ကျွန်းစုတွင် ကြိုတင်မဲပုံး ဖွင့်ဖောက်သူအား အမှုဖွင့်

0
202
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ကျွဲခရံ ကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာတွင် နိုဝင်ဘာလ ၂ ရက်နေ့က ကြိုတင်မဲပုံးအား ဖွင့်ဖောက်ခဲ့သည့် ရွေးကောက်ပွဲ ရပ်/ကျေး ကော်မရှင်ဝင် အမျိုးသမီးအား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၉(င)ဖြင့် အမှုဖွင့်ထားကြောင်း သဇင်နယ်မြေရဲစခန်းထံမှ သိရသည်။

ပဲ့တိုင်ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း၏ မဲရုံကိုယ်စားလှယ် ဦးအုန်းကြိုင်မှ နိုဝင်ဘာလ ၃ ရက် နေ့က တရားလိုပြုလုပ်ကာ တိုင်ကြား လာသဖြင့် အမှုဖွင့်ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီမနက်ပဲ ခေါ်ယူစစ်ဆေးပြီး အာမခံပေးလိုက်ပါတယ်” ဟု သဇင်နယ် မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်ကိုဦး က ပြောသည်။

ကြိုတင်မဲပုံးအားဖွင့်ဖောက်ခဲ့သူ ကော်မရှင်ဝင်အမျိုးသမီးအား ကျေးရွာ နေသူနှစ်ဦး၏ ခံဝန်ချက်ဖြင့် အာမခံပေးခဲ့ကြောင်း စခန်းမှူး ရဲအုပ် အောင်ကိုဦး က ပြောပြသည်။

ပဲ့တိုင်ကျေးရွာတွင် အသက် ၆၀ နှစ်နှင့် အထက်ရှိသူ မဲဆန္ဒရှင်များအား အောက်တိုဘာလ ၃၀ ရက်နေ့မှစပြီး တစ်အိမ်တက်တစ်အိမ်ဆင်း စနစ်ဖြင့် ကြိုတင်မဲကောက်ယူနေခြင်းဖြစ်သည်။

ကြိုတင်မဲကောက်ယူသည့် လေးရက်မြောက်နေ့တွင် မဲကောက်ရာတွင် ပါဝင်သူတို့မှ နေအိမ်သို့ခေတ္တပြန်နေချိန်တွင် အခြားသူများအား အသိပေးခြင်း မရှိဘဲ ဖွင့်ဖောက်ခဲ့ခြင်းဖြစ်ကြောင်း တရားလိုအဖြစ် အမှုဖွင့်တိုင်ကြားထားသူ မဲရုံကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပြသည်။

“တာဝန်ကျတဲ့ ရဲကဟန့်နေတာတောင် မနားဘူး” ဟု မဲရုံကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောသည်။

ကြိုတင်မဲကောက်ယူသည့် လေးရက်အတွင်း ဆန္ဒမဲလက်မှတ် ၁၁၈ ခုရှိကြောင်း ဦးအုန်းကြိုင်က ပြောပြသည်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉(င)တွင် အသုံးပြုဆဲဖြစ်သော မဲပုံးကို အခွင့်အာဏာမရရှိဘဲ ဖွင့်လှစ်ခြင်း သို့မဟုတ် ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲ လက်မှတ်ကို ဖျက်ဆီးခြင်းဟု ဖော်ပြထားပြီး ယင်း ဥပဒေအား ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်ရမည်ဖြစ်ကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)