မီးဆက်ပျက်နေလျှင် ယခင်ကဲ့သို့ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ပြန်သွားရန်တိုက်တွန်းမည်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော

0
307
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် မကြာခဏဖြစ်ပေါ် နေသဖြင့် ဆက်လက်သည်းမခံနိုင်တော့ပါက ကိုယ့်အားကိုယ်ကိုးစနစ်ကို ပြန်လည်ကျင့်သုံးရန် စဉ်းစားရမည်ဖြစ်ကြောင်း မြိတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက ပြောဆိုသည်။

လက်ရှိတွင် မြိတ်မြို့အား Petro & Trans ကုမ္ပဏီက လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။

စက်တင်ဘာလ ၂၂ ရက်နေ့က လွတ်တော်ကိုယ်စားလှယ်များသည် ယင်းကုမ္ပဏီတာဝန်ရှိသူနှင့် သွားရောက် တွေ့ဆုံခဲ့ပြီးနောက် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပေါက်တိုင်းချောင်းအတွင်း ခွင့်ပြုချက်မဲ့ သဲကျောက်ထုတ်သူ ဖမ်းခံရ

Petro & Trans ကုမ္ပဏီသည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်ကာ မြိတ်မြို့အား လျှပ်စစ်ဖြန့်ဖြူး ခြင်းလုပ်ငန်းကို တာဝန်ယူလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ စတင် တာဝန်ယူခဲ့ချိန်မှ စ၍ ယနေ့အထိ မကြာခဏ မီးပျက်နေခဲ့သည်။
မြိတ်သူမြိတ်သားများအနေဖြင့် ကုမ္ပဏီများက တာဝန်ယူမလုပ်ဆောင်ခင် ယခင်ကတည်းက ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် လျှပ်စစ်ဓာတ်အားကို ၂၄ နာရီ အသုံးပြု နေထိုင်လာခဲ့ကြပြီးဖြစ်သည်။

သို့ဖြစ်ရာ မီးပျက်ခြင်းများ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်သွားပြီး အဆင်မပြေလျှင် ယခင်အတိုင်း ကိုယ့်အားကိုယ်ကိုးပုံစံဖြင့် ပြန်လည်လုပ်ဆောင်ရန် မြို့သူမြို့သားများအား တိုက်တွန်းသွားမည်ဟု ဦးစိုးပိုင်ဌေးက ပြောဆိုသည်။

“စောင့်ကြည့်မယ်။ အကူအညီပေးမယ်။ တိုင်းအစိုးရနဲ့ ညှိနှိုင်းပေးမယ်။ အဆင်မပြေရင် ပြည်ထောင်စုအစိုးရအထိ တင်ပြသွားပြီး ကိုယ့်အားကိုယ်ကိုး လုပ်ဖို့ တိုက်တွန်းသွားမယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကုမ္ပဏီတာဝန်ရှိသူအား ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ၎င်းက ငြင်းပယ်ခဲ့သည်။

သို့သော်လည်း Petro & Trans အနေနှင့် လျှပ်စစ်မီးပြတ်တောက်သည့် အကြောင်းအရင်း၊ ပြတ်တောက်မည့် ရပ်ကွက်၊ အချိန် စသည့်အချက်အလက်များနှင့် ပတ်သက်ပြီး မီးသုံးစွဲသူများအား ကြိုတင်အသိပေး အကြောင်းကြားလေ့ရှိသည်ကို ယင်းကုမ္ပဏီ၏ လူမှုကွန်ရက် Facebook စာမျက်နှာမှ သိရသည်။

ကုမ္ပဏီအနေနှင့် မြိတ်မြို့နယ်အတွက် HFO လောင်စာဖြင့် လျှပ်စစ်ဖြန့်ဖြူးရန် တိုင်းအစိုးရထံမှ ခွင့်ပြုချက်ရထားပြီး ကိုဗစ်-၁၉ ကပ်ပရောဂါအခြေအနေ ကြောင့် ပြည်ပမှစက်ကြီးများ သွားရောက်သယ်ယူရန် အခက်အခဲ၊ စက်ရုံတည်ဆောက်ရန် မြေနေရာ အခက်အခဲများရှိနေကာ လက်ရှိအချိန်တွင် ဒီဇယ်ဆီဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေကြောင်း သိရသည်။

မြိတ်မြို့ခံများအနေနှင့် Petro & Trans က စတင်ဖြန့်ဖြူးသည့်နေ့ကစပြီး မကြာခဏမီးပျက်နေမှုကို နားလည်သည်းခံခဲ့သော်လည်း ယခုအချိန်တွင် တစ်နေ့တစ်ခြား စိတ်ပျက်လာနေသည်ကို ကြားသိနေရကြောင်း ဦးတင်ကိုကိုဦး ကဆိုသည်။

“မီးပျက်တဲ့ ပြဿနာ ပြေပျောက်သွားမလားဆိုတဲ့ မျှော်လင့်ချက်က ခုချိန်မှာ ပျောက်ဆုံးသွားသလောက်ကို ဖြစ်နေပါပြီ” ဟု ၎င်းကပြောသည်။

မြိတ်မြို့မီးလင်းရေးအတွက် နှစ်ပေါင်းများစွာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်ဆောင်လာခဲ့သော အတွေ့အကြုံရှိ ထားပြီးသည့်အတွက် ယင်းသို့ပြန်သွားရန် အခက်အခဲမရှိဟု ယုံကြည်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

ကိုဆန်း