မဲဆန္ဒနယ်မြေသစ်ထဲက ပြတ်သားသော ကတိကဝတ်များနှင့် ဒေါ်ညိုညိုသင်း

0
274

ဒေါ်ညိုညိုသင်းဟု ဆိုလိုက်လိုက်သည်နှင့် ဒူပေနာပေ ကြမ်းကြမ်းခံ နိုင်ငံရေးသမားတစ်ဦးကို ပြေး၍မြင်မိကြလိမ့်မည်။ သူမကို ရန်ကုန်နိုင်ငံရေး အသိုင်းအဝိုင်းတွင် မသိသူက ခပ်ရှားရှား။ ဦးသိန်းစိန် အစိုးရလက်ထက်အတွင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ မေးခွန်းပေါင်း ၄၀ဝ ခန့်နှင့် အဆို ပေါင်း ၄၀ ကျော်ကို တင်သွင်းခဲ့သူ ဖြစ်သည်။

ထိုအချိန်ကာလ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် သူမလို မည်သည့် လွှတ်တော်ကိုယ်စားလှယ်မျှ မလုပ်နိုင်ခဲ့။ ရန်ကုန် လွှတ်တော်အား အလုပ်ရှုပ်စေခဲ့ပြီး ရန်ကုန်အစိုးရအား အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့သူဟု ဆိုရမည်။ တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ရန်ကုန်အစိုးရ၏ အငြင်းပွားဖွယ် ရန်ကုန်စီမံကိန်းများအား ရပ်ဆိုင်းစေခဲ့သူ ဖြစ်ရုံမက ရန်ကုန်အစိုးရအား ပြည်သူဘက်မှ တရားစွဲဆိုခဲ့သူမှာ ဒေါ်ညိုညိုသင်း ဖြစ်သည်။ ယခုတော့ ၂၀၁၀၊ ၂၀၁၅ ခုနှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သူမ၏ ဗဟန်းမဲဆန္ဒနယ်မြေအားစွန့်ကာ မိုင်ရာကျော်ဝေးသော တနင်္သာရီမဲဆန္ဒနယ်မြေသို့ ချီတက်သွားလေပြီ။ သူမ ဘာကြောင့် ယခုလို ရွေးချယ်ခဲ့ပါသနည်း။

ထိုဒေသအား ရွေးချယ်ခြင်းမှာ သူမအတွက် နိုင်ငံရေးမျိုးစေ့ချရန် တိုင်းဒေသကြီးနှင့် ပြည်နယ် သုံးခု ကျန်နေသေးခြင်းကြောင့်ဟု ဆိုသည်။ ယင်းတို့မှာ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးများဟု ဆိုသည်။ ယင်း သုံးနေရာတွင် တနင်္သာရီတိုင်းအား သူမ ရွေးလိုက်သည်။

“ဘာကြောင့် တနင်္သာရီတိုင်းကို ရွေးလိုက်တာလဲဆိုတော့ အဲ့ဒီကျန်နေတဲ့ သုံးခုထဲမှာ နိုင်ငံရေးအရ နိုးကြားဖို့ အလိုအပ်ဆုံးတိုင်းဟာ တနင်္သာရီတိုင်း ဖြစ်လို့ပဲ
” ဟု သူမက ရှင်းပြသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ကျန်တိုင်းနှင့် ပြည်နယ် ၁၁ ခု တွင် နိုင်ငံရေးနိုးကြားမှုရှိအောင် ဆောင်ရွက်ခြင်းများကို နည်းမျိုးစုံနှင့် လုပ်ခဲ့ပြီဟု သူမက ပြောသည်။

တနင်္သာရီတိုင်းတွင် နိုင်ငံရေးအရင်းအမြစ်များ မရှိသလောက်ရှားသည်။ တနင်္သာရီတိုင်းတွင် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးသမားအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းအချို့ ရှိကြသော်လည်း ထိုက်သင့်သလောက် ရှင်သန်ကြီးထွားခြင်း မရှိချေ။ ထို့အတွက် တနင်္သာရီတိုင်း၏ လိုအပ်ချက်အား ဖြည့်ဆည်းရန် မပြောနှင့် တနင်္သာရီတိုင်း၏ လိုအပ်ချက်ကို မြန်မာနိုင်ငံရေးတွင် ပေါက်အောင် ပြောနိုင်သည့် နိုင်ငံရေးသမား ရှိမနေဟု သူမက ဆိုသည်။

“တနင်္သာရီတိုင်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဝေလာဝေး၊ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မပြောနဲ့ အဲ့ဒီလိုအပ်ချက်ကို ပေါက်အောင်ပြောနိုင်တဲ့၊ သြဇာရှိတဲ့ နိုင်ငံရေးသမား ဒီနေ့အထိ တနင်္သာရီတိုင်းက ထွက်မလာသေးတာ အန်တီတို့ တွေ့ရတယ်” ဟု သူမက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာ လဲ့လဲ့မော် အဂတိလိုက်စားမှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံလိုက်ရသည့် ဒေသဖြစ်သည်။

သူမ ဤဒေသသို့ ကိုဗစ်ပထမလှိုင်း ပြီးခါစကပင် ရောက်နှင့်နေခဲ့ခြင်း ဖြစ်သည်။ သူမ ရောက်မလာမီက နိုင်ငံရေးအင်အားစုများ၏ လှုပ်ရှားမှုများမှာ အားနည်းခဲ့သော်လည်း သူမ ရောက်သည်နှင့် အပြိုင်အဆိုင် နိုင်ငံရေးကစားပွဲ စကြသည်ဟု သူမက ပြောသည်။ ယင်းမှာ သူမအတွက် စစချင်း အောင်မြင်မှုပင်။ ရောက်ရောက်ချင်း သူမယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်မြေတွင် ဒေသခံများ၏ လိုအပ်ချက်အား စစ်တမ်းကောက်ယူမှုကို အလျင်ဦးဆုံး ပြုလုပ်ခဲ့သည်။ ယင်းမှာ ထိုဒေသ တွင် မည်သည့်နိုင်ငံရေးသမားမျှ မလုပ်ဖူးသေးသော လူထုလိုအပ်ချက်စာတမ်းပေ။

ယင်းစစ်တမ်းကြောင့် လျှပ်စစ်မီး၊ ရေ၊ ဆေးရုံ၊ ကျောင်း စသည့် ထိုဒေသ၏ အဓိက လိုအပ်ချက် များ အပါအဝင် သူမ၏ ရွေးကောက်ပွဲ ကြေညာချက် ခြောက်ချက်အား ရွေးကောက်ပွဲ ကတိကဝတ်အဖြစ် ကြေညာပေးနိုင်ခဲ့သည်။ ထိုဒေသအတွက် ၂၀၁၀-၂၀၂၀ ကာလအတွင်း ဆောင်ရွက်ပေးနိုင်သည်ထက် သူမ လက်ရှိ ၂၀၂၀-၂၀၂၅ သက်တမ်းတွင် နှစ်ဆဆောင်ရွက်ပေးနိုင်သည်ဆိုသော ပြတ်သားသည့် ကတိကဝတ်က ကြက်သီးထစရာပင်။

“လွှတ်တော်သက်တမ်း ၁၀ နှစ်အတွင်းမှာ နိုင်ငံတော်က ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ပေးနိုင်တာထက် နှစ်ဆ အန်တီရဲ့လာမယ့် ငါးနှစ်သက်တမ်းမှာ လုပ်ပေးနိုင်ရမယ့် ကတိကို အန်တီက ရဲရဲကြီး ပေးလိုက်နိုင်တယ်” ဟု သူမက ဆိုသည်။

ကျေးရွာအုပ်စု ၂၁ အုပ်စုရှိကာ ကျေးရွာပေါင်း ၂၀ဝ နီးပါးရှိသော သူမ ဝင်ရောက် အရွေးခံမည့် မဲဆန္ဒနယ်မြေမှာ ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း ဆေးရုံငယ် သုံးရုံသာရှိသေးမှု အပေါ် သူမက အားမလိုအားမရ ဖြစ်နေသည်။ ထိုမဲဆန္ဒနယ်မြေတွင် လူဦးရေ တစ်သိန်းကျော်ရှိသဖြင့် အနည်းဆုံး ဆေးရုံ ၁၀ ရုံခန့် ရှိသင့်ကြောင်း သူမက ထောက်ပြသည်။ ဤထောက်ပြမှုက ဒေသခံ ထားဝယ်၊ ဗမာ၊ ကရင်၊ ရှမ်းစသော တိုင်းရင်းသားများ၏ မဲများ သူမဆီ ရောက်လာစေမည့် အချက်များဟု ဆိုနိုင်သည်။

“ကရင်လူမျိုးတွေကျတော့ သူတို့တိုင်းရင်း သားအဖွဲ့တွေကို ပိုပြီးနှစ်သက်ကြတာပေါ့နော်။ ဒါပေမဲ့ အန်တီပြိုင်တဲ့ လွှတ်တော်မှာ သူတို့ တိုင်းရင်းသားပါတီ မပြိုင်ဘူး။ အန်တီကလည်း သူတို့မပြိုင်တဲ့ လွှတ်တော်ကို ရွေးထားတာ ဆိုတော့လေ။ သူတို့ အန်တီကို ထည့်မယ်လို့ မျှော်လင့်တယ်” ဟု သူမ ယူဆချက်ကို ပြောသည်။

နောက်တစ်ချက်မှာ ရွေးကောက်ပွဲအတွက် သူမ၏ ပိုင်ဆိုင်မှုများအား ချပြခြင်းပင်။ ဤကား သူမ၏ နိုင်ငံရေးရိုးသားမှုကို ရည်ညွှန်းနေသည်။ သူမ၏ မဲဆွယ် လက်ကမ်းစာစောင်တွင် သူမ၏ ပိုင်ဆိုင်မှုများကို ဖော်ပြထားသည်။ ယင်းသည် လည်း သူမ၏ မဲဆန္ဒနယ်မြေထဲက အခြားသော ပြိုင်ဘက် အမတ်လောင်းများထက် အားသာစေသည့် အချက်ဖြစ်သည်။ သူမလို အခြားပြိုင်ဘက် နိုင်ငံရေးသမားများ ချပြပါသလော။

သူမ မဲဆန္ဒနယ်မြေမှာ တနင်္သာရီမြို့နယ် ဖြစ်သည်။ ထိုမြို့နယ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမှတ် (၉) မဲဆန္ဒနယ်တွင် နိုင်ငံရေးပါတီ ခြောက်ခုက လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦးနှင့်အတူ အမျိုးသားလွှတ် တော်နေရာအား ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ပါတီအနေဖြင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ NLD၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်သည်။ ထိုလွှတ်တော် ကိုယ်စားလှယ်လောင်း ခြောက်ဦးစလုံးမှာ ဒေသခံ များဖြစ်ပြီး အမျိုးသားများလည်း ဖြစ်သည်။ သူမက နေရာသစ်မှရောက်လာသော တစ်ဦးတည်းသော အမျိုးသမီးကိုယ်စားလှယ်လောင်း ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် သိန်း ၁၀ဝ ထက် မပိုသော ရွေးကောက်ပွဲ ကုန်ကျစရိတ်ဖြစ်ရမည်ဟု ခံယူထားသူပီပီ ဝါးထရံကာရုံးခန်းအား တစ်လ တစ်သိန်းကျော်ဖြင့် ငှားကာ အသုံးစရိတ် ချွေချွေတာတာဖြင့် လှုပ်ရှား ဆောင်ရွက်နေကြောင်း သူမက ရှင်းပြသည်။

“ဝါးထရံကာလေးပါ။ ငှားရတာပေါ့။ ဘယ်လိုလုပ် ဝယ်နိုင်မလဲ။ ဝယ်လိုက်ရင် သိန်း ၁၀ဝ ကျော် သွားမှာပေါ့ (ရယ်လျက်)။ ငှားရတယ်။ အိမ်ငှား စရိတ်လည်း သိန်း ၁၀ဝ ထဲ ထည့်ရတယ်လေ” ဟု သူမက ဆိုသည်။

သူမက ဆက်လက်၍ “ဒီမှာပြဿနာက ရေဖိုး၊ မီးဖိုချောင်မှာသုံးတဲ့စရိတ်က တစ်ရက် ၁၀ဝ၀ ကုန်တယ်။ မီးဖိုချောင်သုံးတဲ့ ရေဖိုးပဲ ရှိသေးတယ်နော်။ အဲ့တော့ မီးဖိုချောင်မှာသုံးတဲ့ ရေအတွက်ကိုပဲ တစ်လ ၃၀ဝ၀ဝ။ ချိုးတဲ့ရေ မပါဘူး။ ချိုးတဲ့ရေက ဆီနဲ့မောင်းတင်ရတာ။ ဆီက လေးရက်တစ်ခါ ဝယ်ရတယ်။ ပြီးတဲ့အခါ မီးက တစ်ယူနစ်ကို ၃၀ဝ (ကျပ်) ဝန်းကျင် ပေးရတယ်။ ပေးရတော့ မီးဖိုးက တစ်လကို မကုန်ဘူးဆိုရင် တစ်သိန်းကျော် ပေးရတယ်။ အဲ့ဒါကြောင့် အန်တီတို့က အိမ်လခ၊ ရုံးခန်းစရိတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အနည်းဆုံး သိန်း ၂၀ သုံးရတယ်။ အဲ့ဒါဆို မဲဆွယ်စည်းရုံး စရိတ်က သိန်း ၈၀ လောက်ပဲ အန်တီတို့ သုံးလို့ရ တော့မယ်” ဟု သူမက ရှင်းပြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကုန်ကျစရိတ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၅၊ ၅၆ နှင့် နည်းဥပဒေ ၇၃ မှ ၉၀ အထိအရ ရွေးကောက်ပွဲကိုယ်စားလှယ်သည် ငွေစာရင်း စာအုပ်တွင် ရွေးကောက်ပွဲအတွက် ကုန်ကျစရိတ်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်အတွက် မိမိကိုယ်ပိုင်ငွေဖြင့် သော်လည်းကောင်း၊ ပြည်တွင်းရှိ နိုင်ငံသား တစ်ဦး ချင်းစီကဖြစ်စေ၊ ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ အစုအဖွဲ့များကဖြစ်စေ တရားဝင် ရရှိထားသော ငွေကြေးများထဲမှ ထည့်ဝင်လှူဒါန်းသောငွေဖြင့် သော်လည်းကောင်း၊ သက်ဆိုင်ရာ ပါတီအဖွဲ့ အစည်းက ထောက်ပံ့သည့် ငွေဖြင့် သော်လည်းကောင်း ကျခံပြီးသည့် ကုန်ကျစရိတ်များနှင့် လွှတ်တော်ကိုယ်စားလှယ်က ပေးရန် ကျန်ရှိသေးသည့် အသုံးစရိတ်ငွေများအား မှန်ကန်စွာရေးသွင်းရ မည်ဟု ပြောထားသည်။

ရွေးကောက်ပွဲနည်းဥပဒေ ၇၄ အရ ရွေးကောက်ပွဲ ကုန်ကျစရိတ်အဖြစ် ငွေကျပ် သိန်း ၁၀ဝ ထက် ပို၍ သုံးစွဲခြင်း မပြုရပေ။ လွှတ်တော် ကိုယ်စားလှယ်လောင်း (သို့မဟုတ်) ရွေးကောက်ပွဲ ကိုယ်စားလှယ်သည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ကူညီရန် ရွေးကောက်ပွဲ ကိုယ်စားလှယ်တစ်ဦး၊ မဲရုံအသီးသီးအတွက် မဲရုံကိုယ်စားလှယ်/အကူ ကိုယ်စားလှယ်၊ စာရေး၊ မဲဆော်သြသူနှင့် ရုံးအကူ တစ်ဦးစီတို့အပြင် မဲရုံတစ်ရုံ၌ မဲစာရင်းရှိ မဲဆန္ဒ ရှင်ဦးရေ ၃၀ဝ ထက်ပိုလျှင် နောက်ထပ် စာရေး၊ မဲဆော်သြသူနှင့် ရုံးအကူတစ်ဦးစီတို့မှတစ်ပါး အခကြေးငွေဖြင့် မည်သူ့ကိုမျှ မခန့်ထားရဟု ဖော်ပြထားသည်။

ရွေးကောက်ပွဲ ကုန်ကျစရိတ်များကို လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုယ်တိုင် / ရွေးကောက်ပွဲ ကိုယ်စားလှယ်က ပေးချေနိုင်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ ခွဲက လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းကို သက်ဆိုင်ရာ လွှတ်တော်ကိုယ် စားလှယ် လောင်း/ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့က ပြည်ထောင်စုနယ်မြေရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲ၊ သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသကော်မရှင် အဖွဲ့ခွဲ/ခရိုင်ကော်မရှင်အဖွဲ့ခွဲထံ တင်သွင်းရမည် ဖြစ်သည်။

မြို့နယ်တရားသူကြီး အဆင့်ထက်မနိမ့်သော တရားသူကြီး တစ်ဦးဦးရှေ့ မှောက်၌ ပြုလုပ်သော ကျမ်းကျိန်လွှာကို ပူးတွဲတင်သွင်းရမည်ဟုလည်း ပြဋ္ဌာန်း ထားသည်ကို တွေ့ရသည်။

မဲဆွယ်ကာလအတွင်း မဖြစ်မနေ ကုန်ကျစရိတ်စာရင်းထဲ ထည့်ရသည့် ခေါင်းစဉ်က ၁၀ မှ ၁၄ ခုအထိ ရှိသည်။ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအတွက် မိတ္တူကူးခြင်း၊ ဆိုင်းဘုတ်ထောင်ခြင်း၊ စာရေးကိရိယာ ကိစ္စများမှာ မဖြစ်မနေ သုံးရသော အသုံးစရိတ်များ ဖြစ်သည်။ ယင်းအတွက် သိန်း ၁၀ဝ အား ခေါင်းစဉ် တစ်ခုဆီအတွက် ငွေကြေးများစွာ သုံး၍မရဟု သူမ နားလည်ထားသည်။ ပါတီကြီးများမှာ သူမ မဲဆန္ဒနယ်မြေအတွင်း ဆိုင်းဘုတ်ထောင်တာနှင့်ပင် သိန်း ၁၀ဝ ခန့်ရှိမည်ဟု သူမက မှတ်ချက်ပြုသည်။ ထို့အတွက် အခြားသော မဲဆွယ်ခြင်း လုပ်ငန်းအား မည်ကဲ့သို့ လုပ်မည်ကို သူမက မေးခွန်ထုတ်သည်။ တရားဝင် သုံးနိုင်သော အသုံးစရိတ်အား ကြည့်လိုက်လျှင် ရှင်းရှင်းလင်းလင်း ပေါ်လွင်နေသည်ဟု သူမက ဆိုသည်။

ယင်းကြောင့် ရွေးကောက်ပွဲအား ဥပဒေနှင့်အညီ သိန်း ၁၀ဝ ထက် ကျော်လွန်ပြီး သုံးစွဲရန် မဖြစ်သည့်အတွက် အစစအရာရာ ခေါင်းစဉ်အသီးသီးအတွက် ခြိုးခြံချွေတာရသည်ဟု သူမက ပြောသည်။ သူမအား ထောက်ခံသူများက ဗီနိုင်းများ ချိတ်ချင်သော်လည်း မိမိငွေ မကုန်သည့်တိုင် ရွေးကောက်ပွဲ သိန်း ၁၀ဝ ထဲတွင် ထည့်ပေးရသည့်အတွက် ထို့သို့မလုပ်ရန် ပြောပြထားသည်ဟု ဆိုသည်။

“အဲ့ဒါ တရားမဲ့ပြုကျင့်မှု ဖြစ်တယ်။ အဲ့ဒါကို လွှတ်တော်ကိုယ်စားလှယ် အတော်များများ မသိဘူး။ အန်တီ့နယ် က အန်တီရဲ့ပြိုင်ဘက်တွေလည်း နားလည်မှုလွဲနေတယ်။ သူတို့က သူတို့ရဲ့ ထောက်ခံသူတွေ လုပ်တာ၊ သူတို့နဲ့ မဆိုင်ဘူးလို့ ထင်နေကြတယ်။ အဲ့ဒါ ဖိုးတင် သိန်း ၁၀ဝ ဝင်နေရင် သူတို့ ကျန်တဲ့ဟာတွေ ငုတ်တုတ်ထိုင်နေရုံပဲလေ။ အဲ့ဒါ အရေးကြီးတယ်။ အဲ့ဒါလည်း ကော်မရှင်က ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သင့်တယ်” ဟု အကြံပြုပြော ဆိုသည်။

နံနက်မိုးလင်းတိုင်း သူမ၏ ကူညီပေးသူများနှင့်အတူ ကားနှစ်စီးဖြင့် သူမ မဲဆန္ဒနယ်မြေသို့ထွက်ကာ လူထုနှင့် စကားပြောရန် သွားသည်။ သို့သော် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ချမှတ်ထားသော စည်းကမ်းချက်များအတိုင်း တွေ့ဆုံသည်။ သူမ မဲဆန္ဒနယ်မြေမှာ ကိုဗစ်လူနာ မရှိသဖြင့် မဲဆွယ် စည်းရုံမှုများအား လုပ်နိုင်သည်။ လွန်ခဲ့သော တစ်ပတ်ခန့်က မြိတ်မြို့တွင် ပိုးတွေ့လူနာ ပေါ်သဖြင့် မဲဆွယ်ခြင်းအား ခေတ္တခဏ ရပ်ထားခဲ့ရသည်။ လက်ရှိ စာရင်းများအရ တနင်္သာရီတိုင်းဒေသကြီးတွင် ကိုဗစ်ပိုးတွေ့သူ ၈၇ ဦး ရှိလာပြီ ဖြစ်သည်။ အခြေအနေ မည်သို့ဖြစ် လာဦးမည် မသိ။

ယခုချိန်ထိတော့ တနင်္သာရီမြို့နယ်တွင် မဲဆွယ်၍ ရနေသေးသည်။ သို့သော် မဲဆွယ်စည်းရုံးသည့် ဓာတ်ပုံများအား လူမှုကွန်ရက်တွင် မတင်ကြောင်း သူမက ပြောသည်။ အခြားသော နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၏ ဒေသများတွင် ကိုဗစ်-၁၉ ကြောင့် မဲဆွယ်စည်းရုံးခွင့် မရဘဲ အခက်အခဲများ ဖြစ်နေခြင်းအား အားနာသည့်အတွက် ကျင့်ဝတ်အရ ယင်း မဲဆွယ်ဓာတ်ပုံများအား မတင်ခြင်းဟု သူမက ရှင်းပြသည်။ မဲဆွယ်ရာတွင်လည်း သူမကားထဲမှာသာ လူ ၁၀ ဦးခန့်ထိုင်ပြီး ကျန်ကားကို ဗီနိုင်းကပ်ကာ လူမတင်ဘဲ သွားသည်ဟု ဆိုသည်။

ရုတ်ရုတ်သဲသဲ ဖြစ်မည်ကိုစိုး၍ လူမတင်ခြင်းဟု သူမ က ပြောပြသည်။ ရောက်ခါစက သူမ မဲဆန္ဒနယ် မြေသည် သူမအတွက် ရှင်သန်မှုများဖြင့် စိတ်ကူးယဉ် အိပ်မက် ရာနှုန်းပြည့် ရှိခဲ့သော်လည်း လက်ရှိ ရင်ဆိုင်နေရသော အခက်အခဲများက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အားလျော့သွားစေသည် ဟု သူမက ဆိုသည်။ သူမအား ပြည်ခိုင်ဖြိုးပါတီမှလွဲ၍ ကျန်ဒေသခံပါတီများက သူတို့၏လူငယ်များအား စေလွှတ်ကာ ကူညီပေးကြသော်လည်း လက်ရှိမှာမူ သူမအား အနီပါတီမှ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးလုပ်ကြံမှု လုပ်လာနေသည်ဟု သူမက စွပ်စွဲလိုက်သည်။ သို့သော်လည်း ယင်းအခက်အခဲအား အခြားနိုင်ငံရေး မိတ်ဆွေများထံ တစ်ကြိမ်မှ မဖွင့်ဟခဲ့ဟု ပြောသည်။ ကိုဗစ်ကြောင့် မဲဆွယ်စည်း ရုံးမှု အခက်အခဲဖြစ်နေသော သူမ၏ နိုင်ငံရေးမိတ်ဆွေလောက် ယခုကိစ္စမှာ ခက်ခဲသောအရာ မဟုတ်သောကြောင့် မပြောဆိုခြင်းဟု သူမက ဆိုသည်။

“အန်တီနည်းနည်းတော့ စိတ်ဓာတ်ကျတယ်။ အခု အောက်မှာရော၊ အပေါ်မှာ ရော နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတော့လေ။ အန်တီရှေ့က သယ်ထားသမျှတွေ လိုက် ဖျက်ဆီးသလို ဖြစ်နေတာပေါ့” ဟု ပြောသည်။

မဲဆွယ်စည်းရုံးရေးဆင်းရာ နေရာများသို့ ကားဖြင့်လိုက်ကာ NLDပါတီ နိုင်ရမည်သီချင်း ကျယ်လောင်စွာ ဖွင့်ခြင်းက မဲဆွယ်စကားပြောရာတွင် အခက်အခဲရှိကြောင်း၊ တကူကျေးရွာတွင် မဲဆွယ်စကားပြောနေစဉ် အိမ်ရှေ့တည့်တည့်တွင် ကားကြီးဖြင့် သုံးကြိမ်တိုင် သီချင်း လာဖွင့်သည်ဟု ဆိုသည်။ မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်က ယင်းသို့ဆူညံမှု မဖြစ်ရန် တစ်ရက်စီ ပေးထားသော်လည်း ထူးခြားခြင်း မရှိဟု ဆိုသည်။

“ကားတစ်စီးလုံးမှာလည်း အနီဝတ်တွေ လုံးဝ (နှာခေါင်းစည်း) အကာအကွယ် မတပ်ဘူး။ လူ ၅၀ လည်း ကျော်တယ်။ အဲ့ကားပေါ်မှာ အဲ့လို။ သီချင်းဆိုပြီးတော့ကို လိုက်အော်တာ။ သူတို့ရဲ့ အောင်နိုင်ရေး အဖွဲ့တွေကတော့ အခု စာထုတ်ပါတယ်။ ပြည်သူလူထု ဝန်းရံသူတွေ နိုင်ငံကြီးသား ပီသစွာနဲ့ ကိုယ့်အိမ်ကနေပဲ အလံတွေထောင်၊ စတေကာတွေတပ်ပြီးတော့ ထောက်ခံကြပါ။ အပြင်ကို လူစု၊ လူဝေးနဲ့ မထွက်ကြပါနဲ့ ဆိုပြီးတော့။ ဒါပေမဲ့ ထုတ်တာက ထုတ်တာပဲ။ သူတို့ရဲ့ လုပ်တဲ့သူတွေကလည်း အောက်မှာ လုပ်နေတာပဲ” ဟု သူမက ဆိုသည်။

ယခုလို မဲဆွယ်ချိန်များတွင် သူမအား ဘေးမှနေကာ အမြဲကူညီပေးတတ်သော သူမခင်ပွန်း ကိုအောင်မှာ ပြီးခဲ့သည့် နှစ်များအတွင်း ယခုကဲ့သို့ နှောင့်ယှက်မှုများကြောင့် စိတ်ထိခိုက်ကာ နှလုံးရောဂါဝေဒနာ ခံစားခဲ့ရသည်ဟု သိရသည်။ ယင်းကြောင့် ယခု သူမ ဘေးတွင် ရှိမနေတော့။ သို့သော် သူမအား လာကူမည်ဟု ပြောထားသည်။ သို့သော် သူမက မလာစေချင်၊ သူဝေဒနာ ပြန်ခံစားရမည်ကို သူမ မလိုလား။ ကိုဗစ်ကြောင့်လည်း ခင်ပွန်းဖြစ်သူ ကိုအောင်က မကွေးတိုင်းတွင် ပိတ်မိနေရသည်။ မကြာမီတော့ သူမအနား ရောက်လာမည်ဟု သူမက မရဲတရဲဖြင့် မျှော်လင့်နေ သည်။ သူမအတွက် အကူအညီပေးမည် သူ လိုအပ်နေသည် မဟုတ်ပါလား။ လက်ကျန် မဲဆွယ်ကာလအတွက် အားကိုးရသော လက်တွဲဖော်က သူမ အောင်နိုင်ဖို့ အင်အားတစ်ခုပင်။

လက်ရှိ ကိုယ်ပိုင်ငွေ ၉၀ ရာခိုင်နှုန်းဖြင့် မဲဆွယ်ခရီးကို ချီတက်နေသော်လည်း မကြာမီရက်ပိုင်းအတွင်း မဲဆွယ် ရန်ပုံငွေအား ထူထောင်မည်ဟု သူမက ဖွင့်ဟသည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလတွင်လည်း ယင်းသို့ ထူထောင်ခဲ့ဖူးသည်။

“အန်တီလည်း ကိုဗစ်ကြောင့်ဆိုတော့ ငွေရေး၊ ကြေးရေးကိစ္စတွေ သိပ်မပြောချင်ဘူးလေ။ ခေါင်းထဲကို သိပ်မထည့်ဘူး။ ဒါပေမဲ့ အန်တီထင်တယ်။ ရွေးကောက်ပွဲ မရွှေ့ဘူးဆိုရင်တော့ ထုံးစံအတိုင်း ရွေးကောက်ပွဲဆိုတာ ရန်ပုံ ငွေရှာရတာပဲလေ။ ဖိတ်ခေါ်ရမှာပေါ့။ ဖေ့စ်ဘွတ်က အန်တီ တစ်ခါမှ မဖိတ်ခေါ် ရသေးဘူး” ဟု ဆိုသည်။ ၂၀၂၀ ရွေးကောက်ပွဲ ရန်ပုံငွေနှင့် ပတ်သက်ပြီး အချို့မိတ်ဆွေ များက အနည်းအကျဉ်း ကူညီထားသည် ဟု ပြောပြသည်။

လက်ရှိ မဲဆွယ်ကာလအတွင်း တိုက်ပွဲအခြေအနေများကြောင့် နယ်မြေ လုံခြုံရေးအပိုင်းများ စိုရိမ်မှုများ ဖြစ်နေရသည်။ အထူးသဖြင့် ရခိုင်ဒေသ ဖြစ် သည်။ သူမ မဲဆွယ်ရာ တနင်္သာရီမြို့နယ် မှာတော့ အခြေအနေ ကောင်းနေသည်။ လုံခြုံရေးနှင့် ပတ်သက်ပြီး သူမက ယခုလို ပြောပြသည်။

“နယ်မြေလုံခြုံရေးက ရှိပါတယ်။ အန်တီက မြို့ပေါ်မှာ နေတာအတွက်ကြောင့်မို့ မြို့ပေါ်က တရားဥပဒေကို တာဝန်ယူထားတဲ့အဖွဲ့တွေက တာဝန် ယူထားတယ်။ အန်တီစိုးရိမ်ရတဲ့ နေရာတွေ၊ ဘာတွေသွားရင်တော့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ၊ ဘာတွေ ပို့ပေးမယ်လို့ ကတိပေးထားတာ ရှိတယ်ပေါ့နော်။ အန်တီက ဒေသခံမဟုတ်တော့လေ” ဟု ဆိုသည်။

တနင်္သာရီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ နေရာတွင် နိုင်ငံရေး မျိုးစေ့ချထားသူ သူမအတွက် အနာဂတ် ရည်မှန်းချက်က ပေါ့သေးသေး ဟုတ်လိမ့်မည်တော့ မထင်။ ဂျပန် ယိုကိုဟားမား အမျိုးသားတက္ကသိုလ်မှ ပါရဂူဘွဲ့ရသည့် ဥပဒေပညာရှင်တစ်ဦး ဖြစ်သည့်အပြင် သူမ ပါရဂူဘွဲ့လွန် ဆက်လုပ်ရာ ဂျပန်ရှိ ကုလသမဂ္ဂ တက္ကသိုလ် (UNU) တွင်လည်း သုတေသီနှင့် ဧည့်ပါမောက္ခ တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာဆုများ လည်း ရရှိထားသူ တစ်ယောက် ဖြစ်သည်။ သူမကား လာမည့်ရွေးကောက်ပွဲတွင် ရွေးကောက်ခံရလျှင် တိုင်းရင်းသားများ၏ ဖက်ဒရယ် ဒီမိုကရေစီကိုသွားရန် ကိစ္စ၊ မိမိ တိုင်းဒေသကြီးအတွက်လုံ လောက်သော ဘဏ္ဍာငွေရရန် ကိစ္စများ အတွက် မဲဆွယ်တိုက်ပွဲအား ဆင်နွှဲနေပြီ မဟုတ်ပါလား။

စိုးရာဇာထွန်း