ထီးခီးလမ်းမြေယာနှင့် သီးနှံလျော်ကြေးပေးသည့်စနစ် ဒေသခံများအတွက် အဆင်မပြေ

0
224
Dawei Watch, Dawei News, Dawei News Media

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ထားသည့် ထီးခီးနှစ်လမ်းသွားကားလမ်းအဖြစ် ဖောက်မည့် စီမံကိန်းအတွက် မြေယာနှင့် သီးနှံလျော်ကြေးပေးမည့်စနစ်မှာ အဆင်မပြေဖြစ်နေကြောင်း ဒေသခံတောင်သူ အချို့ထံမှ သိရသည်။

အဆိုပါလမ်း မြေယာလျော်ကြေးငွေအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံမှုကို စက်တင်ဘာလ ၇ ရက်နေ့က မေတ္တာမြို့တွင် ပြုလုပ်ခဲ့သည်။

ပုံစံ ၇ (လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်)ရှိသူကိုသာ လျော်ကြေးပေးမည်ဟု ဌာနတာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူအချို့ထံမှ သိရသည်။

ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးစောဟာဗီနှင့် တွေ့ဆုံခြင်း

ပုံစံ-၇ ရှိသည့် မြေယာအတွက် ကာလတန်ဖိုး၏ သုံးဆကို ပေးလျော်မည်ဖြစ်ပြီး တစ်ဧကလျှင် ကာလတန်ဖိုး ကျပ် ၁၀ သိန်း သတ်မှတ်ထားရာ ကျပ်သိန်း ၃၀ ရရှိမည်ဖြစ်သည်။

လက်ရှိမြေပြင်တွင်မူ အစိုးရက ထုတ်ပေးသည့် ပုံစံ- ၇ လက်မှတ်မရှိသည့် တောင်သူများလည်း ရှိနေပြီး ၎င်းတို့က မြေယာလျော်ကြေးမရနိုင်သည့် အနေအထားဖြစ်နေကြောင်း လူထု တွေ့ဆုံမှုအခမ်းအနားသို့ တက်ရောက်ခဲ့သည့် သဗြုချောင်းကျေးရွာနေ စောကဲဒို က ပြောသည်။

“ဒေသခံတွေအနေနဲ့ကတော့ မြေယာ မှတ်ပုံတင်ရှိသည်ဖြစ်စေ/ မရှိသည် ဖြစ်စေပေါ့နော်။ မိရိုးဖလာ ဓားမဦးချ လုပ်ကိုင်တဲ့ ဒေသခံတွေအားလုံး တန်းတူ ညီမျှရစေချင်တာပေါ့” ဟု ၎င်းက ပြော သည်။

၎င်းသည် ထီးခီးလမ်း မြေယာ စီမံခန့်ခွဲမှု ကော်မတီဝင်အဖြစ် ပါဝင်သူဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် ဥယျာဉ်ခြံ နှစ် ဧကခန့်မှာ ပုံစံ-၇ မရှိသလို လမ်းချဲ့ ဖောက်လုပ်ရာတွင်လည်း ပါဝင်နေသည်။

အဆိုပါ ကော်မတီကို ၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ ဌာနဆိုင်ရာများ၊ KNUတာဝန်ရှိသူများ၊ ဒေသခံများပါဝင်သည်။

ဒေသခံတောင်သူအများစုမှာ ပုံစံ-၇ လျှောက်ရမည်ဟု သိရှိသူနည်းပါးသကဲ့သို့ သက်ဆိုင်ရာဌာနသို့ သွား လျှောက်ရာတွင်လည်း အခက်အခဲများစွာ ရှိနေကြောင်း စောကဲဒိုက ပြောဆိုသည်။

သို့သော် သူ့အဆိုအရ အဆိုပါ လမ်းတစ်လျှောက်ရှိ တောင်သူအချို့တွင် အစိုးရကထုတ်ပေးသည့် ပုံစံ-၇ မရှိကြသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်အမျိုး သားအစည်းအရုံး KNUက ထုတ်ပေးထားသည့် မြေယာမှတ်ပုံတင်လက်မှတ် ရှိနေကြသည်။

သိုရာတွင် မြေယာလျော်ကြေးပေးရာ၌ KNU၏ မြေယာမှတ်ပုံတင်လက်မှတ်ရှိသူများကို အသိအမှတ်မပြုကြောင်း ကို ဌာနတာဝန်ရှိသူများက ပြောဆိုခဲ့သည်ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒေသခံများက တင်ပြလာပါက တိုင်းဒေသကြီး အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိတ်-ထားဝယ်ခရိုင် KNUတပ်မဟာ ၄ ဆက်ဆံရေးရုံး တာဝန်ခံ ဖဒိုဝင်းခိုင်က ဆိုသည်။

“လောလောဆယ် လမ်းကိစ္စတွေကတော့ ကျွန်တော်တို့နဲ့ ညှိနှိုင်းထားတာ ဘာမှမရှိသေးဘူး” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ထီးခီးလမ်းအတွက် သီးနှံလျော်ကြေးအဖြစ် သီးနှံအမျိုးအစား နှစ်ဆယ်ခန့် အကျုံးဝင်ကြောင်းသိရပြီး အပင်သက်တမ်းကို ငါးနှစ်အောက်နှင့် ငါးနှစ်အထက်ဟူ၍ နှစ်မျိုးခွဲခြား သတ်မှတ်ထားသည်ဟု တွေ့ဆုံပွဲတွင် ရှင်းပြကြောင်း ပျဉ်းသားတောကျေးရွာ တာဝန်ခံဖြစ်သူ စောဝေဇင်ဖြိုးက ဆိုသည်။

ကွမ်းသီးပင်ဆိုလျှင် ငါးနှစ်အောက် သက်တမ်းဖြစ်ပါက နှစ်ထောင်ကျပ် သတ်မှတ်ထားပြီး ကာလတန်ဖိုး၏ သုံးဆပေးမည် ဖြစ်သည့်အတွက် ခြောက်ထောင်ကျပ်ရမည်။ သက်တမ်း ငါးနှစ်အထက် ဖြစ်ပါက လေးထောင်ကျပ် သတ်မှတ်ပြီး ကာလတန်ဖိုး၏ သုံးဆဖြင့်တွက်ပါက တစ်သောင်းနှစ်ထောင် ကျပ်ဖြစ်သည်။

ရော်ဘာပင်ဆိုလျှင် သက်တမ်းငါး နှစ်အောက်ဆိုပါက တစ်ပင်လျှင် ငါးထောင်ကျပ်သတ်မှတ်ပြီး သုံးဆဖြစ် သည့်အတွက် ကျပ်တစ်သောင်းခွဲ၊ ငါးနှစ်အထက်ဖြစ်ပါက တစ်ပင်လျှင် ရှစ်ထောင်ကျပ် သတ်မှတ်ပြီး ကာလတန်ဖိုး၏ သုံးဆပေးမည်ဖြစ်သည့်အတွက် နှစ်သောင်းလေးထောင်ကျပ်နှုန်းဖြစ်သည်။

ထိုသို့သီးနှံလျော်ကြေးသတ်မှတ်ရာတွင် ဒေသခံများနှင့် ညှိနှိုင်းတိုင်ပင်ပြီး သဘောတူညီချက်ရမှသာ သတ်မှတ်သင့်ကြောင်း စောဝေဇင်ဖြိုးက ဆိုသည်။

လက်ရှိ သတ်မှတ်ထားသည့် သီးနှံလျော်ကြေးမှာ နည်းပါးနေသည့်အပြင် အပင်သီးနှံလျော်ကြေးပေးရာတွင်လည်း မမျှတသည့် အနေအထားဖြစ်နေကြောင်း ၎င်းက ပြောသည်။

ပုံစံ ၇ ရှိသည့် မြေပေါ်စိုက်ထားသည့် အပင်အတွက် လျော်ကြေးပေးရာတွင် ကာလတန်ဖိုး၏ သုံးဆ သတ်မှတ်ပြီး ပုံစံ-၇ မရှိသည့်မြေပေါ်ရှိ အပင်နစ်နာ ကြေးသတ်မှတ်ရာတွင် ကာလတန်ဖိုး၏ နှစ်ဆခွဲဖြစ်သည်ဟု ဆိုသည်။

“စိုက်ထားတာက တစ်ရက်စာ တစ်နှစ်စာမဟုတ်ဘဲ တစ်သက်စာပဲ ကျွန်တော်တို့လုပ်ထားတာ။ အသက်ကြီး လာတဲ့အချိန်ဆို စိုးရိမ်ရတာပေါ့” ဟု စောဝေဇင်ဖြိုးက ပြောသည်။

ထီးခီးလမ်းစဖောက်စဉ်က ITD ကုမ္ပဏီမှ လျော်ကြေးပေးရာတွင် အသီးရှိသည့်ကွမ်းသီးပင်တစ်ပင်လျှင် ကျပ်တစ် သိန်းနှစ်သောင်းနှင့် အစေးခြစ်နိုင်သည့် ရော်ဘာပင်တစ်ပင်လျှင် ကျပ်သုံးသိန်းအထိ လျော်ကြေးပေးခဲ့ရာ အဆိုပါနှုန်း ထားအတိုင်းမဟုတ်လျှင်သော်မှ ထက်ဝက်ခန့်ပေးသင့်သည်ဟု ၎င်းက ဆိုသည်။

စောဝေဇင်ဖြိုးသည် ပျဉ်းသား တောကျေးရွာတာဝန်ခံဖြစ်သည့်အပြင် ထီးခီးလမ်း မြေယာစီမံခန့်ခွဲမှုကော်မတီ ဝင်အဖြစ် ပါဝင်သူဖြစ်သည်။ ၎င်းပိုင်ဆိုင် သည့် ဥယျာဉ်ခြံမြေ တစ်ဧကခွဲခန့်မှာ လမ်းချဲ့ထွင်ရာတွင် ပါဝင်မည်ဖြစ်ပြီး ယင်းများအတွက် KNU၏ မြေယာ မှတ်ပုံတင်လက်မှတ် ရရှိထားသည်ဟု ဆိုသည်။

ထီးခီးလမ်း လျော်ကြေးငွေပေးချေရေးနှင့် ပြန်လည် နေရာချထားရေး ကော်မတီတွဲဖက်အတွင်းရေးမှူး ၂ ဖြစ်သည့် လမ်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသက်ဇော်ဝင်းကမူ ထီးခီးလမ်းလျော်ကြေးနှင့် ပတ်သက်၍ လျော် ကြေးငွေပမာဏကို အတိအကျ မသတ်မှတ်ရသေးကြောင်း ပြောသည်။

“အခုက အစည်းအဝေးထိုင်တုန်းပဲ ရှိသေးတယ်ခင်ဗျား။ အတိအကျ မသတ် မှတ်ရသေးဘူး” ဟု ၎င်းက ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ လာမည့် တစ်လ သို့မဟုတ် နှစ်လအတွင်း အစည်း အဝေးလုပ်ကာ တရားဝင်ထုတ်ပြန်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အထက်ပါကော်မတီတွင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

ထီးခီးလမ်းကို နှစ်လမ်းသွားကားလမ်းအဖြစ် အဆင့်မြှင့်မည့်လုပ်ငန်းအတွက် ထိုင်းနိုင်ငံ(NEDA) ထံမှ ချေး ငွေယူရန် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်က ဆုံးဖြတ်ထားသည်။ လက်ရှိတွင် လမ်းအတွက် ချေးငွေကို ညှိနှိုင်းနေဆဲဖြစ်ပြီး ချေးငွေရရှိပါက အဆင်သင့်ဖြစ်နေစေရန် လျော်ကြေးကိစ္စ လုပ်ဆောင်နေခြင်းဖြစ်သည်။ နှစ်လမ်းသွားလမ်းအဖြစ် အဆင့်မြှင့်ရာတွင် ထိုင်းနိုင်ငံ၏ NEDA အဖွဲ့တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီကိုသာ တင်ဒါယှဉ်ပြိုင် ခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုထားသည်။ သို့သော် မြေယာလျော်ကြေးငွေကို မြန်မာအစိုးရက ကျခံပေးလျော်ရမည်ဖြစ်သည်။

အထက်ပါလမ်းနှင့် ပတ်သက်၍ ဒေသခံဌာနေတိုင်းရင်းသားများက ယင်းလမ်းစီမံကိန်း အကောင်အထည်ဖော်စဉ် မပြီးပြတ်သေးသည့် ပြဿနာ များကို ဖြေရှင်းပေးရန်၊ သဘာဝပတ်ဝန်းကျင် (အထူးသဖြင့် ရေအရင်းအမြစ်) ပြန်လည်ထိန်းသိမ်းပေးရန်၊ မြေယာနှင့် သီးနှံအပါအဝင် လျော်ကြေးများကို တရားမျှတစွာ ပွင့်လင်းမြင်သာစွာ ပေးဆောင်ရန် စသည့် အကြံပြုချက် ၇ ချက်ကို NEDA နှင့် ထိုင်းလူ့အခွင့်အရေး ကော်မရှင်တို့ထံ ပေးပို့ခဲ့ဖူးသည်။

ထိုင်းကုမ္ပဏီ ITD နှင့် မြန်မာအစိုးရတို့အကြား ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ပါဝင်သော စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ၂၀ဝ၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေခဲ့သည်။

Dawei Watch