“နိုလ်” မုန်တိုင်းဒဏ်သင့်သူများအတွက် ထောက်ပံ့ကြေး

0
285

ပြီးခဲ့သည့်အပတ်က တနင်္သာရီတိုင်းအတွင်း မွှေနှောက်သွားသည့် “နိုလ်” မုန်တိုင်းကြောင့် ဘေးသင့်သူများအား ထောက်ပံ့ကြေးပေးရန် အစိုးရက စီစဉ်နေသည်။

စက်တင်ဘာလ တတိယအပတ်ခန့်တွင် ဖြစ်ပွားခဲ့သည့် မုန်တိုင်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသများရှိ လူနေအိမ်ရာနှင့်ချီ ပျက်စီးခဲ့သည်။

မုန်တိုင်းအရှိန်ကြောင့် ပင်လယ် ဒီရေလှိုင်းရိုက်ခတ်ခြင်း၊ မိုးသက်လေပြင်းကျရောက်ခြင်းနှင့် ရေကြီးရေ လျှံမှုများကြောင့် တိုင်းအတွင်းခရိုင်အားလုံးရှိ ပင်လယ်ကမ်းစပ်ရွာများတွင် ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ သဘာဝဘေးဖြစ်ပွားလာပါက ထောက်ပံ့ရန် အရေးပေါ်ရန်ပုံငွေအဖြစ် ပြည်ထောင်စုအစိုးရက ငွေကျပ် သန်းတစ်ထောင်(၁ ဘီလီယံ) ကို တိုင်းနှင့် ပြည်နယ်အလိုက် ကြိုတင်ပြီး ခွဲဝေပေးထားသည်။

ယင်းတို့အနက် ထိုရန်ပုံငွေထဲမှ ကိုဗစ်-၁၉ ကပ်ဘေးအတွက် ကျပ်သန်း သုံးရာထုတ်ယူသုံးစွဲထားပြီးဖြစ်ရာ ကျပ်သန်းခုနစ်ရာ ကျန်နေသေးသည်။

အဆိုပါငွေများကို မုန်တိုင်းကြောင့် ပျက်စီးသွားသည့်လူနေအိမ်များအား ထောက်ပံ့ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

သဘာဝဘေးကြောင့် နေအိမ်ပျက်စီးဆုံးရှုံးမှုနှင့် ပတ်သက်၍ ချက်ချင်း ဆောင်ရွက်ရသည့်အပိုင်းနှင့် ပြန်လည် ထူထောင်ရေးအပိုင်းဟူ၍ ရှိသည့်အနက် ချက်ချင်းဆောင်ရွက်ရမည့်အပိုင်းကို လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင် က ဆိုသည်။

“ရိက္ခာနဲ့ ပတ်သက်ရင် ကျွန်တော်တို့က ချက်ချင်းထောက်ပံ့ခိုင်းတယ်။ ကျန်တဲ့ နေအိမ်ပြုပြင်ဖို့အပိုင်းတွေမှာတော့ အချက်အလက်တွေ စုရတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။

အချက်အလက်စုဆောင်းသည့် အပိုင်းတွင် အချိန်အနည်းငယ်ယူရလေ့ရှိကြောင်း ၎င်းက ဆိုသည်။

တိုင်းအစိုးရအနေဖြင့် သဘာဝဘေးကြောင့် နေအိမ်အလုံးစုံပျက်စီးပါ က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာ(ဘေးစီမံ) ထောက်ပံ့ငွေ၏ နှစ်ဆ ထောက်ပံ့နေပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးပါက ယင်းဌာနနှုန်းထားအတိုင်းပင် ထောက်ပံ့နေကြောင်း ပြီးခဲ့သည့်နှစ်တွင် ဝန်ကြီးချုပ်က ပြောဆိုထားသည်။

တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ကောက်ယူထားသည့် စာရင်းအရ တနင်္သာရီတိုင်းအတွင်းတွင် လူနေအိမ် ၈၇၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

နေအိမ်အလုံးစုံပျက်စီးပါက ပျဉ်ထောင်အိမ်အတွက် ငွေကျပ် တစ်သိန်း၊ တိုက်အိမ်အတွက် ငွေကျပ် နှစ်သိန်း ထောက်ပံ့ပေးကြောင်း အထက်ပါဌာနထံမှ သိရသည်။

အကယ်၍ ပျက်စီးမှုသည် ကျပ်တစ်သိန်းအောက်ဖြစ်ပါက ငွေကျပ် သုံးသောင်း၊ နှစ်သိန်းနှင့် အထက်ဖြစ်ပါက ကျပ်လေးသောင်း၊ သုံးသိန်းမှ လေးသိန်းကြားဖြစ်ပါက ကျပ်ခြောက်သောင်း၊ ငါးသိန်းဝန်းကျင်ပျက်စီးပါက ကျပ်ရှစ်သောင်းနှင့် ငါးသိန်းအထက် ပျက်စီးပါက ကျပ်ကိုးသောင်း ထောက်ပံ့ပေးသည်ဟု အထက်ပါ ဌာနမှ တာဝန်ရှိသူက ဆိုသည်။

လက်ရှိသဘာဝဘေးကြောင့် နေအိမ်ပျက်စီးမှုများအပြင် လမ်းပျက်စီးမှုလည်း ရှိခဲ့ပြီး ယင်းပျက်စီးမှုပမာဏကိုမူ မသိရသေးပေ။

ပျက်စီးသွားသည့်လမ်းများကို အထက်ပါရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်နိုင်ရန် သက်ဆိုင်ရာဌာနကို တွက်ချက်တင်ပြခိုင်းထားကြောင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။

“ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့အညီ အချိန်နဲ့တပြေးညီ လုပ်ပေးနိုင်အောင် လုပ်နေတယ်ခင်ဗျား” ဟု ဦးမြင့်မောင်က ပြောသည်။

Dawei Watch