၂၀၂၁ တနင်္သာရီ ဟောကိန်း

0
531
Dawei Watch, Dawei News, Dawei News Media

အားမလိုအားရမှုတွေနဲ့ မျှော်လင့်ချက်မဲ့စွာ ဖြတ်သန်းခဲ့ရသည့် ၂၀၂၀ ခုနှစ် နေ့စွဲများ ကုန်ဆုံးသွားပါပြီ။

နှစ်ဟောင်းခြွေလို့ နှစ်သစ်တစ်ခု ကို ရောက်လာသည့်နည်းတူ မျှော်လင့်ချက်ရောင်ခြည်လည်း သမ်းလာသည်။ ကိုဗစ်ကူးစက်မှု လျော့နည်းလာပြီး မူလ အလုပ်များ ပြန်လုပ်ခွင့်ရမလား၊ ခရီးများ လွတ်လွတ်လပ်လပ် ပြန်သွားခွင့်များ ရလေမလားဟူသော မျှော်လင့်ချက် ဖြစ်သည်။

ကပ်ရောဂါဘေးနှင့်အတူ ယှဉ်တွဲ နေထိုင်နိုင်ပြီး ရုန်းကုန်လှုပ်ရှားရမည့် ၂၀၂၁ ခုနှစ်မှာ ရင်ခုန်ဖွယ်ရာ အတိပင်။

ယခုနှစ်တွင် တနင်္သာရီဘိုးဘိုးကြီးသည် အခြား ဘိုးဘိုးကြီးများနှင့် ယှဉ်ပြိုင် ရရှိထားသော ထိုင်ခုံပျံစီးလျက် ဘယ်လက်က ဆေးထိုးအပ်ကိုင်ပြီး ညာလက်တွင် ရေမလိုလက်ဆေးရည်ဘူးကိုင်ကာ နှာခေါင်းစည်းတပ်လျက် ဆင်းအံ့။

နိုင်ငံရေး
အမတ်မင်းများ၏ နှုတ်ချိုမှုကို ပြည်သူအပေါင်း ခံရအံ့။ အစွမ်းပြချင် သည့် အမတ်မင်းတို့ လက်သွေးနေ လတ္တံ့။ နေရာထိုင်ခုံ အတွက် အချင်းချင်း စိတ်ဝမ်းကွဲအံ့။ အထက်မျှော်ဝါဒ ပိုမိုကြီးထွားလာအံ့။ စာအိတ်မျှော်ရမည့် အချိန်ကာလကား မကြာမီကျရောက်လာ တော့မည်။

အစိုးရနှင့် လွှတ်တော် ညီအစ်ကို ရင်းပမာ ချစ်ခင်လတ္တံ့။ ဗျူရိုကရက် အပေါင်းတို့ အစိုးရသစ်၏ မျက်နှာ အရိပ်အကဲကို ကြည့်အံ့။ လူထု၏ ခွင့်လွှတ်ခြင်းမေတ္တာတရား ဆက်ကြီး မားနေမြဲအံ့။ အကျင့်ပျက် စီးပွားရေး သမားများ ထိုင်ခုံပိုင်ရှင်များထံ ပူးကပ် ခယလတ္တံ့။ ထိုင်ခုံရွှေချရန် ချဉ်းကပ်ကြအံ့။

စီးပွားရေး
ရေလုပ်ငန်းများ ကပ်ဆိုက်အံ့။ ထိုင်းထုတ်ကုန်များ ဆက်ပြီး မျက်နှာ ပန်းပွင့်အံ့။ ခရီးသွားလုပ်ငန်းရှင်များ ထိုင်ငိုနေရအံ့။ ကပ်ကြီးလေးပါးဖြစ်သည့် ဖုန်းအော်ပရေတာများ ကိုဗစ်ကပ် ဘေးကြောင့် ဆက်လက်ကြီးပွားလတ္တံ့။ မြေဈေးကွက် ဆက်လက် အေးစက်အံ့။

ဗျူရိုကရက်အရာရှိကြီးအချို့ ကား အကောင်းစား စီးရလတ္တံ့။ အစိုးရက စီးပွားရေးပို ပိုမိုအရေးစိုက် လုပ်ဆောင်သည်ကို တွေ့ရလတ္တံ့။ နိုင်ငံ့စီးပွားရေး တိုးတက်မှု ဘဲဥမျဉ်းအနီး တဝဲလည်လည် ရှိနေလတ္တံ့။ ဒေသတွင်းထုတ်ကုန်များ ဆက်ပြီးမျက်နှာငယ်အံ့။ မျက်နှာမွဲများ ပိုမွဲလတ္တံ့။

ပညာရေးဘော်ဒါပိုင်ရှင်များနှင့် ယာဉ်ပိုင်ရှင်များ မျှော်တော်ယောင် ဘဝဖြင့် အရိုးထုတ်ရအံ့။ စွန့်စားရဲသည့် ဟိုတယ်ပိုင်ရှင်များ ခုသာခံသာ ဖြစ်အံ့။

ရမလားဟု မှန်းချက်များဖြင့် မြေလုပွဲ၊ ကျွန်းလုပွဲများ ဆက်ရှိလာအံ့။ စီးပွားရေးသည်ကား ငါးပွက်ရာ ငါးစာ ချသည့် ငွေပေါ်လွယ်လုပ်ငန်းများတွင် အရင်းပိုစည်အံ့။

လူမှုရေး
နာမည်ကြီးဘုရားများ ဝင်ငွေဆက် ကျအံ့။ လူမှုရေးအရှုပ်အရှင်း ပိုများလာ လတ္တံ့။ သူငယ်ချင်းမိတ်ဆွေမျက်နှာကို ဖုန်းမျက်နှာပြင်တွင်သာ ပိုတွေ့ရအံ့။ ဖုန်းမျက်နှာပြင်ကို စိတ်အမှိုက်ပုံးအဖြစ် ပိုသုံးလာလတ္တံ့။ အကြင်လင်မယား ရန်ပွဲ ပိုများအံ့။

အလှူအတန်း နည်းအံ့။ မင်္ဂလာ ဆောင်လက်ဖွဲ့ကြေးအတွက် ထွက်ငွေ နည်းအံ့။
ကောဿလအိပ်မက်အတိုင်း အသက်ငယ်ရွယ်စွာဖြင့် အိမ်ထောင်သား မွေးမှု ပိုများအံ့။ လူငယ်များ မူးယစ်နွံ ပိုနစ်လာအံ့။

ပညာရေး
ကျောင်းများ၊ တက္ကသိုလ်များ စမ်းတဝါးဝါးဖြင့် ပြန်ဖွင့်ရန် ကြိုးစား ကြအံ့။
လူငယ်များ စမ်းတဝါးဝါးဖြင့် လမ်းပျောက်အံ့။ ကျောင်းသားမိဘများ ဗျာများရလတ္တံ့။ ကွန်ပြူတာမျက်နှာပြင်နှင့် ဖုန်းမျက်နှာပြင်များ ပညာသင် ယူရာကျောင်းတော်ကြီး ဖြစ်လတ္တံ့။ ကျောင်းတော်ကြီးများတွင် လူသူခြောက်သွေ့လိုက် စည်ကားလိုက်ဖြင့် အပြောင်းအလဲ မြန်အံ့။

အချုပ်ဆိုရသော် ကိုဗစ်အလွန်တွင် ဂရုပြု စီမံလုပ်ဆောင်အံ့သည်များကို ဝံ့ဝံ့ရဲရဲ ဆုံးဖြတ်ရန် မရှိနိုင်သေး။ အစိုးရနှင့် ပြည်သူအများစုမှာ ကိုဗစ်သင်ခန်းစာကို မေ့ကာ နေမြဲအတိုင်း နေရန်၊ လုပ်မြဲတိုင်း လုပ်ရန် ယခင်လမ်းဟောင်းအတိုင်း သွားရန်သည် ရှိသေးမည့် နှစ်ဖြစ်လတ္တံ။

ဘိုးဘိုးကြီး