NLD ပါတီနှင့် တွေ့ဆုံရန် အသင့်ဟု မွန်ပါတီဆို

0
525
Dawei Watch, Dawei News, Dawei News Media

မွန်ညီညွတ်ရေးပါတီအနေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) နှင့် တွေ့ဆုံဆွေးနွေးသွားရန် အသင့်ပြင်ဆင်ထားသည်ဟု ပါတီပြောရေးဆိုခွင့် ရှိသူ နိုင်လယိတမက ပြောသည်။

NLD ပါတီအနေနှင့် တိုင်းရင်းသား ပါတီတို့နှင့် တွေ့ဆုံဆွေးနွေးသွားရန် အဖွဲ့ဝင် ၃ ဦးပါသည့်အဖွဲ့ ဖွဲ့စည်းထားပြီး ပထမဦးဆုံးအနေနှင့် ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံသွားမည်ဟု ပါတီခေါင်းဆောင်တို့က ဒီဇင်ဘာ ၂၉ ရက်နေ့က ထုတ်ဖော်ပြောဆိုထားသည်။

NLD ၏ တိုင်းရင်းသားပါတီတို့နှင့် တွေ့ဆုံဆွေးနွေးမည့်အပေါ် ကြိုဆိုပြီး အပြုသဘောနှင့် လက်ခံတွေ့ဆုံသွားမည်ဟု မွန်ညီညွတ်ရေးပါတီက ဆိုထားသည်။

“သူတို့ (NLD ) က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ပါတီဘက်ကလည်း အပြုသဘောနဲ့ လက်ခံတွေ့ဆုံဖို့ အသင့်ရှိပါတယ်” ဟု နိုင်လယိတမက ပြော သည်။

သို့သော်လည်း တွေ့ဆုံဆွေးနွေး ရန်ကိစ္စနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့အထိ NLD ဘက်က တရားဝင် ဆက်သွယ်အကြောင်းကြားလာခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

တွေ့ဆုံသည့်အချိန်တွင်လည်း NLD ဘက်မှ ဆွေးနွေးလာမည့် အကြောင်းအရာများအပေါ် မူတည်ပြီး ပြန်လည်ဆွေးနွေးသွားမည်ဟုလည်း ပါတီပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အကယ်၍ ဖက်ဒရယ်ကိစ္စဆွေးနွေးလာမယ်ဆိုရင်တော့ ကျွန်တော်တို့ ပါတီမှာက ဖက်ဒရယ်နဲ့သက်ဆိုင်တဲ့ ကျွန်တော်တို့ ယုံကြည်လက်ခံထားတဲ့ အခြေခံမူတွေရှိပြီးသားပဲ။ အဲဒီအပေါ် မှာပဲ ကျွန်တော်တို့က ဆွေးနွေးသွားမှာပါ။ နောက် အစိုးရဖွဲ့စည်းရေးကိစ္စဆိုရင်လည်း အနိုင်ရ ပါတီတစ်ခုအနေနဲ့ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင် ရွက်ဖို့ ဆန္ဒရှိတယ် ကမ်းလှမ်းလာမယ် ဆိုရင်တော့ ကျွန်တော်တို့က စဉ်းစားပေး ရမှာပေါ့” ဟု နိုင်လယိတမက ပြောသည်။

NLD ပါတီဘက်က နောင်အနာဂတ် မှာ တိုင်းရင်းသားလူမျိုးတို့၏ ဆန္ဒကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားပါတီများအနေနှင့်လည်း NLD က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင် ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း တိုင်း ရင်းသားပါတီအားလုံးထံ စာပေးပို့ထားသည်။

သို့သော် အနိုင်မရတိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရန် ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မွန်ညီညွတ်ရေးပါတီသည် မွန် ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူးပေါင်း ဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး မွန်အမျိုးသားကိုယ်စားပြု တစ်ခုတည်း ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၁၁ နေရာနှင့် ကရင် ပြည်နယ်တွင် ၁ နေရာ စုစုပေါင်း ၁၂ နေရာ အနိုင်ရရှိထားခဲ့သည်။

မွန်ပြည်နယ်ရှိ မဲဆန္ဒနယ် ၄၅ နေရာတွင် မွန်ညီညွတ်ရေးပါတီက ၁၁ နေရာနှင့် NLD ပါတီက ၃၄ နေရာတို့ အသီးသီး အနိုင်ရရှိထားသည်။