ကြိုတင်မဲစာအိတ်များ မလုံခြုံခြင်းနှင့် ကော်စွန်းနေခြင်းများကို ပယ်မဲအဖြစ်သတ်မှတ်မည်မဟုတ်

0
570
ကြိုတင်မဲစာအိတ်များ မလုံခြုံခြင်းနှင့် ကော်စွန်းနေခြင်းများကို ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ်

ကြိုတင်ဆန္ဒမဲများ ပေးရာတွင် မဲလက်မှတ်များ ထည့်သွင်းသည့် စာအိတ်များ မလုံခြုံနေခြင်း၊ အချို့စာအိတ်များတွင် ကော်သုတ်၍ ပိတ်ရာ၌ မဲလက်မှတ်များကို အစွန်းအထင်းဖြစ်ပေါ်စေခြင်းများ ရှိခဲ့ပါကလည်း ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

အလားတူပင် စာအိတ်များကို တာဝန်ရှိသူများက ဖွင့်ဖောက်သည့်အခါ ဆန္ဒမဲလက်မှတ်သည် စုတ်ပြဲနိုင် ခြင်းတို့ကြောင့်လည်း ယင်းမဲလက်မှတ်များကို ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ် ဆိုသည်။

အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များကို အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ ကြိုတင်မဲပေးခွင့်ပြုခဲ့ရာတွင် စာအိတ်များ ပွင့်ဟနေသည့် ပြဿနာအချို့ ပေါ်ပေါက်ခဲ့သည်။ အလားတူပင် တံဆိပ်တုံးထု၍ မဲပေးစေခြင်းနှင့် ဘောလ်ပင်ဖြင့် အမှန်ခြစ်၍ မဲပေးစေခြင်းဟူ၍ နှစ်မျိုးနှစ်စား ကွဲလွဲနေမှုများလည်း ရှိခဲ့သည်။

တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံဆောက်မည်

နေအိမ်သို့ သွားရောက်ကောက်ခံသည့် ကြိုတင်မဲလက်မှတ်များတွင် တံဆိပ်တုံးနှင့်ဖြစ်စေ၊ ဘောလ်ပင်ဖြင့် အမှန်ခြစ်၍ ဖြစ်စေ ဆန္ဒပြုထားသည့် မဲလက်မှတ်များကိုလည်း ခိုင်လုံမဲအဖြစ် သတ်မှတ်မည်ဟု ကော်မရှင်က ဆိုသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးထိန်လင်းဦးကလည်း အောက်ပါအတိုင်း ပြောဆိုသည်။

“မဲလက်မှတ်တစ်စောင်ပေါ်မှာ ဆန္ဒ ပြုထားတဲ့ ကိစ္စမှာ ခိုင်လုံမဲ၊ ပယ်မဲ ဆုံးဖြတ်တာက စာအိတ်နဲ့ မဆိုင်ဘူး၊ ဆန္ဒပြုထားတဲ့ အနေအထားပေါ်မှာပဲ ဆုံးဖြတ်တာ” ဟု ဦးထိန်လင်းဦးက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ကြိုတင်ဆန္ဒမဲပေးသည့် နှစ်ရက်စာအတွက်ကိုသာ နိုင်ငံတော် စာအိတ်စက်ရုံများတွင် ရိုက်နှိပ်ထုတ် ထားခြင်းဖြစ်ပြီး ကိုဗစ်ကြောင့် အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများ၏ ကြိုတင်မဲအတွက် စာအိတ်များကို ပြင်ပ စက်ရုံမှ ဝယ်ယူရသဖြင့် အချို့စာအိတ် များတွင် ကွာနေ၊ ဟနေ၊ ပေါက်နေခြင်းဖြစ်သည်ဟု ဦးထိန်လင်းဦးက ပြောသည်။

ကြိုတင်မဲလက်မှတ်ထည့်သည့် စာအိတ်များ ဘေးပွင့်နေ၊ ဟနေခြင်း၊ အချို့စာအိတ်များ ပေါက်ပြဲနေခြင်း များအပေါ် ပါတီအချို့နှင့် ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်များအကြား စိုးရိမ်မှုများနှင့် ဝေဖန်မှုများရှိနေသည်။

စာအိတ်ပွင့်နေခြင်းမှာ ကောင်းသည့် လက္ခဏာမဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သရက်ချောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ် ဦးကျော်ဝင်းက ပြောသည်။

“စာအိတ်တွေပွင့်နေတာကတော့ ခုနပြောတဲ့ မဲသမာမှုကိုဖိတ်ခေါ်နေတာနဲ့ အတူတူပဲ။ ကျွန်တော်မြင်တာပြောပြ တာပေါ့နော်။ စာအိတ်ပွင့်နေတာမျိုးတော့ မကောင်းဘူးပေါ့။ စာအိတ် ဆိုတာက လုံလုံခြုံခြုံဖြစ်ချင်လို့ စာအိတ်ဆိုလုပ်တာကိုး” ဟု ဦးကျော်ဝင်းက ဆိုသည်။

မဲဆန္ဒှရှင်၏ မဲလက်မှတ် လက်ခံဖြတ်ပိုင်းသည် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် လက်ခံကျန်ရှိနေမည်ဖြစ်ပြီး မဲရုံတွင် ကိုယ်စားလှယ်များ၏ ကိုယ်စားလှယ်များက လာရောက်စောင့်ကြည့်နေခြင်း၊ အခြားလေ့လာသူများနှင့် စောင့်ကြည့်သူများရှိသည့်အပြင် လုံခြုံရေးအထူးရဲ များရှိနေမည်ဖြစ်ရာ မသာမှုလုပ်ဆောင်ရန် မလွယ်ဟု ရွေးကောက်ပွဲကော်မရှင် ဘက်က ဆိုသည်။

ယင်းအပြင် မဲပုံးကိုလည်း လုံခြုံရေးကြိုးများဖြင့် ခိုင်မာစွာတုပ်ထားပြီး လုံခြုံရေးကြိုးများတွင် နံပါတ်များပါ ရှိသည်ဟု ဦးထိန်လင်းဦးက ဆိုသည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အခြေအနေများကြောင့် တာဝန်အရ မဲဆန္ဒနယ်ပြင်ပသို့ရောက်ရှိနေသော နိုင်ငံ့ဝန်ထမ်းများ၊ မဲရုံဝန်ထမ်းများ၊ အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ဆေးရုံတွင် ဆေးဝါးကုသနေသူများ၊ ကွာရန်တင်းဝင်နေသူများ၊ အကျဉ်းစခန်းများတွင် အချုပ်ကျနေသူများ၊ မိမိတို့၏ သက်ဆိုင်ရာနယ်မြေသို့ သွားရောက်မဲပေးနိုင်ခြင်း မရှိသူများ စသဖြင့် ကြိုတင်မဲပေးခွင့်ရှိသူများအားလုံး အောက်တိုဘာ ၂၉ ရက်မှစတင် မဲပေးနေပြီဖြစ်သည်။

မိုးမြင့်