မီးပုံးပျံဦးကျော်ရင်အကြောင်း တူးဆွကြည့်ခြင်း

0
413

မြန်မာနိုင်ငံရဲ့ ပထမဆုံး လေသူရဲလို့ တင်စားခေါ်ဆိုကြတဲ့ မီးပုံးပျံ ဦးကျော်ရင်အထိမ်းအမှတ်အနေနဲ့ သူ့ရဲ့ ဇာတိရွာမှာ မီးပုံပျံတစ်လုံး လွှတ်တင်ခဲ့တဲ့အကြောင်း သတင်အတိုလေး တစ်ပုဒ်ကို Dawei Watch သတင်းဌာန Facebook မှာ နိုဝင်ဘာ ၂၉ ရက်က ဖော်ပြခဲ့ပါတယ်။

အတော်များများက အဲဒီသတင်း တိုလေးကို စိတ်ဝင်တစားရှိ ကြတာကိုလည်း သတိပြုမိခဲ့ပါတယ်။ အဲဒါကြောင့် ဦးကျော်ရင်နဲ့ပတ်သက်ပြီး တစ်ခုခုရေးဖို့ စိတ်ကူးမိခဲ့ပါတယ်။

အားလုံးသိပြီးသားဖြစ်တဲ့ ဦးကျော်ရင် အကြောင်းကတော့ ဒီနေရာမှာ ထွေထွေ ထူးထူးရေးဖို့မရှိပါဘူး။ စာရေးဆရာ တွေကလည်း ရှုထောင့်ပေါင်းစုံကနေ ဦးကျော်ရင်အကြောင်းကို ရေးသားထား ပြီးသားဖြစ်ပါတယ်။

အခုကတော့ ဦးကျော်ရင်မွေးရပ်က ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ သူတို့ရဲ့ လက်ရှိလုပ်ဆောင်ချက်တွေနဲ့ သူ့ဆွေမျိုးတွေအကြောင်း လေ့လာ စေ့ငုမိသမျှ ဖော်ပြမှာဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ဦးကျော်ရင်ဟာ ဦးရွှေဘွား၊ ဒေါ်မန်းရယ် မိဘ နှစ်ပါးကနေ လောင်းလုံးမြို့နယ်၊ ပန်းဒလဲ ကျေးရွာမှာ ၁၈၇၃ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

သူဟာ ထားဝယ်မြို့၊ အမှတ် ၁ အထက်တန်းကျောင်းမှာ ပုံဆွဲဆရာ အနေနဲ့ လုပ်ကိုင်းရင်း မီးပုံးပျံကို ကြံစည်ပြုလုပ်ပြီးတော့ သူကိုယ်တိုင် စီးပြခဲ့ပါတယ်။ ၁၉၂၉ ခုနှစ်ကနေ ၁၉၃၉ ခုနှစ်အထိ မြန်မာပြည်တဝှမ်း မီးပုံးပျံ ငါးလုံးနဲ့ ၅၅ ကြိမ်မျှ စီးပြခဲ့ပြီး ၁၉၃၉ ခုနှစ်၊ ဧပြီလမှာ ကွယ်လွန်ခဲ့ပါတယ်။

ဦးကျော်ရင် မွေးရပ်ဖြစ်တဲ့ ပန်းဒလဲ ရွာသားတွေက ဦးကျော်ရင်ပုံစံရုပ်တု တစ်ခုကို သူတို့ရွာမှာ ထုလုပ်ဖို့ လိုလား နေကြပါတယ်။ လွှတ်တော်ကိုယ်စား လှယ်ကနေတစ်ဆင့်လည်း အစိုးရကို ရုပ်တုထုဖို့ကိစ္စအကူအညီတောင်းခံထားတယ်လို့လည်း ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးဇော်မင်းက ပြောပါတယ်။

ပန်းဒလဲရွာသားတွေဟာ ဦးကျော်ရင် နဲ့ပတ်သက်ပြီး တက်တက်ကြွကြွရှိကြတာကိုတွေ့ရပါတယ်။ ဦးကျော်ရင် အထိမ်းအမှတ် မီးပုံးပျံလွှတ်တာတွေကို ပန်းဒလဲရွာမှာ အခုနောက်ပိုင်းနှစ်တွေမှာ ခပ်စိပ်စိပ်လုပ်လာကြပါတယ်။ နိုဝင်ဘာ လ ၂၉ ရက်က အမြင့် ၂၄ ပေ၊ လုံးပတ် ပေ ၈၀ အရွယ် မီးပုံးပျံတစ်လုံး လွှတ်တင် ခဲ့ပါသေးတယ်။

အဲဒီမီးပုံးပျံမှာ ဦးကျော်ရင်ပုံစံပန်း ချီရေးဆွဲထားပြီးတော့ ဦးကျော်ရင် မီးပုံပျံစီးနေတဲ့ ပုံစံရုပ်တုတစ်ခုကိုပါ ထည့်သွင်း လွှတ်တင်ခဲ့တာပါ။ အဲဒီလို လွှတ်တင်တာကို နှစ်တိုင်း တန်ဆောင် မုန်းလပြည့်ညမှာ လုပ်ဆောင်သွားနိုင်ဖို့ကိုလည်း သူတို့ စီစဉ်နေကြပါတယ်။

ရုပ်တုဖြစ်မြောက်ဖို့အတွက် ဌာနဆိုင်ရာတွေနဲ့ မြေနေရာကိစ္စညှိနှိုင်းတာ တွေ၊ ဦးကျော်ရင်နဲ့ ဆွေးမျိုးတော်စပ် သူတွေနဲ့ တိုင်ပင်လုပ်ဆောင်တာတွေ လုပ်နေကြပါတယ်။ ပန်းဒလဲကျေးရွာ အုပ်စု မြောင်းပေါက်ရွာက မြေနေရာမှာ ရုပ်တုထားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အစိုးရဘက်ကတော့ ရုပ်တုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ အကြောင်းပြန် လာတာမရှိသေးပါဘူး။

နောက်ပြီးတော့ ပန်းဒလဲရွာ စာသင်ကျောင်းအလွန် ကားလမ်းမကနေ ဈေးထဲကိုသွားတဲ့လမ်းသွယ်ကိုလည်း ဦးကျော်ရင်လမ်းလို့ အမည်ပေးဖို့ စီစဉ် နေကြတာလည်းရှိပါတယ်။ ဦးကျော်ရင် ငယ်စဉ်က အဲဒီလမ်းမှာနေခဲ့တာလို့လည်း သိရပါတယ်။

ပန်းဒလဲရွာမှာ ဦးကျော်ရင်ရဲ့ ဆွေမျိုးတော်စပ်တဲ့သူတွေတော်တော်များ များရှိနေပါသေးတယ်။ အဲဒီအထဲက ဦးကျော်ရင်ရဲ့ဆွေမျိုး နှစ်ဦးဖြစ်တဲ့ ဒေါ်နှင်းနွယ်နဲ့ ဒေါ်တင်ဝင်းတို့ကို မေးမြန်းဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက် စလုံးရဲ့ ဖခင်တွေဟာ ဦးကျော်ရင်စီးမယ့် မီးပုံးပျံကို ဝိုင်းကူချုပ်လုပ်ပေးခဲ့ရဖူးတဲ့ သူတွေလို့ ဆိုကြပါတယ်။

ဒေါ်နှင်းနွယ်ရဲ့အိမ်မှာ ဦးကျော်ရင် မီးပုံးပျံချုပ်ရင် အသုံးပြုတဲ့ အပ်ချုပ် စက်တစ်လုံး အခုထိသိမ်းထားတယ်လို့ ဆိုပါတယ်။ ဒေါ်တင်ဝင်းအိမ်မှာတော့ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ တစ်ခုတွေ့ရပါတယ်။

အဲဒီသတင်းစာမှာ “ကမ္ဘာတွင် ထင်ရှား မြန်မာအားကစား” ဆိုတဲ့ခေါင်း စဉ်နဲ ၂၉၂၉ ခုနှစ် ဧပြီလ ၁၇ ရက်က ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှာ ဦးကျော်ရင် မီးပုံးပျံစီးပြခဲ့တဲ့ မြင်ကွင်းကို ရေးသားထားပါတယ်။

အဲဒီသတင်းစာရဲ့ ဖော်ပြချက်အရဆိုရင် မီးပုံးပျံစီးခဲ့တာဟာ ဦးကျော်ရင် တစ်ယောက်တည်း သာမကဘဲ သူရဲ့ သားဖြစ်သူ ဦးကျော်လင်းလည်း မီးပုံ ပျံစီးပြခဲ့ဖူးတယ် ဆိုတာကို သိခဲ့ရပါတယ်။ ဦးကျော်လင်းဟာ ပဲခူးတိုင်း နတ်တလင်းမြို့က တန်ဆောင်တိုင်ပွဲတော်မှာ မီးပုံးပျံစီးပြခဲ့တယ်လို့ ရေးသား ထားပါတယ်။

ဦးကျော်ရင်မှာ သားသမီး ၁၀ ဦးနဲ့ မြေးတွေကတော့ ၄၀ လောက်ရှိတယ်လို့ ဦးကျော်ရင်ရဲ့ မြေးတော်စပ်သူ ဦးဌေးလွင်ကျော်က ပြောပါတယ်။ ဦးဌေးလွင်ကျော်ကတော့ ထားဝယ်မြို့ အနောက်မြို့ တွင်းရပ်ကွက် ဦးကျော်ရင်လမ်းထဲက ဦးကျော်ရင်ရဲ့ နေအိမ်မှာပဲ မောင်နှမတွေဖြစ်တဲ့ ဒေါ်အေးအေးချစ်၊ ဒေါ်အေးအေးစိန်တို့နဲ့အတူ နေထိုင်ပါတယ်။

သူတို့မောင်နှမသုံးယောက်ဟာ အဖိုးဖြစ်သူ ဦးကျော်ရင်ရဲ့အမွေ တိုင်းရင်းဆေးထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းနဲ့ အသက်မွေးနေထိုင်နေကြတာဖြစ်ပါတယ်။ ဦးကျော်ရင်ရဲ့ တိုင်းရင်းဆေး ညွှန်းတွေကိုလည်း မှတ်တမ်းတင်ထား တယ်လို့ဆိုပါတယ်။

အဲဒီတိုင်းရင်းဆေးတွေကို ဦးကျော်ရင် အသက် ၃၀ ဝန်းကျင်အရွယ် အိမ်ထောင် ကျပြီးနောက်မှာ ဖော်စပ်ခဲ့တာလို့ ဆိုပါတယ်။ ဦးကျော်ရင်က ၁၈၇၃ မှာ မွေးတာ ဆိုတော့ အဲဒီဆေးတွေကို ၁၉၀၃ ခုနှစ်လောက်မှာ ဖော်စပ်ခဲ့တယ်လို့ ခန့်မှန်းရပါမယ်။ အဲဒါဆိုရင် ဦးကျော်ရင်ရဲ့ တိုင်းရင်းဆေးတွေဟာ သက်တမ်းအားဖြင့် နှစ်တစ်ရာကျော်နေပါပြီ။

အဲဒီတိုင်းရင်းဆေးထဲက အချို့ကိုတော့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန(FDA) မှာ မှတ်ပုံတင်ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။

အခုလက်ရှိမှာတော့ ဦးကျော်ရင်ရဲ့ မွေးရပ်ဇာတိက ရွာသားတွေ၊ ဆွေမျိုးတွေက ဦးကျော်ရင်ရဲ့ ရုပ်တုနဲ့ လမ်းဖြစ်လာဖို့ ကြိုးစားနေကြပြီးတော့ ထားဝယ်မှာရှိတဲ့ ဦးကျော်ရင်ရဲ့ မြေးတွေကတော့ သူ့ရဲ့ဆေးဝါးတွေကို သာစဉ်မြေးဆက် ထိန်းသိမ်းသွားနိုင်ဖို့ လုပ်ဆောင်နေပါကြောင်း လေ့လာစေ့ငုမိသမျှကို ထုတ်နုတ်ဖော်ပြပေးလိုက်ပါတယ်။

ကျော်သူစိုး