ကျွန်းစုတွင် ရပ်ကျေးကော်မရှင်နှင့် USDP ပါတီတို့ အပြန်အလှန်တိုင်ကြား

0
232
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျွဲခရန် ကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ခိုင်ဖြိုး ပါတီဝင်တို့မှာ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်အမှုဖွင့် တိုင်ကြားထားကြောင်း ကာယကံရှင်တို့ထံမှ သိရသည်။

ပဲ့တိုင်ရွာတွင် အသက် ၆၀ နှစ်နှင့် အထက်ရှိသူတို့အား နိုဝင်ဘာလ ၃၀ ရက်နေ့မှစပြီး ကြိုတင်မဲကောက်ယူခဲ့ရာ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ဝင် အမျိုးသမီးတစ်ဦးက မဲပုံးရှိ လုံခြုံရေးချိပ်ကြိုးများ ဖြတ်တောက် ဖွင့်ဖောက်ခဲ့သည်ဟုဆိုကာ ပြည်ခိုင်ဖြိုး ပါတီ၏ မဲရုံကိုယ်စားလှယ် ဦးအုန်းကြိုင် က သဇင်နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုင်ကြားချက်အပေါ် ကော်မရှင်ဝင်အမျိုးသမီးအား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၉(င)ဖြင့် နိုဝင်ဘာလ ၃ ရက်နေ့က အမှုဖွင့် ဆောင်ရွက်ထားကြောင်း သဇင်နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ် အောင်ကိုဦးက ပြောဆိုထားသည်။

ရွေးကောက်ပွဲကျင်းပပြီးနောက် နိုဝင်ဘာလ ၁၀ နှင့် ၁၁ ရက်နေ့တို့တွင် အမှုဖွင့်အရေးယူခံထားရသည့် ကော်မရှင်ဝင်အမျိုးသမီးက ကြိုတင်မဲကောက်ယူစဉ်ကမဲပုံးများသိမ်းဆည်းထားသည့် အခန်းသော့အား ထုတ်မပေးသဖြင့် လုပ်ငန်းများနှောက်နှေးကြန့်ကြာခဲ့ရ သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးနှင့် မဲပေးခြင်းလုပ်ငန်းအား ရပ်တန့်ပေးရန် ဟန့်တားပြောဆိုခဲ့သည်ဟုဆိုကာ မဲရုံကိုယ်စားလှယ် ဦးအုန်းကြိုင်တို့အား အရေးယူနိုင်ရန် တိုင်ကြားခဲ့ကြောင်း တိုင်ကြားခံရသူတို့က ပြောပြသည်။

အဆိုပါ အခန်းသော့ထုတ်မပေးသည့်ကိစ္စတွင် သဇင်နယ်မြေရဲစခန်းမှ ဖြေရှင်းဆောင်ရွက်ပေးပြီးဖြစ်ကာ ကျွန်းစုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက မဲပေးခြင်းလုပ်ငန်းများ အနှောင့်အယှက်ပေးရာရောက်သဖြင့် နောက်နောင် အလားတူဖြစ်ရပ်မျိုး မဖြစ်စေရေးအတွက် နိုဝင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် ပြည်ခိုင်ဖြိုး မြို့နယ်ဥက္ကဋ္ဌအား အသိပေးစာ ပေးပို့ထားပြီးဖြစ်သည်။

“တန်ပြန်တရားစွဲတဲ့ပုံစံနဲ့ အမှုရှာ ပြီး ပြန်လုပ်တဲ့သဘောပါ” ဟု အတိုင်ကြား ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဝင် ဦးဝင်းစိုးက ပြောသည်။

ထို့ပြင် ကြိုမဲပုံးအား ဖွင့်ဖောက်သည်ဟုဆိုကာ လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်တွင် ရေးသားခဲ့သူ ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် သဇင်နယ် မြေရဲစခန်းတွင် တိုင်ကြားထားကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)