လင်မယားကွာရှင်းရန်ပြောသည့် ယောက္ခမအား သားမက်က သေနတ်ဖြင့်ပစ်

0
667
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီမြို့နယ်တွင် လင်မယား ကွာရှင်းရန်ပြောသည့် ယောက္ခမအား သားမက်ဖြစ်သူက တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇဝဲကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားချင်း စကားများ နေသဖြင့် ဇနီးဖြစ်သူ၏ မိခင်မှ ဒီဇင်ဘာလ ၂၅ ရက်နေ့က ၎င်းအိမ်သို့ လာခေါ် သွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့လာခေါ်စဉ် သမီးဖြစ်သူနှင့် ၎င်းသားမက်အား ကွာရှင်းပစ်မည်ဟု ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထိုနောက် ဒီဇင်ဘာလ ၂၆ ရက် နေ့ ညနေပိုင်းတွင် ယောက္ခမဖြစ်သူက ၎င်းအိမ်အနီးရှိ အခြားနေအိမ်တွင် ထိုင်နေစဉ် အသက် ၃၁ နှစ်အရွယ်ရှိ သားမက် ဖြစ်သူက တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ သေနတ်ဖြင့်ပစ်သည့်အတွက် ယောက္ခမဖြစ်သူတွင် တူမီးသေနတ် ကျည်ထိမှန်သည့် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး အဆိုပါနေအိမ်မှ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတွင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်ဖြင့်ပစ်သည့် အမျိုးသားကို သက်ဆိုင်ရာ ဥပဒေများဖြင့် တနင်္သာရီမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။