ထားဝယ်လျှပ်စစ်ဈေး ပြင်ဆင်ရန်ရှိ

0
337
Dawei Watch, Dawei News, Dawei News Media

ယခုလမှစကာ ထားဝယ်လျှပ်စစ် ယူနစ်ဈေးနှုန်းကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးနေသည့် Petro & Trans ကုမ္ပဏီထံမှ သိရသည်။

ယခုဘဏ္ဍာနှစ် ပထမခြောက်လဖြစ်သည့် အောက်တိုဘာလမှ မတ်လအထိ ဒေါ်လာငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁၃၃၀ ကျပ် သတ်မှတ်ထားကြောင်း တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနထံမှ သိရသည်။

ထိုကြောင့် ယခင်ဘဏ္ဍာနှစ် ငွေလဲ လှယ်နှုန်းထားထက် အမေရိကန် တစ်ဒေါ်လာလျှင် ၂၀၅ ကျပ် လျော့နည်းသွားသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လတွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၅၃၅ ကျပ်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိသတ်မှတ်ထားသည့် ဒေါ်လာ ငွေလဲလှယ်နှုန်းထားနှင့် တွက်ချက်ကာ တစ်ယူနစ်ကေက်ခံမည့်နှုန်းထားကို တိုင်းအစိုးရထံ အောက်တိုဘာလ ၂၆ ရက်နေ့က တင်ပြထားကြောင်း Petro & Trans ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးတင်ထွန်းဦးက ဆိုသည်။

အဆိုပါ ကုမ္ပဏီအနေနှင့် လုပ်ကိုင်ခွင့်ရချိန်မှ ပြီးခဲ့သည့်သြဂုတ်လအထိ လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ် ဈေးနှုန်းဖြင့် ကောက်ခံခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလတစ်လစာကိုမူ ၂၁၉ ကျပ် ကောက်ခံခဲ့ခြင်းဖြစ်သည်။

ယခု အောက်တိုဘာလမှစတင်က ဈေးနှုန်းသစ်ဖြင့် ပြောင်းလဲကောက်ခံရန် ရှိနေကာ တစ်ယူနစ်လျှင် ၂၃၈ ကျပ်နှင့် ၂၁၉ ကျပ်အကြားတွင် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဦးတင်ထွန်းဦးက ဆိုသည်။

လက်ရှိတွင် ထားဝယ်ခရိုင်လျှပ်စစ် ထုတ်မည့် သဘာဝဓာတ်ငွေ့ကို MOGE (မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း) ထံမှ ဝယ်ယူနေရသည်။ အဆိုပါ သဘာဝဓာတ်ငွေ့ဖိုးကို အမေရိကန် ဒေါ်လာနှင့်ဝယ်ယူရန် သတ်မှတ်ထားသော်လည်း မြန်မာကျပ်ငွေဖြင့်သာ ပေးသွင်းရသည်။

သဘာဝဓာတ်ငွေ့ဖိုး ပေးသွင်းရသည့် ဒေါ်လာငွေလဲလှယ်နှုန်းကို ရသုံးမှန်းခြေငွေစာရင်းက ခြောက်လတစ်ကြိမ် သတ်မှတ်ပေးပြီး ယင်းငွေလဲနှုန်းထား အတိုင်းသာ ပေးသွင်းရသည်။

လက်ရှိတွင် ရသုံးဌာနက သတ်မှတ်သည့် ဒေါ်လာငွေလဲလှယ်နှုန်းထားအပေါ် မူတည်ပြီး အောက်တိုဘာမှ မတ်လအထိ ယူနစ်ဈေးနှုန်းကို ပြန်သတ်မှတ်ရမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောဆိုထားသည်။

သဘာဝဓာတ်ငွေ့ဝယ်ယူရာတွင် လက်ရှိငွေလဲလှယ်နှုန်းထားအတိုင်း မဟုတ်ဘဲ ခြောက်လတစ်ကြိမ်သတ်မှတ်သည့် စနစ်ကြောင့် ထားဝယ်ဒေသမီးသုံးသူများ တင်ဒါစည်းမျဉ်းအတိုင်း ခံစားခွင့်မရရှိဘဲ နစ်နာမှုများရှိနေသည်။

ထို့အပြင် ကိုဗစ်ကာလအတွင်း တစ်လလျှင် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့ ခံစားခွင့်ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုခဲ့သော်လည်း တနင်္သာရီတိုင်းသားများ အပြည့်အဝ ခံစားခွင့်မရရှိခဲ့ပေ။