တနင်္သာရီတိုင်း၏ ကိုဗစ်စည်းကမ်းချက်များ တင်းကျပ်မည်

0
164
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းဒေသကြီး ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် ကိုဗစ် ကာလ အမိန့်ညွှန်ကြားချက်များကို သေချာစွာ တင်းကျပ်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

အဆိုပါ စည်းကမ်းချက်များအနက် ရိုးရာနတ်ပွဲများ၊ ညမထွက်ရအမိန့် ဖောက်ဖျက်သူများနှင့် တိုင်းအတွင်း ခွင့်ပြုချက်မဲ့ ခိုးဝင်လာသူများအရေးလည်း ပါဝင်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ၁၄ ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

ကိုဗစ်နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ပိုမိုတင်းကျပ်ရန် ဆွေးနွေးခဲ့ကြောင်း အထက်ပါကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

နတ်ပွဲ လူ ၃၀ ထက်ပိုက အရေးယူမည်
နတ်တော်လအတွင်း ထားဝယ် ဒေသရှိ ရပ်ရွာများတွင် ကျင်းပလေ့ရှိ သည့် ရိုးရာနတ်ပွဲများတွင် လူ ၃၀ ဦးထက် ပိုပါက အရေးယူမည်ဟုဆိုသည်။

လက်ရှိတွင် မည်သည့်ဘာသာရေး ပွဲတော်ကိုမဆို တားမြစ်ထားခြင်းမရှိ သော်လည်း ကျန်းမာရေးဌာန၏ ညွှန်ကြားချက်ဖြစ်သည့် လူ ၃၀ ဦးထက် ပိုမိုပါက အရေးယူမည်ဖြစ်ပြီး လူ၃၀ ဦးမပိုသော်လည်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာ ကျင်းပရမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုသည်။

လက်ရှိ ကျင်းပပြီးဖြစ်သည့် ထားဝယ်မြို့ပေါ်ရှိ ကြက်စားပြင်ရပ်ကွက်နတ်ပွဲတွင် လာကြည့်သူ ရာချီရှိသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

“တကယ်လို့များ အဲဒီထဲမှာပိုးတွေ့ လူနာ တစ်ယောက်ပဲပါကြည့်၊ အဲဒီမှာ လူသုံးလေးငါးရာ စုပြီးတော့ လုပ်သွားတဲ့ကိစ္စက တနင်္သာရီတိုင်း ထားဝယ်မြို့အတွက်က လုံးဝမတွေးရဲစရာပဲ” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

ထိုကြောင့် နတ်ဆရာဖြစ်သူကို ကိုဗစ်စည်းကမ်းအတိုင်း ထိထိရောက် ရောက် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ညမထွက်ရအမိန့်
လက်ရှိတွင်ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်မှာ တည်မြဲဖြစ်သော်လည်း ယင်းအချိန်တွင် သွားလာသူများရှိနေဆဲဖြစ်ကြောင်း တိုင်း ကိုဗစ်ကော်မတီအတွင်းရေးမှူးက ဆိုသည်။

ထိုသို့ သွားလာနေသူများကို ဖမ်းဆီးထိန်းသိမ်းမှုများ ကြပ်ကြပ်မတ်မတ်ပြု လုပ်ရန် ရဲတပ်ဖွဲ့အား ညွှန်ကြားထားသည်ဟု ၎င်းက ဆိုသည်။

“ည ၁၂ နာရီကျော်ရင် ဖမ်းဆီးထိန်း သိမ်းဖို့အတွက် ကြပ်ကြပ်မတ်မတ်လုပ် ဖို့” ဟု ၎င်းက ဆိုသည်။

ကမ်းခြေစားသောက်ဆိုင်များ အဆင့်မီလျှင် ဖွင့်ခွင့်ရမည်၊ သို့သော် ကမ်းခြေ လည်ပတ်ခွင့်ကိုမူ ပိတ်ပင်ထားဆဲ
ကျန်းမာရေးဌာနနှင့် စည်ပင်သာ ယာရေးအဖွဲ့က သတ်မှတ်ထားသည့်အချက်နှင့် ကိုက်ညီသည့် စားသောက် ဆိုင်များကို ပြန်လည်ဖွင့်ခွင့်ပြုလိုက်ပြီး ဖြစ်သည်။

ယင်းဌာနတို့မှ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို A ၊ B ၊ C ဟူ၍ အဆင့်သုံးခုသတ်မှတ်ထားပြီး ကိုဗစ်ကာကွယ်ရေး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် A အဆင့်ရှိ ဆိုင်များကို ဖွင့်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

မောင်းမကန်ကမ်းခြေတွင်လည်း စားသောက်ဆိုင်များရှိနေသည့်အတွက် ယင်းဆိုင်များ A အဆင့်ရှိပါက ဖွင့်ခွင့်ပြုရမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း ကမ်းခြေများသို့ သွားရောက်လည်ပတ်ခွင့်ပိတ်ထားသည့် အမိန့်ကိုလည်း ထုတ်ပြန်ထားကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

ယင်းအမိန့် နှစ်ခုမှာ လာတိုက်ဆိုင်နေသည့်အတွက် မည်သို့ဆက်လုပ်မည် ကို အထက်ပါ အစည်းအဝေးတွင် ဆွေးနွေးကြကြောင်း ၎င်းက ပြောသည်။

“နောက်ဆုံးကတော့ ကမ်းခြေကတော့ ပိတ်ထားတယ်။ စားသောက်ဆိုင် ကတော့ A အဆင့်ရရင်ဖွင့် မတတ်နိုင်ဘူးဖွင့်။ သို့သော် A အဆင့်ရတယ်ဆိုတဲ့ဟာကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ တာဝန် ရှိတဲ့သူတွေက အတိအကျစစ်။ အတိအကျစစ်ပြီးရင် အစိုးရကို တင်ပြပြီးတော့ မှ အစိုးရရဲ့ခွင့်ပြုချက်ရမှ ဖွင့်မယ်ဆိုပြီးတော့ တိုင်းဒေသကြီးအစီအစဉ်နဲ့ ဒါလေးတစ်ခုတော့ တင်းကျပ်ထားတာ ပေါ့” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

လက်ရှိတွင် ဒီဇင်ဘာလ ၂၄ ရက် နေ့အထိ စာရင်းအရ တနင်္သာရီတိုင်းအတွင် ကိုဗစ်ပိုးကူးစက်ခံရသူ ၆၄၇ ဦးရှိပြီး ဆေးရုံတွင် ၄၈ ဦး ဆေးကုသ နေရဆဲဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနစာရင်းအရ သိရသည်။