အဂတိတိုင်စာ ၂၀ ကျော် တိုင်းအစိုးရထံ ပြန်လွှဲ

0
203
Dawei Watch, Dawei News, Dawei News Media

ယခုနှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တိုင်းအစိုးရထံ ပြန်လွှဲသည့် တိုင်ကြားစာ ၂၅ စောင်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

အဂတိကော်မရှင်မှ ပြန်လွှဲသည့် တိုင်ကြားစာများအနက် အစိုးရက ထောက်ပံ့သည့် ကိုဗစ် ထောက်ပံ့ကြေး နှစ်သောင်းကျပ်မရသည့်ကိစ္စနှင့် ပတ်သက်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို တိုင်ကြားမှုမှာ အများဆုံးဖြစ်ပြီး တိုင်ကြားစာ ၁၁ စောင်ရှိကြောင်း ဦးမြင့်မောင်က ပြောသည်။

ကျန်သည့်တိုင်ကြားစာများမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန နှစ်စောင်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဌာနကို ရှစ်စောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို တစ်စောင်၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို တစ်စောင်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကို တစ်စောင် ဖြစ်သည်။

လက်ရှိအချိန်ထိ အဂတိကော်မရှင် (ACC) မှ တိုင်းအစိုးရထံ ပြန်လွှဲသည့် တိုင်ကြားစာများအနက် ၁၄ စောင်ကို စိစစ်ပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆို သည်။

ယင်းသို့ တိုင်းအစိုးရက စိစစ်ပြီး ပြန်တင်ပြသည့်အပေါ်တွင် အဂတိကော်မရှင်က အရေးယူမည့်အနေအထားဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၂၀ ခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လအတွင်း တနင်္သာရီ တိုင်းအတွင်းမှ တိုင်ကြားစာ ၁၁၆ စောင်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်နှစ်ကမူ တစ်နှစ်တာကာလအတွင်း တနင်္သာရီတိုင်းမှ တိုင်ကြားစာ ၁၆၀ ပေးပို့ခဲ့ပြီး တိုင်းအစိုးရထံ ၁၁ စောင် ပြန်လွှဲပေးခဲ့သည်။

ပေးပို့လာသည့် တိုင်ကြားစာအားလုံးကို ACC အနေဖြင့် သေချာစိစစ်ပြီး တိုင်ကြားသည့် အကြောင်းအရာမှာ အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေနှင့် ငြိစွန်းပါက စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ခြင်း၊ စစ်ဆေးခြင်းနှင့် တရားစွဲဆို အရေးယူ ခြင်းများ လုပ်ဆောင်နေကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောဆိုထားသည်။

ပြည်သူများပေးပို့လာသည့် တိုင်ကြားစာမှာ အဂတိဥပဒေနှင့် ငြိစွန်းခြင်း မရှိသော်လည်း ကာယကံရှင်ဘက်က နစ်နာနေသည့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များ၊ မြေယာကိစ္စများကိုမူ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရထံ ပြန်လည် လွှဲပြောင်းပေးနေသည်။

ဥပမာအားဖြင့် ယခုနှစ်အတွင်း ထားဝယ်မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ကို တိုင်ကြားခဲ့သည့် ဖြစ်စဉ်အား တိုင်းအစိုးရထံ ပြန်လွှဲပေးခဲ့သည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်သည် အဂတိလိုက်စားသည့်အတွက် NLDအစိုးရလက်ထက်တွင် ဝန်ကြီးချုပ် တစ်ယောက်အား ပထမဆုံးနှစ်ရှည်ထောင်ဒဏ်ချ မှတ်ခံရသူအဖြစ် မှတ်တမ်းဝင်ထားသည်။