ဘုတ်ပြင်းမြို့ရှိ နှင်းဆီပါတီဝင်များ ပြည်ခိုင်ဖြိုးနှင့် တစ်သားတည်း ဖြစ်သွားပြီဟု လွှတ်တော် ကိုယ်စားလှယ်လောင်း ပြော

0
419
Dawei Watch, Dawei News, Dawei News Media

ဘုတ်ပြင်းမြို့နယ်ရှိ နှင်းဆီပါတီဝင်များ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီသို့ လာရောက်ပူးပေါင်းခဲ့ ကြပြီး ယင်းတို့နှင့်တစ်သားတည်း ဖြစ်သွားပြီဟု ပြည်ခိုင်ဖြိုးပါတီ ဘုတ်ပြင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စား လှယ်လောင်းက ပြောသည်။

အောက်တိုဘာလ ၂၂ ရက်နေ့က ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ကျေးရွာသို့ စည်းရုံးရေးရောက်ရှိလာသည့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း ဦးတိုးဝင်း ကပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နှင်းဆီပါတီမှတာဝန်ရှိသူများနှင့် ပါတီဝင်များမှ ဘုတ်ပြင်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ လာရောက်ခဲ့ကြပြီး နှင်းဆီပါတီဝင်များနှင့် ၎င်းတို့ပါတီအား ထောက်ခံသူများကို လာရောက်အပ်နှံခဲ့သည်ဟု ၎င်းက ပြောဆိုခဲ့သည်။

“ခုဆိုရင် နှင်းဆီပါတီဟာ ကျွန်တော်တို့ပါတီနဲ့ တစ်သွေးတည်းတစ်သားတည်း မိသားစုတွေလို ဖြစ်သွားကြပြီ” ဟု ဦးတိုးဝင်းက ပြောသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း အင်အား တစ်သောင်းကျော်ခန့်ရှိသည့် နှင်းဆီပါတီဝင်များအနေဖြင့် မဲပေးမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြည်တောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသွား မည်ဖြစ်ကြောင်း နှင်းဆီပါတီ၏ ဘုတ်ပြင်း မြို့နယ် စည်းရုံးရေးမှူး ဦးတင်ကျော်ခိုင် က ပြည်တွင်းမီဒီယာများအား ပြောဆို ထားသည်။

ယင်းသို့ထောက်ခံ ဝန်းရံရန်အတွက် အောက်တိုဘာ ၂၀ ရက်နေ့က ဘုတ်ပြင်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ သွားရောက်အပ်နှံခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။

နှင်းဆီပါတီ ခေါင်းဆောင်ဖြစ်သူ ဦးကျော်မြင့်မှာ ထောင်ပြေးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရသလို ပါတီကို တည်ထောင်ရာတွင် တရားမဝင်ငွေကြေးများ အသုံးပြုခဲ့သည့် ပြစ်မှုကြောင့် ပါတီမှာလည်း ဖျက်သိမ်း ခြင်းခံထားရသည်။

ခိုင်ဇင်သော်