ဥပဒေပြဋ္ဌာန်းချက်မှုများကို အစိုးရ အကောင်အထည်ဖော်မှု အားနည်းဟု မွန်လွှတ်တော်ဥက္ကဋ္ဌဆို

0
225
Dawei Watch, Dawei News, Dawei News Media

NLD အစိုးရ ငါးနှစ်သက်တမ်းနီးပါးအတွင်း မွန်ပြည်နယ်လွှတ်တော်က ပြဌာန်းလိုက်သည့် ဥပဒေအပေါ် အစိုးရဘက်က အကောင်အထည်ဖော်မှု အားနည်းသည်ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

လွှတ်တော်အနေနှင့် ငါးနှစ်သက်တမ်းအတွင်း ပြဋ္ဌာန်းခဲ့သည့် ဥပဒေများအပေါ် အခက်အခဲ အဟန့်အတားမရှိခဲ့သော်လည်း ဥပဒေများကို အကောင်အထည်ဖော်ရသည့် အစိုးရဘက်က အားနည်းမှုရှိခဲ့သည်ဟုလည်း လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

“ဥပဒေပြဋ္ဌာန်းပြီးတော့ ဥပဒေကို အကောင်အထည်ဖော်ပေးမယ့် အစိုးရ ဘက်က၊ အုပ်ချုပ်ရေးဘက်က ဆောင်ရွက်ချက်က ကျွန်မတို့ သိပ်အားမလို အားမရဖြစ်တာပေါ့နော်” ဟု ဒေါ်တင်အိ က ပြောသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ငါးနှစ်နီးပါးသက်တမ်းအတွင်း ပြင်ဆင်ဖြည့်စွက်ခဲ့သည့် ဥပဒေများအပါအဝင် အသစ်ပြဋ္ဌာန်းခဲ့သည့် ဥပဒေ စုစုပေါင်း ၃၀ နီးပါးရှိသည်ဟု မွန်ပြည်နယ်လွှတ်တော်ထံမှ သိရသည်။

အဆိုပါ ပြဋ္ဌာန်းခဲ့သည့် ဥပဒေများအနက်မှ အကောင်အထည်ဖော်ပေးရန် လွှတ်တော်က အကြိမ်ကြိမ် ဆွေးနွေးခဲ့သည့် စည်ပင်သာယာရေးဥပဒေကိုမူ အစိုးရသက်တမ်းကုန်ခါနီးအချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပေ။

“စည်ပင်ဥပဒေကတော့ အကောင်အထည်ဖော်မှု အားနည်းတယ်။ ကျန်တာတွေကတော့ တက်နိုင်သလောင် အကောင်အထည်ဖော်နေတာ တွေ့ရတယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြော သည်။

မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေကို ၂၀၁၇ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး စည်ပင်ဥပဒေအရ စည်ပင်သာယာရေးကော်မတီများကို ရွေးချယ်ဖွဲ့ စည်းပေးရမည်ဖြစ်သည်။

အစိုးရအနေနှင့် စည်ပင်သာယာ ရေးဥပဒေကို အကောင်အထည်မဖော်နိုင်ခြင်းမှာ ငွေကြေးအခက်အခဲကြောင့်နှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်နေရခြင်းကြောင့်ဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောခဲ့သည်။

အစိုးရအနေနှင့် လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေများကို မဖြစ်မနေ အကောင်အထည်ဖော်ပေးရမည့် တာဝန်ရှိသည်ဟု အရပ်ဘက်လူမှုအဖွဲ့ အစည်းတို့က ပြောသည်။

“လွှတ်တော်က ဥပဒေတွေကို ပြဋ္ဌာန်းပေးတယ်။ ပြဋ္ဌာန်းပေးလိုက်တဲ့ ဥပဒေတွေကို အသုံးမပြုဘူးဆိုရင် ရှင်း ရှင်းပြောရရင်တော့ တစ်ယောက်နဲ့တစ်ယောက် Check and Balance လုပ်တဲ့ဟာက ပျက်ယွင်းတာပေါ့” ဟု မွန်ပြည်နယ် လူထုဆုံရပ်မှ ဦးမောင်မောင်ဇော်ထွန်း က ပြောသည်။

ဒုတိယအကြိမ်သက်တမ်း မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလကစတင်ခဲ့ပြီး သြဂုတ်လက ကျင်းပခဲ့သည့် အစည်းအဝေးအထိ ပုံမှန်အစည်းအဝေး ၁၇ ကြိမ်၊ အရေးပေါ်အစည်းအဝေး တစ်ကြိမ်နှင့် အထူးအစည်းအဝေး နှစ်ကြိမ် ကျင်းပခဲ့ပြီးဖြစ် သည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ နောက်ဆုံးအကြိမ် ပုံမှန်အစည်း အဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ တတိယအပတ်အတွင်း ကျင်းပသွားရန် လျာထားသည်။