ပေါက်တိုင်းချောင်းအတွင်း ခွင့်ပြုချက်မဲ့ သဲကျောက်ထုတ်သူ ဖမ်းခံရ

0
268

ထားဝယ်မြို့နယ်အတွင်းရှိ ပေါက်တိုင်းချောင်းအတွင်း တရားမဝင် သဲကျောက်ထုတ်လုပ်နေသူတစ်ဦးကို စက်တင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါချောင်းအတွင်း စက် ယန္တရားများဖြင့် တရားမဝင်သဲကျောက် စုပ်ယူနေကြောင်း လိပ်ကြယ်ပြောင် ကျေးရွာ ဒေသခံများက ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးထံ စာပို့တိုင်ကြားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

တိုင်စာ၏ မိတ္တူကို ဝန်ကြီးချုပ်နှင့် ပကာရီကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူထံ ပေးပို့ခဲ့သည်။

ထိုသို့တိုင်ကြားချက်ကြောင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့ဖြင့် သွားရောက်စစ်ဆေးရာမှ တရားမဝင်သဲကျောက်ထုတ်နေသူကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ယင်းသို့ မဖမ်းဆီးမီအချိန်က ပေါက်တိုင်းချောင်းအတွင်း တရားမဝင် သဲကျောက်လုပ်ငန်းများအပြင် တရား မဝင်ခဲစုပ်သည့်ဖောင်များလည်း ရှိနေဆဲသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်သဲကျောက်တူးသည့် အသက် ၃၈ နှစ်အရွယ် အမျိုးသားကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဥပဒေပုဒ်မ -၂၆ ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

Dawei Watch