ဂျပန်ကလှူသည့် ဆေးရုံအဆောက်အအုံအသစ် နောက်နှစ်ဆန်းတွင် စဆောက်ရန် အဆိုပြု

0
229
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ဆေးရုံကြီးဝင်းအတွင်း ဂျပန်နိုင်ငံကလှူသည့် အဆောက်အအုံအသစ်ကို လာမည့်နှစ်ဆန်းပိုင်းတွင် စဆောက်ရန် အဆိုပြုထားကြောင်း ယင်းဆေးရုံအုပ်ကြီးထံမှ သိရသည်။

ဂျပန်နိုင်ငံ၏ JICA (အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) က လှူဒါန်းခြင်းဖြစ်ပြီး နှစ်ထပ်အဆောက်အအုံဖြစ်ကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စဆောက်ရန် အဆိုပြုထားခြင်းဖြစ်သည်။

လက်ရှိတွင် ဆေးရုံဝင်းအတွင်း မြေနေရာရှင်းလင်းထားပြီး အဆောက်အအုံအပြင် ခွဲစိတ်ခန်း၊ ရောဂါရှာဖွေရေး ဌာန (ဓာတ်ခွဲ၊ဓာတ်မှန်) အစရှိသည့် ကုသရေးနှင့် သက်ဆိုင်သည့် အခန်းများ ပါဝင်မည်ဖြစ်ကြောင်း ထားဝယ်ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်းက ဆိုသည်။

သုံးဘီးယာဉ်အသင်းတစ်ခုက ယာဉ်ရပ်နားစခန်းအတွက် မြေနေရာလျှောက်ထား

ယင်းမြေကွက်လပ်အတွင်း ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံတို့က နှစ်ထပ်အဆောက်အအုံတစ်ခုစီကို တည်ဆောက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံကဆောက်မည့် အဆောက်အအုံကို ယခုနှစ်အတွင်းမဆောက်ဖြစ်ပါက ဂျပန်နိုင်ငံက စဆောက်တော့မည်ဟု အဆိုပြုထားကြောင်း ၎င်းက ရှင်းပြသည်။

ယင်းအဆောက်အအုံနှစ်ခုကို တစ်ပြိုင်တည်းဆောက်ရန် အဆင်မပြေသဖြင့် ယခုနှစ် သြဂုတ်လက ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ကျန်းမာရေးဝန်ကြီးဌာနတို့ အစည်းအဝေးလုပ်ပြီးချိန်တွင် ထိုင်းနိုင်ငံက အရင်တည်ဆောက်ရန် ဆွေးနွေးခဲ့ကြောင်း ဒေါက်တာ မျိုးမင်းက ဆိုသည်။

ထိုင်းနိုင်ငံက အရေးပေါ်ပြင်ပလူနာ ဌာန နှစ်ထပ်အဆောက်အအုံကို တည်ဆောက်မည်ဖြစ်ပြီး အသက်ကယ်ပစ္စည်းများ လှူမည်ဖြစ်သည်။

“စည်ပင်သာယာတောင် တင်ထား ပြီးပြီ။ ခွင့်ပြုမိန့်တောင်ကျပြီးပြီ” ဟု ဒေါက်တာမျိုးမင်းက ပြောသည်။

သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံက မဆောက်ဖြစ်သေးသည့်အတွက် ဂျပန်နိုင်ငံက လာမည့်နှစ် ဇန်နဝါရီလတွင် စဆောက်ရန် အဆိုပြု ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဂျပန်ကဆောက်မည့် အဆောက်အအုံဆောက်မည့် တင်ဒါကို ယခုနှစ် အောက်တိုဘာလတွင် ဂျပန်နိုင်ငံတွင်ပင် တင်ဒါခေါ်မည်ဟု သိရကြောင်း ဒေါက်တာ မျိုးမင်းက ဆိုသည်။

ထိုင်းနိုင်ငံက ဆောက်မည့် အဆောက်အအုံ၊ ဂျပန်နိုင်ငံကဆောက်မည့် အဆောက်အအုံနှင့် လက်ရှိရှိနေသည့် ကုသဆောင် (Medical Ward) ကို ကော်ရစ်တာဖြင့် ဆက်သွယ်ထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ထားဝယ်ဆေးရုံကြီးဝင်းအတွင်း လူနာကုတင် ၂၆၆ လုံး ဝင်ဆံ့သည့် ငါးထပ်ဆောင် အဆောက်အအုံအသစ်ကိုလည်း အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်ထားသည်။

ကိုဇော်