှင့်အတူ WY/R စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂၆၀ဝ ပြား အလေးချိန် (၁၀၂၆၀) ဂရမ်၊ ထိုင်ဝမ်နိုင်ငံထုတ် ပစ္စတို သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည်လေးတောင့်နှင့် ဖုန်းနှစ်လုံးတို့ကို ရှာဖွေ သိမ်းဆည်းရမိသည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ထိုနောက် ၁၀၂၃ဂ တပ်ခွဲ(၃) ယာဉ်နံပါတ်ပြား တပ်ထားသည့် မော်တော်ယာဉ်ကို ဆက်လက် ရှာဖွေစစ်ဆေးရာ ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ အခြားလေးဦးနှင့် အတူ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၇၀ ပြား၊ ဂျာမနီနိုင်ငံထုတ် ပစ္စတိုအမျိုးအစား သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည်တစ်တောင့်နှင့် ခါးတွင်းပတ်ထားသည့် ပစ္စတိုကျည် ၁၂ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။

ယာဉ်အား ဆက်လက်ရှာဖွေရာ နယ်ခြားစောင့်ယူနီဖောင်း တစ်စုံ၊ တူရကီနိုင်ငံထုတ် MK12 အမျိုးအစား သေနတ် တစ်လက်၊ ကျည်အိတ် တစ်ခု၊ ကျဉ်တောင့် လေးတောင့်နှင့် ဖုန်းတစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြပါရှိသည်။

“သက်သေတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ အားလုံး ၇ ဦးကို အမှုဖွင့် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်” ဟု မုဒုံမြို့မရဲစခန်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားမဝင် လက်နက်များကိုင်ဆောင်ကာ စိတ်ကြွရူးသွပ် ဆေးပြားများကို သုံးစွဲရောင်းချ ဖြန့်ဖြူးရန်အတွက် လက် ဝယ်ထားရှိသူများကို မုဒုံမြို့မရဲစခန်းတွင် မယ(ပ)၉၇/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)၊ ၂၀(က)၊ ၂၁/၂၂(ခ)တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း မုဒုံမြို့ မရဲစခန်းထံမှ သိရသည်။