အတင်းအကျပ်ငွေကောက်ခံနေကြသဖြင့် အသေးစားငွေချေးသမားများ အခက်တွေ့နေ

0
228
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကာလအတွင်း အတင်းအကျပ်ငွေကောက်ခံခြင်းမပြုရန် အသေးစားငွေချေးလုပ်ငန်းများကို ညွှန်ကြားထားသော်လည်း မြေပြင်တွင်မှု ညွှန်ကြားချက်နှင့်မညီဘဲ ကောက်ခံနေကြကြောင်း ထားဝယ်မြို့ရှိ အသေးစားချေးငွေ ရယူထားသူအချို့က ပြောသည်။

အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီသည် အောက်တိုဘာလ ၁၃ ရက် ရက်စွဲဖြင့် ကိုဗစ်ကာလအတွင်း အသေးစားငွေချေးသမားများထံ အတင်းအကျပ်ငွေကောက်ခံခြင်း မပြုဘဲ ညှိနှိုင်းတိုင်ပင်သည့်နည်းလမ်းဖြင့် ငွေကောက်ခံရန် ညွန်ကြားထားခဲ့သည်။

သို့သော် မြေပြင်အခြေအနေအတွင်းမှု သက်ဆိုင်ရာဌာနမှ ကြီးကြပ်မှု အားနည်းသဖြင့် ယင်ညွန်ကြားချက်မှာ အသက်မဝင်ဘဲဖြစ်နေကြောင်း ထားဝယ်မြို့ရှိ အသေးစားငွေချေးသမားအချို့က ဝေဖန်ကြသည်။

ထားဝယ်တွင် တွင်ကျယ်လာနေသည့် မဲလိပ်ဆွဲစနစ်ဖြင့် ပစ္စည်းရောင်းသည့်ပုံစံ

မြေပြင်တွင် အတင်းအကျပ်ငွေကြေး ကောက်ခံနေသဖြင့် အခက်အခဲတွေ့နေကြောင်းကို တနင်္သာရီတိုင်း အသေးစားငွေရေးကြေးရေးကြီးကြပ်မှုဦးစီးဌာနထံ ဆက်သွယ်အကူအညီတောင်းခံသော်လည်း အကူအညီမပေးသည့်အပြင် အလှောင်ပါခံရသေးကြောင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နေ ကိုစောလေး က ပြောသည်။

ကိုစောလေးသည် အိမ်ရှေ့ပြင်ရပ်ကွက်တွင် ထမင်းဆိုင်တစ်ဆိုင်နှင့် သုံးဘီးမောင်းသည့်လုပ်ငန်းကိုလုပ်ကိုင်သူဖြစ်ပြီး လက်ရှိတွင် လော့ဒေါင်းဧရိယာ ထဲပါနေသဖြင့် အလုပ်များအားလုံးရပ် နားထားရသူဖြစ်သည်။

“သူတို့(တနင်္သာရီတိုင်း အသေးစား ငွေရေးကြေးရေးကြီးကြပ်မှုဦးစီးဌာန) ကို အားကိုးတာမှ အားကိုလွဲသွား သလိုဖြစ်သွားတယ်။ ကိုယ်ချေးထားတဲ့ ပိုက်ဆံ ကိုယ်ဆပ်ရမှာ ကိုယ့်တာဝန်ပဲပေါ့၊ အဲလိုပြောတာ” ဟု ကိုစောလေးက ဆိုသည်။

တနင်္သာရီအပတ်စဉ်က ယင်းဌာနထံ ဆက်သွယ်မေးမြန်းချိန်တွင်မူ အသေးစားငွေချေးလုပ်ငန်းနှင့် ညှိနှိုင်းရန် အဆင်မပြေသူများအား ဌာနမှ ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ယင်းဌာန တိုင်းဦးစီးမှူး ဒေါ်ချိုချိုက ပြောသည်။

ဆက်သွယ်ကူညီတောင်းခံနိုင်သော ဝ၅၉၂၂၃၂၈ ရုံးဖုန်းနံပါတ်တစ်ခု ကိုပင် ပေးလိုက်သေးသည်။

“ဟိုကလည်း သူ့ပိုက်ဆံလိုချင်တယ်။ ဒီကလည်း သူ့မှာအဆင်မပြေဘူးဆိုတော့ ညှိနှိုင်းပြီးတော့ပဲ ဆောင်ရွက်ရမှာ။ အသင်းသားတွေ ညှိနှိုင်းလို့အဆင်မပြေရင် ဒီဘက်က ညှိနှိုင်းပေးမယ်” ဟု ဒေါ်ချိုချိုက ဆိုသည်။

ကိုဗစ်ကာလအတွင်း ငွေကြေး အတင်းအကျပ်မကောက်ခံရန် ညွန်ကြားချက်ကို ညွန်ကြားနေသည်မှာ ယခု အကြိမ်ပါဆိုလျှင် နှစ်ကြိမ်ရှိပြီဖြစ်သည်။

ထားဝယ်မြို့တွင် အသေးစားငွေ ချေးကုမ္ပဏီ ၁၅ ဖွဲ့ရှိကြောင်း တနင်္သာရီတိုင်း အသေးစား ငွေရေးကြေးရေးကြီးကြပ်မှု ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး