ကြိုတင်မဲပေးချိန် မလျော်သြဇာ သုံးခဲ့သည်ဆိုသည့်ကိစ္စ NLDကိုယ်စားလှယ်လောင်း တောင်းပန်

0
185
Dawei Watch, Dawei News, Dawei News Media

ကြိုတင်မဲပေးရာတွင် မလျော်သြဇာသုံးပြီး အမိန့်အာဏာဆန်ဆန် ပြောဆိုခဲ့သည်ဆိုသည့် ကိစ္စအပေါ် ကာယကံရှင်ဖြစ်သည့် NLD ပါတီကိုယ်စားလှယ် လောင်းက တောင်းပန်ခဲ့ကြောင်း ထားဝယ် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ မှ သိရသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ မောင်းမကန်ကျေးရွာတွင် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲ ပေးသည့်နေရာတွင် ကိုယ်စားလှယ်လောင်း ဖြစ်သူ (လက်ရှိတိုင်းဒေသကြီးကိုယ်စားလှယ်) ဦးဗိုလ်ထွေးက ကော်မရှင်၏ လုပ်ငန်းများကို ဝင်ရောက် စွက်ဖက်ခဲ့သည်ဟုဆိုကာ ကျေးရွာကော်မရှင်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင် ကြားခဲ့ခြင်းဖြစ်သည်။

ကြိုတင်မဲပေးရာတွင် မဲဆန္ဒရှင်အနေဖြင့် အကူခေါ်ခွင့်ပြုခြင်း/မပြုခြင်း အပေါ်တွင် ကိုယ်စားလှယ်လောင်း ဦးဗိုလ်ထွေးနှင့် ရပ်ကျေးကော်မရှင်တို့ အကြား အငြင်းပွားခဲ့ခြင်းဖြစ်သည်။

ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ၏ တိုင်ကြားမှုအပေါ် နိုဝင်ဘာလ ၄ ရက်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နှစ်ဖက်တွေ့ဆုံညှိနှိုင်းရာ ပြေလည်မှု မရခဲ့ပေ။
ထိုကြောင့် နိုဝင်ဘာလ ၅ ရက်နေ့တွင် ထပ်မံညှိနှိုင်းရာ ကိုယ်စားလှယ်လောင်း ဦးဗိုလ်ထွေးက တောင်းပန်ခဲ့ကြောင်း ခရိုင်ရွေးကော်အတွင်းရေးမှူး ဦးသက်ထူးတင်က ဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ်လောင်း ကတော့ သူအဓိပ္ပာယ်ကောက်မှားတဲ့အတွက် ပြန်တောင်းပန်တာပေါ့ ဒါပါပဲ” ဟု ၎င်းက ပြောသည်။

ကိုယ်စားလှယ်လောင်း ဦးဗိုလ်ထွေး က အချက်သုံးချက်ကို တောင်းပန်းခဲ့ကြောင်း မောင်းမကန်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ဇော်ဖြိုးက ဆိုသည်။

မသန်စွမ်းသည့်သက်ကြီးရွယ် အိုများ ကြိုတင်မဲပေးရာတွင် အကူခေါ် ခွင့် မပြုဟုဆိုသည့် ကိစ္စ၊ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေအတိုင်း မဆောင်ရွက်ပေးပါက ဥပဒေအရအရေးယူဆောင် ရွက်မည်ဟု ပြောဆိုမှုနှင့် ဦးဗိုလ်ထွေးက မီဒီယာများအားဖြေကြားခဲ့သည့် မဲဆန္ဒ ရှင်အချို့က ဆန္ဒမဲလက်မှတ်အရေအတွက် မည်မျှပေးရမည်ကိုမေးရာ ကော်မရှင်အဖွဲ့ခွဲက မဖြေဆိုခဲ့ဟု ပြောဆိုခဲ့မှုဆိုသည့် ကိစ္စတို့ ဖြစ်သည်။

“အဲဒီသုံးချက်ကို သူ့အနေနဲ့ ပြောဆိုခဲ့တဲ့အပေါ်၊ ကျွန်တော်တို့ကော် မရှင်လုပ်ဆောင်ချက်တွေ ပြောဆိုခဲ့တဲ့အပေါ်ကို သူ့အနေနဲ့ မှားယွင်းပါတယ်။ မှားယွင်းပြောခဲ့မိတဲ့အတွက်ကို တောင်းပန်ပါတယ်ဆိုပြီးတော့ တောင်းပန်ခဲ့တယ်” ဟု ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ဇော်ဖြိုး က ပြောသည်။

ကိုယ်စားလှယ်လောင်းက တောင်းပန်သည့်အတွက် ကော်မရှင်အဖွဲ့ခွဲကလည်း ကျေအေးပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုကဲ့သို့ ရပ်ကျေးကော်မရှင်အဖွဲ့ ခွဲမှ တိုင်ကြားလုပ်ဆောင်ခြင်းမှာ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေလိုသည့်အတွက် ပြည်သူများအမြင် မမှားစေရန် လုပ်ဆောင်ခြင်းသာဖြစ်ပြီး NLD ပါတီအား တိုက်ခိုက်ခြင်းမဟုတ်ကြောင်း ၎င်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကိုယ်စားလှယ်လောင်း ဦးဗိုလ်ထွေးထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။

ဖြစ်စဉ်မှာ အသက် ၆၀ နှစ်နှင့် အထက်ရှိသူများကို ကြိုတင်မဲစပေးသည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် မဲလာပေးသူအားလုံးနီးပါးက အကူတစ်ဦး ခေါ်လာသည်ကို သတိထားမိခဲ့ပြီးနောက် လွတ်လပ်စွာမဲပေးခြင်းကို အနှောင့်အယှက်ဖြစ်စေမည်စိုးသောကြောင့် အိုမင်းမစွမ်းဖြစ်သူနှင့် မသန်စွမ်းသူများမှအပ ကျန်သူများအနေနှင့် အကူခေါ် ဆောင်လာခြင်းကို ကော်မရှင်က တားမြစ်ခဲ့သည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် NLD ပါတီ၏ ကိုယ်စားလှယ်လောင်းဖြစ်သူ (လက်ရှိလွှတ်တော်ကိုယ်စားလှယ်) က ယင်းကော်မရှင်ရုံးသို့ ရောက်ရှိလာပြီး ထိုသို့ တားမြစ်ထားမှုကို ပယ်ဖျက်ကာ မဲဆန္ဒရှင်များ အကူခေါ်လာခွင့်ပြုရန်နှင့် မဲဆန္ဒရှင်တောင်းဆိုပါက ရွေးကော်အဖွဲ့ဝင်က လျှို့ဝှက်ဆန္ဒပြုခန်းအတွင်း ဝင်ရောက်ပြီး ဆန္ဒပြုတံဆိပ်တုံးထုပေးရန် စသည့် အချက်နှစ်ချက်ကို တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုမှုကို ခွင့်မပြုပါက ရွေးကော်အဖွဲ့ခွဲ အဖွဲ့ဝင်များအား တရားစွဲဆိုသွားမည်ဟု ဦးဗိုလ်ထွေးက ၎င်း၏ မဲရုံကိုယ်စားလှယ်များသို့ မှာကြားခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်ဇော်ဖြိုးက ပြောဆိုထားသည်။