ဆောင်းသီးနှံအတွက် ကျပ်သန်း ၁၀ဝ ကျော် ထုတ်ချေးရန်လျာထား

0
235
စိုက်ပျိုးရေးအလုပ်သမားတစ်ဦး

တနင်္သာရီတိုင်းတွင် နွေစပါးနှင့် ဆောင်းရာသီ သီးနှံထုတ်လုပ်မှုအတွက် ကျပ်သန်းတစ်ရာကျော်(၁၁၆ ဒသမ ဝ၅)သန်း ထုတ်ချေးရန်လျာထားကြောင်း တိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲထံမှ သိရသည်။

နိုဝင်ဘာလမှ ဇန်နဝါရီလကုန်အထိ ဆောင်းသီးနှံချေးငွေထုတ်ချေးမည်ဖြစ်ပြီး လက်ရှိတွင် နွေစပါးအတွက် ကျပ် ၄၄ ဒသမ ၈၅ သန်းထုတ်ချေးထား ပြီးဖြစ်သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် တိုင်းဒေသကြီးဘဏ်ခွဲ တိုင်းမန်နေဂျာ ဒေါ်မိုးမိုးလွင်က ပြောသည်။

“အခုကတော့ ထုတ်ချေးဆဲပဲပေါ့နော်” ဟု ၎င်းက ပြောသည်။

စိုက်ပျိုးရေးအလုပ်သမားတစ်ဦး

နွေစပါးနှင့် ဆောင်းသီးနှံကို ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလောမြို့နယ်များတွင် ထုတ်ချေးရန်လျာထားပြီး နွေစပါး ၆၀၉ ဧက၊ နှမ်း ၉ ဧကနှင့် မတ်ပဲ ၂၃၈ ဧက၊ စုစုပေါင်း ၈၅၆ ဧက ထုတ်ချေးမည်ဖြစ်သည်ဟု အထက်ပါဘဏ်ခွဲ၏ စာရင်းများအရ သိရသည်။

နွေစပါးကို တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲထုတ်ချေးပေးပြီး ဆောင်းရာသီတွင်စိုက်သည့် အခြားသီးနှံကို တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးသည်ဟု ဒေါ်မိုးမိုးလွင်က ပြောသည်။

ဆောင်းသီးနှံချေးရန် လယ်ယာ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)မူရင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် အပေါင်ထားရမည်ဖြစ်ပြီး မိုးစပါးချေးငွေ ချေးထားသူဖြစ်ပါက ပုံစံ(၇) မူရင်း ထပ်ပေးစရာမလိုဘဲ ဆောင်းသီးနှံချေးငွေကို ထုတ်ချေးနိုင်မည်ဖြစ်သည်။

စိုက်ပျိုးရေးအလုပ်သမားတစ်ဦး
စိုက်ပျိုးရေးအလုပ်သမားတစ်ဦး

တနင်္သာရီတိုင်းတွင် နွေစပါးနှင့် ဆောင်းသီးနှံစိုက်သူနည်းပါးသဖြင့် နှစ်စဉ် ကျပ်သန်း ၁၀ဝ ကျော်ခန့်သာ ထုတ်ချေးရသည်ဟု ၎င်းက ပြောသည်။

ဆောင်းသီးနှံချေးငွေ အတိုးနှုန်းထားမှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ၈ ရာခိုင်နှုန်းဖြစ်ပြီး မေလ ၁ ရက်နေ့မှ စတင်ကာ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးနေသည်။

မိုးမြင့်