တစ်ယူနစ်ဘယ်လောက်မှန်း မသိဘဲ လျှပ်စစ်သုံးနေရ

0
276

ထားဝယ်ခရိုင်အတွင်း ပြီးခဲ့သည့် အောက်တိုဘာလနှင့် ယခုလအတွင်း သုံးစွဲနေသည့် လျှပ်စစ်တစ်ယူနစ်ဈေးနှုန်း မည်မျှကျသင့်သည်ကို မီးသုံးသူများ သိခွင့် မရသေးပေ။

Petro & Trans ကုမ္ပဏီ လုပ်ကိုင်ခွင့်ရချိန်မှ သြဂုတ်လအထိ လျှပ်စစ်တစ် ယူနစ်လျှင် ၂၃၈ ကျပ် ဈေးနှုန်းဖြင့် ကောက်ခံနေရာမှ စက်တင်ဘာလတွင် ၂၁၉ ကျပ်သို့ လျှော့ချကောက်ခံခဲ့သည်။

ထိုဈေးနှုန်းမှာ ကုမ္ပဏီအတွက် နစ်နာနေသည်ဟုဆိုကာ တိုင်းအစိုးရထံ တင်ပြခဲ့သည်။

သို့သော် ယင်းနောက်တွင် ဈေးနှုန်းကို မည်မျှသတ်မှတ်မည်ဆိုသည်ကို ယခုအချိန်အထိ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်မည့် သဘာဝဓာတ်ငွေ့ကို MOGE (မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)ထံမှ ဝယ်ယူနေရပြီး အဆိုပါ သဘာဝဓာတ် ငွေ့ဖိုးကို အမေရိကန်ဒေါ်လာနှင့်ဝယ် ယူရန်သတ်မှတ်ထားသော်လည်း မြန်မာ ကျပ်ငွေဖြင့်သာ ပေးသွင်းရသည်။

သဘာဝဓာတ်ငွေ့ဖိုး ပေးသွင်းရသည့် ဒေါ်လာငွေလဲလှယ်နှုန်းကို ရသုံး မှန်းခြေငွေစာရင်းက ခြောက်လတစ်ကြိမ် သတ်မှတ်ပေးပြီး ယင်းငွေလဲနှုန်းထား အတိုင်းသာ ပေးသွင်းရသည်။

ယခုဘဏ္ဍာနှစ် ပထမခြောက်လဖြစ်သည့် အောက်တိုဘာလမှ မတ်လအထိ ဒေါ်လာငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁၃၃၀ ကျပ် သတ်မှတ်ထားကြောင်း တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနထံမှ သိရသည်။

ထိုကြောင့် အမေရိကန်တစ်ဒေါ် လာလျှင် မြန်မာငွေ ၁၅၃၅ ကျပ်သတ်မှတ်ခဲ့သည့် ယခင်ဘဏ္ဍာနှစ် ငွေလဲလှယ်နှုန်းထားထက် အမေရိကန် တစ် ဒေါ်လာလျှင် ၂၀၅ ကျပ် လျော့နည်းသွားခဲ့ရာ တစ်ယူနစ်လျှင် ၂၃၈ ကျပ်ထက် လျော့နည်းပြီး စက်တင်ဘာလဈေးနှုန်းဖြစ်သည့် ၂၁၉ ကျပ်ထက်များမည့် ဈေးနှုန်းတစ်ခုကို တိုင်းအစိုးရထံ တင်ပြထားကြောင်း ကုမ္ပဏီအထွေထွေမန်နေဂျာ ဦးတင်ထွန်းဦးက ပြောဆိုထားသည်။

ကုမ္ပဏီ၏ လျှပ်စစ်ဈေးနှုန်းတင်ပြ ချက်အပေါ် လျှပ်စစ်ဌာနကို စိစစ်ခိုင်းထားကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

“ကုမ္ပဏီက တင်ပြထားတဲ့ဟာနဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ညီ/မညီ တင်ဒါ လုပ်ထားတဲ့ဟာနဲ့ ညီ/မညီ ပြန်စိစစ် ခိုင်းထားတုန်းပဲ ရှိသေးတယ်” ဟု ဦးအောင်သူရ က ပြောသည်။

စိစစ်ပြီးပါက တိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆက်လက်တင်ပြ မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် အောက်တိုဘာလအတွင်း သုံးစွဲခဲ့သည့် မီတာခတောင်းခံလွှာမှာ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ဖြန့်ဝေခြင်း မရှိသေးပေ။

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့်တင်ဒါ ခေါ်စဉ်က လောင်စာဈေးနှုန်းနှင့် ဒေါ်လာ ငွေလဲလှယ်နှုန်း အတက်အကျအပေါ် မူတည်၍ သုံးလလျှင် တစ်ကြိမ် လျှပ်စစ် ယူနစ်ဈေးနှုန်းကို တိုင်းအစိုးရသဘော တူညီချက်ဖြင့် ပြင်ဆင်သတ်မှတ်နိုင် သည်ဟု စည်းကမ်းချက်ပါရှိသည်။

လက်ရှိတွင် ရသုံးဌာနက သတ်မှတ်သည့် ဒေါ်လာငွေလဲလှယ်နှုန်းထားအပေါ် မူတည်ပြီး အောက်တိုဘာမှ မတ်လအထိ ယူနစ်ဈေးနှုန်းကို ပြန်သတ်မှတ်ရမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောဆို ထားသည်။

ကိုဇော်