ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးစောဟာဗီနှင့် တွေ့ဆုံခြင်း

0
304
Dawei Watch, Dawei News, Dawei News Media

ဦးစောဟာဗီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တနင်္သာရီတိုင်းအစိုးရအဖွဲ့တွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကရင်ပြည်သူ့ပါတီ(KPP) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ ၎င်းသည် လက်ရှိတွင် ကရင်ပြည်သူ့ပါတီ တနင်္သာရီတိုင်းအလုပ်မှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ပြီး လာမည့်ရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးခံမည်ဖြစ်သည်။ ဦးစောဟာဗီနှင့် တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ပါသည်။

ဒက္ခိဏ။ ။ ပထမဆုံးအနေနဲ့ လာမယ့်ရွေး ကောက်ပွဲမှာ ဘာကြောင့်ဝင်ပြိုင်ဖြစ်တယ်ဆိုတာ ပြောပြပေးပါခင်ဗျ။

ဦးစောဟာဗီ။ ။ တနင်္သာရီတိုင်းမှာ ကရင် တိုင်းရင်းသား နှစ်သိန်းလောက်ရှိတယ်။ ကရင်ပါတီ လည်းရှိတယ်။ ဝင်မပြိုင်ဘူးဆိုရင် တစ်ခု လိုနေပြီပေါ့။ ကရင် တစ်ယောက်မှ မရှိတဲ့ တိုင်းမှာတော့ မဝင်ဘူးပေါ့။ ကရင်နှစ်သိန်းလောက်ရှိတာကိုး။ သူတို့မှာ လိုအပ်ချက်တွေအများကြီးရှိတယ်။ မပြောပြနိုင်အောင် များများကို ရှိလိမ့်မယ်။ သူတို့လိုအပ်တာကို ဝန်ကြီးတစ်ယောက်ဖြစ်လာမယ်ဆိုရင် လုပ်နိုင်တယ်။ အရပ်သားတစ်ယောက် အနေနဲ့ဆိုရင်တော့ ဘာမှ လုပ်ပေးနိုင်မှ မဟုတ်ဘူး။ သဘောက ပြည်တွင်းမငြိမ်းချမ်းလို့ ရွာတော်တော်များများ ပျက်သွားတယ်။ အဲဒါကို ငါးနှစ်အတွင်းမှာ ငါးရွာပဲ ပြန်တည်ပေးနိုင်တယ်။ ဝန်ကြီးဖြစ်ခဲ့တဲ့ ငါးနှစ် ၂၀၁၀ ကနေ ၁၅ အထိ တစ်နှစ်ကို တစ်ရွာနှုန်းနဲ့ပဲ ပြန်တည်ပေးနိုင်တယ်။

ဒက္ခိဏ။ ။ ဒီဟာတွေကို ဆက်လုပ်ချင်တဲ့ သဘောလား။

ဦးစောဟာဗီ။ ။ ဟုတ်တယ်။ တကယ်လို့ ပြန်ဖြစ်မယ်ဆိုရင်လုပ်နိုင်တယ်။ အခုနှစ်မှာ NLDက တစ်ရွာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ ပြန်ပြီး မတည်ပေးနိုင်ခဲ့ဘူး။

ဒက္ခိဏ။ ။ ဦးစောဟာဗီအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ပြီး ကရင်တိုင်းရင်းသားဝန်ကြီးဖြစ်ခဲ့တယ်နော်။ ၂၀၁၅ မှာတော့ KPP ကနေဝင်ပြိုင်ပြီး လာမယ့် ၂၀၂၀ မှာလည်း KPP ကပဲ ဝင်ပြိုင်မှာပေါ့။ ကြံ့ခိုင်ရေး ပါတီကနေ KPP ဘက် ရောက်သွားဖြစ်ပုံလေး ပြောပြလို့ရမလား ခင်ဗျ။

ဦးစောဟာဗီ။ ။ အပြောင်းအလဲဖြစ်သွား တာက ဘာကြောင့်လဲဆို ကြံ့ခိုင်ရေးပါတီက အခြား ကရင်တိုင်းရင်းသူတစ်ယောက်ကို ယုံကြည်ကိုးစား ပြီးခေါ်လိုက်တယ်။ ဆိုတော့ သူဝင်ပြီးတော့ ကိုယ်က ထပ်ဝင်လို့မရတော့ဘူးလေ။ တစ်ဖက်မှာ KPP ကလည်း ခေါ်နေတာက ကြာလှပြီ။ ဌာန ချုပ်က။ သို့သော် ကိုယ်ကလည်း ကြံ့ခိုင်ရေးမှာပါပြီးသားဖြစ်နေတော့ မဝင်ဖြစ်ဘူး။ ၂၀၁၅ မှာကျတော့ ကိုယ့်နေရာကို လူအစားထိုးလိုက်တော့ ကြံ့ခိုင်ရေးကထွက်လိုက်တယ်။ KPP ကို ဝင်တယ်။

ဒက္ခိဏ။ ။ လာမယ့်ရွေးကောက်ပွဲမှာ ဦးစော ဟာဗီအနေနဲ့ အနိုင်ရဖို့အတွက် ဘယ်လောက် မျှော်လင့်ထားလဲ။

ဦးစောဟာဗီ။ ။ ကိုယ်စားလှယ်လောင်း ၁၅ ယောက်ရှိတယ်။ ခန့်မှန်းခြေကတော့ ငါးယောက် တော့ သေချာပေါက်နိုင်မယ်။

ဒက္ခိဏ။ ။ ဒါက ပါတီအနေနဲ့ ပြောတာပေါ့ နော်။ ဦးစောဟာဗီရဲ့ ပုဂ္ဂလိက မျှော်လင့်ချက်က ရော။

ဦးစောဟာဗီ။ ။ တိုင်းရင်းသားကိုယ်စားလှယ် ၇ ယောက်ရှိတယ်။ ပြိုင်ရမယ့် ၇ ယောက်ထဲမှာ ကိုယ့်ကိုကိုယ် ယုံကြည်ပါတယ်။ ၇ ယောက်လုံးထက် ကိုယ်က ပညာအရည်အချင်းရော၊ အတွေ့ အကြုံရော၊ အသက်ရော အားလုံးသာပါတယ်။

ဒက္ခိဏ။ ။ အခုရွေးကောက်ပွဲမှာ KPP ကနေ ဦးစောဟာဗီရဲ့ သမီးဖြစ်သူပါ ဝင်ပြိုင်ဖို့ ရှိတယ် လို့ သိရတယ်။ ရွေးကောက်ပွဲမှာ အဖေရော သမီးပါ ဝင်ပြိုင်ဖြစ်သွားတဲ့အကြောင်းလေး ပြောပြပေး နိုင်မလားခင်ဗျ။

ဦးစောဟာဗီ။ ။ လွှတ်တော်က မတူဘူး လေ။ သူက အမျိုးသားလွှတ်တော်က ဝင်ပြိုင်မယ်။ ကိုယ်က လူမျိုးစုလွှတ်တော်က ပြိုင်မယ်။ ပါတီရဲ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ပြိုင်ဖြစ်သွား တာပါ။

ဒက္ခိဏ။ ။ ဦးစောဟာဗီအနေနဲ့ ၂၀၁၀ မှာရော ၂၀၁၅ မှာရော ဝင်ပြိုင်ခဲ့ဖူးတယ်ဆိုတော့ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲကာလ အခင်းအကျင်းနဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲကာလ အခင်းအကျင်း ဘယ်လိုတွေ ကွာခြားသွားတယ်လို့ ထင်လဲ။

ဦးစောဟာဗီ။ ။ ကွာခြားမှုကတော့ ကိုယ်စားလှယ်လောင်းတွေ များလာတယ်။ ပါတီလည်းများ လာတယ်။ အရင်က နိုင်ငံရေးစိတ်ဝင်စားမှုအားနည်း လို့နဲ့ တူတယ်။ များများမပေါ်ဘူး။ အခုကတော့ အတော်များများ ပေါ်လာပြီ။ လူမျိုးစုလွှတ်တော်တောင် အရင်က သုံးလေးယောက်ပဲ ရှိတယ်။ အခုက ၇ ယောက်တောင်ရှိလာတယ်။ သဘောက တခြားပါတီတွေကလည်း ကရင်အမျိုးသားတွေကို ဆွဲခေါ်ဆွဲခေါပြီးတော့ ဝင်ပြိုင်ခိုင်းတာတွေရှိ တာပေါ့။

ဒက္ခိဏ။ ။ လာမယ့်ရွေးကောက်ပွဲမှာ ကြုံရ မယ့် စိန်ခေါ်မှုက ဘာဖြစ်မယ်ထင်သလဲ။

ဦးစောဟာဗီ။ ။ ကရင်အတော်တော်များများ ကမဲမထည့်နိုင်တာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိတယ်။ သဘောက ဟိုးဖောင်းတောကြီး အထက်ဘက်က ဘန်းချောင်း။ အဲဘက်မှာ လှေလမ်း ပဲရှိတယ်။ လှေမရှိရင် မလာနိုင်ဘူး။ လူတိုင်းမှာလည်း လှေမရှိဘူး။ ဆယ်အိမ်မှာ လှေတစ်စီးကို မနည်း လုပ်နေရတယ်။ နောက်ပြီးတော့ ကရင် ပါတီရှိတယ်ဆိုတာတောင် သူတို့မသိဘူး။ သူတို့ သိတာက NLD တို့၊ ကြံ့ခိုင်ရေးတို့ ဒီလောက်ပဲ သိတယ်။ ကရင်ပါတီ ရှိမှန်းသိရင်တော့ ဝိုင်းထည့် ကြမှာပေါ့။

ဒက္ခိဏ။ ။ ဒါဆို ကရင်ပါတီရှိမှန်းသိအောင် ဘာတွေလုပ်ဆောင်နေတာရှိလဲ။

ဦးစောဟာဗီ။ ။ ချောင်ကျတဲ့နေရာတွေကိုတော့ ကိုယ်သွားရင်းလာရင်းနဲ့ ဝင်တာပဲ။ ရွာတွေကို ဝင်ဖြစ်အောင်ဝင်တာပေါ့။ တကူးတက ကတော့ စည်းရုံးရေးဆင်းရမယ့် ရက်က ဒီနေ့မှ စတာကိုး။ ဆင်းလို့မရဘူးလေ။ အခု NLD ကားတွေ နှစ်ဆယ်၊ သုံးဆယ် တန်းစီပြီးသွားနေတယ်။ ကိုယ်တို့မှာ ဒီလောက်အင်အားမရှိဘူးလေ။

ဒက္ခိဏ။ ။ ဦးစောဟာဗီအနေနဲ့ ဆိုရင် တိုင်း အစိုးရအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါဖူးတယ်ဆို တော့ လက်ရှိအစိုးရအဖွဲ့အပေါ်မှာ ဝန်ကြီးဟောင်း တစ်ယောက်အနေနဲ့ဘယ်လို သုံးသပ်မိတာရှိလဲ။

ဦးစောဟာဗီ။ ။ အရင် ငါးနှစ် ငါးနှစ် နှစ်ကြိမ် ဒီမိုကရေစီနှစ်ကြိမ်စလုံးပဲ။ ပါတီမစုံဒီမို ကရေစီလိုမျိုးဖြစ်နေတယ်။ အရင်ငါးနှစ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးဒီမိုကရေစီလို့ပဲ ပြောရမယ်။ နောက် ငါးနှစ်မှာလည်း NLD ဒီမိုကရေစီလို့ပဲ ပြောရမှာပေါ့။ ပါတီမစုံဖြစ်နေတယ်။ တစ်ပါတီ အာဏာရှင် စနစ်လိုလို၊ ဗဟိုဦးစီးစနစ်လိုလို ဖြစ်နေတယ်။ ဒီမိုကရေစီပုံစံမကျဘူး။ တနင်္သာရီတိုင်းလည်း ပါတယ်။ တခြားနေရာတွေလည်း အားလုံးဒီ အတိုင်းပါပဲ။

ဒက္ခိဏ။ ။ ဒီလိုမျိုးဖြစ်နေတာနဲ့ပတ်သက်ပြီး လာမယ့်ရွေးကောက်ပွဲမှာ ဘယ်လိုမျှော်လင့်ထား သလဲ။

ဦးစောဟာဗီ။ ။ မျှော်လင့်ချက်ကတော့ ပါတီစုံဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်နဲ့ ညီညွတ်စွာ ပါတီအစုံက လွှတ်တော်ကိုယ်စားလှယ်အစုံဖြစ် စေချင်တယ်။ အခုက တစ်ပါတီတည်းဖြစ်နေတယ် ဆိုတော့ ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်ဆို တာမျိုးဖြစ်နေတယ်။

ဒက္ခိဏ။ ။ လွှတ်တော်တစ်ခုမှာ အနီးစပ်ဆုံး ပြောရင် တနင်္သာရီတိုင်းလွှတ်တော်မှာပေါ့။ တစ်ပါတီတည်းဖြစ်နေရခြင်းရဲ့ အားသာချက်၊ အားနည်းချက်က ဘာတွေဖြစ်မလဲခင်ဗျ။

ဦးစောဟာဗီ။ ။ စိတ်ထင်တာတော့ တစ်ပါတီ တည်းက အမြင်ကတစ်မျိုးတည်းပဲဖြစ်နေမယ်။ အမြင်ရှုထောင့်တစ်မျိုးတည်းပဲ ဖြစ်နိုင်တယ်။ ပါတီစုံဖြစ်လာမယ်ဆိုရင်တော့ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ လူမှုရေးအမြင် အမြင်မျိုးစုံ ပါလာနိုင်တယ်။

ဒက္ခိဏ။ ။ တိုင်းလွှတ်တော်မှာ တစ်ပါတီ တည်းမဟုတ်ဘဲ တခြားပါတီတွေပါ ပါသင့်တယ် ဆိုပြီး ပြောနေကြတာရှိတယ်ပေါ့နော်။ ဒီတော့ ဦးစောဟာဗီအနေနဲ့လည်း ဒီအယူအဆကို လက်ခံ တယ်လို့ ပြောလို့ရမှာပေါ့။

ဦးစောဟာဗီ။ ။ လက်ခံတယ်။ တိုင်းရင်းသား ပါတီတွေက ဟိုးအောက်ဆုံးမှာ နစ်နေတဲ့ ပါတီ တွေဖြစ်နေတာပေါ့။ တခြားတိုင်းရင်းသားတွေကိုလည်း ပြောတာပါ။ ကရင်တိုင်းရင်းသားချည်းပဲ ပြောတာမဟုတ်ပါဘူး။ တနင်္သာရီတိုင်းမှာတော့ ဗမာ၊ ထားဝယ်၊ ကရင်၊ မွန်တွေပဲ ရှိတာကိုး။

ဒက္ခိဏ။ ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြော ချင်တာများရှိသလား။

ဦးစောဟာဗီ။ ။ ကရင်ရွာတွေမှာ မဲပုံးတွေက တစ်နေရာနဲ့ တစ်နေရာ အလှမ်းဝေးတယ်။ ပိုချပေး သင့်တယ်။ မလာနိုင်ကြဘူးလေ။ လမ်းလျှောက်ပြီး ၁၀ မိုင်၊ ၁၅ မိုင် ဘယ်သူမှ မလာနိုင်ကြဘူး။ ၁၀ ယောက်ပဲ ရှိရှိ၊ ၂၀ ယောက်ပဲ ရှိရှိ မဲပုံးတစ်လုံး တစ်ရွာကို တစ်လုံးချပေးသင့်တယ်။ အရင်က ကော်မရှင်က ပြောတယ်။ လုံခြုံရေးမရှိဘူးဆိုပြီး။ မဲပုံးမချပေးဘူး။ အခုတနင်္သာရီတိုင်းမှာ လက်နက် ကိုင်အဖွဲ့တွေအားလုံးက လုံးဝ အပစ်ခတ် ရပ်စဲ လိုက်ပြီ။ ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်သွား လို့ရတယ်။ အန္တရာယ်မရှိဘူး။ လက်နက်ကိုင်အဖွဲ့ တွေနဲ့ တွေ့ရင် အကူအညီတောင်တောင်းလို့ ရတယ်။ အန္တရာယ်မပေးဘူး။ ရှင်းရှင်းပြောရင် နီးနီးနားနားရွာတွေဆို မဲပုံးတစ်လုံး၊ ဝေးဝေးလံလံ ရွာတွေဆိုမဲပုံး တစ်ရွာတစ်လုံး ဒီလိုမျိုးထားမှပဲ မဲထည့်ကြမှာပေါ့။ သူတို့ကလည်း မဲထည့်တယ် ဆိုတာ ဘယ်လောက်ထိအရေးကြီးမှန်းလည်း မသိကြဘူး။ မထည့်ဖြစ်မှာ များလိမ့်မယ်။ မဲတစ် ပြားရဲ့တန်ဖိုးကို သူတို့မသိကြဘူး။ မြို့ပေါ်က လူတွေတော့ သိကြမှာပေါ့။

ဒက္ခိဏ။ ။ ကျေးဇူးတင်ပါတယ်ခင်ဗျ။