NLD ဝန်းရံသူတစ်ဦး အောင်ပွဲခံနေစဉ် အရိုက်ခံရ

0
452
Dawei Watch, Dawei News, Dawei News Media

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဝန်းရံ သူတစ်ဦး အောင်ပွဲခံနေစဉ် အရိုက်ခံရသည့် ဖြစ်စဉ်တစ်ခု ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာ တွင် ဖြစ်ပွားခဲ့သည်။

အထွေထွေရွေးကောက်ပွဲအပြီး နောက်တစ်နေ့ နိုဝင်ဘာလ ၉ ရက် ည ၈ နာရီအချိန်ခန့်တွင် စမ်းလှမ်းရွာမှ NLD ပါတီဝန်ရံသူများက အောင်ပွဲခံနေစဉ် ကြံ့ခိုင်ရေးပါတီဝန်းရံသူက တုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်း က ပြောသည်။

လောင်းလုံး၊ ကမြောကင်းမဲရုံအမှတ်(၁) ကြိုတင်မဲ NLD အနိုင်ရ

အရိုက်ခံရသူမှာ အသက် ၂၀ ဝန်း ကျင်အရွယ်ဖြစ်ပြီး ရိုက်သူမှာ အသက် ၁၈ နှစ်ဝန်းကျင်အရွယ် လူငယ်ဖြစ်ကြောင်း ဦးမျိုးသိန်းက ပြောသည်။

အရိုက်ခံရသူသည် စမ်းလှမ်းရွာထိပ်မှ လက်ခတ်တောင်ပေါ်သို့ ပစ္စည်းပို့ သွားရန်အလာ လမ်းတွင် အောင်ပွဲခံနေသည်ကိုတွေ့သဖြင့် လမ်းကြောင်းဝင် ရှင်းပေးနေစဉ် အရိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“တကယ်က ရိုက်ဖို့ဝင်လာတာ တစ်ခြားတစ်ယောက်ကို။ အဲဒါကို သူ(အရိုက်ခံရသူ) ကတားလိုက်တာဆိုတော့ သူရိုက်ခံလိုက်ရတာပေါ့” ဟု အုပ်ချုပ်ရေးမှူးက ဆိုသည်။

ယင်းသို့ တုတ်ဖြင့်ရိုက်နှက်မှုကြောင့် ဦးခေါင်းနှင့် ပုခုံးတို့တွင် ဒဏ်ရာရရှိခဲ့ပြီး လောင်းလုံးဆေးရုံသို့တင်ပို့ခဲ့ ရသည်။ ဆေးရုံတွင် ဆေးကုသမှုခံပြီး လက်ရှိတွင် စမ်းလှမ်းကျေးရွာသို့ ပြန်ရောက်နေပြီဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး အရိုက်ခံရသည့်လူငယ်ဘက်က တရားစွဲရန် ပြင်ဆင်နေသည်ဟု ကြားသိရကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။

အောင်ပွဲခံနေစဉ် ဝင်ရိုက်သည့် လူငယ်သည် ရွေးကောက်ပွဲကျင်းပသည့် နေ့ကလည်း မဲရုံအနီးဝန်းကျင်တွင် ခိုက်ရန်ဖြစ်ပွားမှုတစ်ခုဖြစ်ခဲ့သေးကြောင်း အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းက ပြောသည်။

ကျော်သူစိုး