စည်းကြပ်မှုလွတ်ကင်းငွေများ အခွန်ပေးသွင်းခြင်းကို ဒီဇင်ဘာလကုန်အထိ ခွင့်ပြု

0
293
Dawei Watch, Dawei News, Dawei News Media

စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအတွက် အခွန်ငွေပေးသွင်းခြင်းကို ဒီဇင်ဘာလကုန်ထိ ခွင့်ပြုပေးထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက စက်တင်ဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ ယင်းငွေများအတွက် အခွန်သက်သာခွင့်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက် အထိသာ ခံစားခွင့်ပြုထားပြီး ကိုဗစ်-၁၉ ကာလအတွင်း မြန်မာ့စီးပွားရေးဘဏ်တွင် စုပြုံ၍ ငွေပေးသွင်းလျက်ရှိသောကြောင့် အချိန်ကာလ ထပ်တိုးပေးလိုက်ခြင်း ဖြစ်သည်။

စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေကြေညာလွှာများကို သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးရုံးများတွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၃၀ ရက်နောက်ဆုံးထား တင်ရမည်ဖြစ်ပြီး ကြေညာလွှာ လက်ခံဖြတ်ပိုင်းရပါက လူကိုယ်တိုင်စောင့်ဆိုင်း စရာမလိုတော့ဟု ထုတ်ပြန်ချက်က ဆိုသည်။

“အခွန်ရုံးမှာတော့ ကြေညာလွှာ လာတင်ထားရမယ်။ ရှင်းရှင်းပြောရရင် တန်းလာစီထားတဲ့ သဘောပေါ့” တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှ တာဝန်ရှိသူ က ဆိုသည်။

စိစစ်မှုများကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ စိစစ်မည်ဖြစ်ပြီး လိုအပ်ပါက တယ်လီဖုန်းနှင့် ဖြစ်စေ၊ အခြား အီလက်ထရောနစ်စနစ်ဖြင့် ဖြစ်စေ၊ လူတွေ့၍ ဖြစ်စေ ငွေသွင်းချလန်များကို ထုတ်ပေးမည်ဖြစ်သည်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ် အခွန်အကောက် ဥပဒေအရ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအား ကျပ်သိန်း တစ်ထောင်အထိကို ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်ထောင်အထက်မှ ကျပ်သိန်း သုံးထောင်အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးထောင်အထက်မှ ကျပ်သိန်း သုံးသောင်းအထိကို ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း သုံးသောင်းအထက်ကို ၃၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်ဖြစ်သည်။

လာမည့်ဘဏ္ဍာနှစ်တွင်မူ ကျပ်သိန်း တစ်ထောင်အထိကို ၆ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်ထောင်အထက်မှ ကျပ်သိန်း သုံးထောင်အထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးထောင်အထက်မှ ကျပ်သိန်း သုံးသောင်းအထိကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း သုံးသောင်းနှင့် အထက်ကို ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဟု သတ်မှတ်ထားသည်။

မိုးမြင့်