အထူးရဲသင်တန်း အောက်တိုဘာလဆန်းတွင် ပေးမည်

0
258
Dawei Watch, Dawei News, Dawei News Media

ရွေးကောက်ပွဲလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲများကို အောက်တိုဘာလဆန်းတွင် သင်တန်းပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သင်တန်းမှာ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်တွင်ပင် ပြုလုပ်မည်ဖြစ်သည်။

“မြို့နယ်အလိုက် မဲရုံအရေအတွက်နဲ့ ညီမျှတဲ့ အထူးရဲတွေကို မြို့နယ်အလိုက် (သင်တန်း) ပေးမှာ” ဟု ယင်း တာဝန်ရှိသူက ပြောသည်။

“နိုလ်” မုန်တိုင်းဒဏ်သင့်သူများအတွက် ထောက်ပံ့ကြေး

မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦးနှုန်း ခန့်အပ်မည်ဖြစ်ပြီး ၎င်းတို့ကို ရဲတပ်သား လစာ၊ နေ့တွက်ရိက္ခာစရိတ်နှင့် ယူနီဖောင်း ထောက်ပံ့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရဲတပ်သားတစ်ဦး၏ လစာမှာ ၁၄၄၀ဝ၀ ကျပ်ရှိပြီး ရိက္ခာစရိတ်မှာ တစ်ရက်လျှင် ၁၈၀ဝ ကျပ်နှုန်း ခံစားခွင့်ရှိသည်။

လတ်တလောစာရင်းများအရ တိုင်းအတွင်း အထူးရဲ ၁၂၁၀ ဦးခန့်ရှိ မည်ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့ မှ နိုဝင်ဘာလ ၁၅ ရက်နေ့ အထိ ၄၆ ရက်ကြာ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

အထူးရဲများကို သင်တန်းပေးချိန်တွင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ အစရှိသည့် ဥပဒေများနှင့် လူ့အခွင့်အရေးဘာသာရပ် သတင်း မီဒီယာကျင့်ဝတ် အစရှိသည့် ဘာသာရပ်များကို ပို့ချမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲကျင်းပစဉ်က ခန့်အပ်ခဲ့သည့် အထူးရဲများမှာ ရွေးကောက်ပွဲကျင်းပပြီးချိန်တွင်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ခြင်း မရှိသည့် အမှုအခင်းများတွင် ဝင်ရောက် စွက်ဖက်မှုများရှိသည်ဟုဆိုကာ ပြည်သူများအကြား ဝေဖန်မှုအချို့ ရှိခဲ့သည်။

လက်ရှိတွင် ယင်းကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်စေရန်အတွက် သင်တန်းပေးစဉ် ကာလတွင် စနစ်တကျသင်ကြားသွားမည်ဖြစ်ကြောင်း ရဲမှူးကြီးကြည်စိုးက ပြောဆိုထားသည်။

၂၀၁၅ ရွေးကောက်ပွဲကျင်းပချိန်က တနင်္သာရီတိုင်းအတွင်း အထူးရဲ ၁၁၇၀ ဦး တာဝန်ထမ်းဆောင်ခဲ့ပြီး ရွေးကောက်ပွဲ ပြီးချိန်တွင် မီးသတ်နှင့် ရဲတပ်ဖွဲ့တွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် လျှောက်ထားသူ ၄၀ ကျော်ရှိသည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ထံမှ သိရသည်။

ကိုဇော်