ကွာရန်တင်းဝင်နေသူများ ကြိုတင်မဲပေးရမည်

0
251
Dawei Watch, Dawei News, Dawei News Media

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွင် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ ခုနစ်မျိုးစာရင်းတွင် ကွာရန်တင်းဝင်နေ ရသူများမပါဝင်ပေ။

သို့သော် ရွေးကောက်ပွဲကျင်းပတော့မည့်အချိန်တွင် ကွာရန်တင်းဝင်နေ ရသူများအနေဖြင့် နည်းလမ်းနှစ်မျိုး ဖြင့် ကြိုတင်မဲပေးရမည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောသည်။

ပထမဆုံးအနေဖြင့် မိမိမဲဆန္ဒနယ် မြေအတွင်းပင် ကွာရန်တင်းဝင်နေသူများ (ဥပမာ- ထားဝယ်မြို့နယ်တွင်နေထိုင် သူများသည် ထားဝယ်မြို့နယ်အတွင်းပင် ကွာရန်တင်းဝင်နေရသူ) ဖြစ်ပါက ရွေးကောက်ပွဲကျင်းပရန် နှစ်ရက်အလိုတွင် ကြိုတင်မဲထည့်ရမည် ဖြစ်သည်။

လာမည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်တိုင် လုပ်ငန်းမလုပ်တော့ဟုဆို

သက်ဆိုင်ရာ ရပ်/ကျေးမဲရုံမှ တာဝန်ရှိသူနှစ်ဦးက ကွာရန်တင်းစင်တာအတွင်း လာရောက်ပြီး မဲထည့်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းညွန့် က ပြောသည်။

ဒုတိယအနေဖြင့် မဲဆန္ဒနယ်ပြင်ပတွင်(ဥပမာ- မြိတ်မြို့နယ်တွင် နေထိုင်သူများ ထားဝယ်တွင်ကွာရန်တင်းဝင်နေ ရသူ) ဖြစ်ပါက ကြိုတင်မဲပေးခွင့်ရရေးအတွက် သက်ဆိုင်ရာကွာရန်တင်းတာဝန်ခံများက ဆောင်ရွက်ပေးရမည်ဖြစ်သည်။

ကွာရန်တင်းစခန်းတာဝန်ခံများသည် ၎င်းတို့တာဝန်ယူထားသည့် ကွာရန်တင်းစခန်းရှိ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များအတွက် ကြိုတင် မဲပေးခွင့်လျှောက်လွှာ (ပုံစံ ၁၅) တောင်းယူခြင်း၊ လျှောက်ထားခြင်းများကို တာဝန် ယူဆောင်ရွက်ပေးရမည်ဖြစ်သည်။

“ကွာရန်တင်းဝင်နေတဲ့သူတွေက မဲရုံကိုလာပြီး မဲလာထည့်လို့မရဘူး” ဟု ဦးသန်းညွန့်က ပြောသည်။

ရွေးကောက်ပွဲကျင်းပရန် တစ်လကျော်သာလိုတော့သည့်အချိန်တွင် တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်လျက် ရှိသည်။

တိုင်းအစိုးရ၏ စက်တင်ဘာလ ၁၇ ရက် ထုတ်ပြန်ချက်အရ တိုင်းအတွင်း လူထုအခြေပြု ကွာရန်တင်းစခန်းများတွင် အသွားအလာကန့်သတ်ထားသူ တစ်ထောင်နီးပါး( ၉၇၃ ဦး) ရှိသည်။

ကျော်သူစိုး