မြိတ်ခရိုင်အတွင်း နေရာနှစ်ခုတွင် လျှပ်စစ်ထုတ်ရေး ဖြစ်နိုင်ခြေရှိ/မရှိ လေ့လာရန် ကုမ္ပဏီနှင့် အစိုးရ လက်မှတ်ထိုး

0
158
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင်အတွင်းရှိ နေရာနှစ်ခုတွင် လျှပ်စစ်ထုတ်လုပ်ရေး ဖြစ်နိုင်နိုင် ခြေရှိ/ မရှိကို အကြိုစူးစမ်းလေ့လာရန် တိုင်းအစိုးရအဖွဲ့နှင့် Southern Power Grid ကုမ္ပဏီတို့ နားလည်မှုလက်မှတ် (MoU) ထိုးခဲ့ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က ပြောသည်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ အကြို စူးစမ်းလေ့လာသည့် နားလည်မှု မှတ်တမ်း (MoU) ကို ဒီဇင်ဘာလ ၂၁ ရက် နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ပလောက်ချောင်းအတွင်း ရေအားဖြင့်လည်းကောင်း၊ တနင်္သာရီမြို့နယ်အတွင်း နေရောင်ခြည်စွမ်းအင်(ဆိုလာ) နှင့် ဇီဝလောင်စာဖြင့် လည်းကောင်း လျှပ်စစ်ထုတ်ရန် ဖြစ်နိုင်ခြေရှိ/ မရှိကို အကြိုစူးစမ်းလေ့လာမည်ဖြစ်ကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။

အဆိုပါ ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများအား သုံးလတစ်ကြိမ်အစီရင်ခံတင်ပြရမည်ဖြစ်ကြောင်း တိုင်းအစိုးရထံမှ သိရသည်။

Southern Power Grid ကုမ္ပဏီသည် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်ပြီး ရန်ကုန်မြို့တွင် အခြေစိုက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

NLD အစိုးရလက်ထက် (ယခုနှစ် သြဂုတ်လ) အထိ ထားဝယ်ခရိုင်အတွင်း လုပ်ငန်း ကိုးခု၊ မြိတ်ခရိုင်အတွင်း ငါးခုနှင့် ကော့သောင်းခရိုင်အတွင်း လုပ်ငန်း သုံးခုကို အကြိုစူးစမ်းလေ့လာရန် လက်မှတ်ထိုးထားသည်။

သို့သော် MoU ထိုးပြီးသည့် ကုမ္ပဏီအများစုက လုပ်ငန်းအကောင်အထည်ဖော်မည့်အဆင့်အထိ လုပ်ဆောင်လာ ခြင်းမရှိကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။