ကုမ္ပဏီများနှင့် ဥပဒေပြင်ပက စောင်းကောက်ကျွန်း

0
235

စောင်းကောက်ကျွန်းရှိ မြေနေရာ ဧကတစ်ထောင်ကျော်(၁၁၇၀) အပေါ် တွက် ကုမ္ပဏီအချို့သည် ဥပဒေမဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေကြမှုနှင့် ရသင့်သည့် အခွန်များ မရသည့်ကိစ္စကို ကျွန်းစုမြို့နယ်က တိုင်းလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာထူးနေအောင်က မေးခွန်းထုတ်လိုက်သည်။

စက်တင်ဘာလ ၄ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေး၌ စောင်းကောက်ကျွန်းပေါ်တွင် ဥပဒေနှင့်အညီ ခွင့်ပြုချက်လျှောက်ထားသည့် ကုမ္ပဏီများကို ဥပဒေအတိုင်း မျှတစွာ ဆောင်ရွက်ပေးရန် ရှိ/မရှိကို မေးမြန်းရာတွင် ထည့်သွင်းမေးခွန်း ထုတ်လိုက်ခြင်းဖြစ်သည်။

“စောင်းကောက်ကျွန်းအပေါ်မှာ ကုမ္ပဏီအသီးသီးကနေပြီးတော့ လျှောက် ထားတဲ့အပေါ်မှာ စိစစ်တဲ့အခါကျတော့ ဥပဒေနဲ့အညီလျှောက်ထားတဲ့ ကုမ္ပဏီတွေကို တွေ့ရသလို ဥပဒေမဲ့လုပ်တဲ့ လုပ်ငန်းစဉ်တွေလဲတွေ့ရတယ်” ဟု ဒေါက်တာထူးနေအောင်က ဆိုသည်။

စောင်းကောက်ကျွန်းသည် ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျေးရွာ အုပ်စုတွင် တည်ရှိသည်။

ကုမ္ပဏီများနှင့် စောင်းကောက်ကျွန်း
ရသင့်ရထိုက်သည့် အခွန်မရသည့်အကြောင်းနှင့် ကုမ္ပဏီအချို့ ဥပဒေနှင့် မညီဘဲ လုပ်ကိုင်နေသည့် အကြောင်းများ ကို တိုင်းလွှတ်တော်ထံ ၂၀၂၀ ပြည့်နှစ် မေလကတင်သွင်းထားသော အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ ကော်မတီ၏ အစီရင်ခံစာနှင့် ဒေါက်တာထူးနေအောင်၏ ရှင်းပြချက်များကို ကိုးကားပြီး ဖော်ပြပါမည်။ မေးခွန်းရှင် ဒေါက်တာထူးနေအောင်သည် အဆိုပါကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

အဆိုပါကျွန်းပေါ်တွင် Green Vision ဆောက်လုပ်ရေးကုမ္ပဏီ၊ Vega & Mira ခရီးသွားလုပ်ငန်းကုမ္ပဏီ၊Hein Htet Kyaw Swar ကုမ္ပဏ ၊ Little Angle Travel and Tour တို့က ခရီးသွား လုပ်ငန်းနှင့်သက်ဆိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန် လျှောက် ထားခဲ့ကြသည်။

Green Vision ကုမ္ပဏီသည် စောင်းကောက်ကျွန်းပေါ်တွင် မြေ ၂၄၀ ဧကကို သဘာဝအခြေခံဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများဆောင်ရွက်ရန် ၂၀၁၄ ခုနှစ်ကတည်းက လျှောက်ထားခဲ့ခြင်းဖြစ်သည်။

လျှောက်ထားဆဲကာလအတွင်း Green Vision ကုမ္ပဏီသည် စောင်းကောက်ကျွန်းပေါ်တွင် မည်သည့်လုပ်ငန်းမှ တရားမဝင် လုပ်ဆောင်ထားခြင်းမရှိကြောင်း တိုင်းလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများ တာဝန်ခံ ချက်များစိစစ်ရေးကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကုမ္ပဏီ၏ လျှောက်ထားမှုအပေါ် တိုင်းမြေစာရင်း ဌာနက လွတ်ကင်းသည့်မြေဖြစ်ကြောင်း နှင့်ခွင့်ပြုချက် ပေးသင့်ကြောင်း တိုင်းအစိုးရအားအစီရင်ခံထားသကဲ့သို့ တိုင်းအစိုးရအဖွဲ့ကလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပါက မကန့်ကွက်ကြောင်း စည်းဝေးဆုံးဖြတ်ထားပြီး ဖြစ်သည်။

၂၀၁၆၊ ၂၀၁၇ ခုနှစ်တွင်မူ Vega & Mira ခရီးသွားလုပ်ငန်းကုမ္ပဏီ၊ Hein Htet Kyaw Swar ကုမ္ပဏီ၊ Little Angle Travel and Tour တို့က စောင်းကောက်ကျွန်းတွင် ခရီးသွားလုပ် ငန်း ဖွံ့ဖြိုးရေးအတွက် နားနေဆောင်၊ စားသောက်ဆိုင် စသည်တို့ကို ဆောက်လုပ်ခွင့်ပြုရန် လျှောက်ထားလာခဲ့သည်။

ထိုကုမ္ပဏီသုံးခုလျှောက်ထားသည့် မြေနေရာများသည် ယခင် Green Vision ကုမ္ပဏီက လျှောက်ထားသည့် မြေနေရာ များအထဲတွင် ပါဝင်နေသည့်အပြင် အစိုးရမှ တရားဝင်ခွင့်ပြုချက်မပေးမီပင် အဆောက်အဦးအချို့ကို ဆောက်ထားခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

အဆောက်အဦးဆောက်လုပ်ခြင်းကို တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း (ဒေါက်တာ လဲ့လဲ့မော်)၏ နှုတ်မိန့်ဖြင့် ဆောက်ရွက်ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ နှုတ်မိန့်ဖြင့် ဆောင်ရွက် ခွင့်ပြုခြင်းနှင့် ဆောက်ရွက်ခြင်း နှစ်ခုသည် ဥပဒေနှင့်ညီ/ မညီမှာ မေးခွန်းထုတ်စရာတစ်ခု ဖြစ်နေသည်။

နောက်ထပ်ဥပဒေနှင့် မညီသည့်ကိစ္စတစ်ခုလည်းရှိနေသေးသည်။

၂၀၁၇ ခုနှစ်တွင် တိုင်းအစိုးရသည် အထက်ပါ လျှောက်ထားသည့် ကုမ္ပဏီလေးခုအပြင် နောက်ထပ်ကုမ္ပဏီတစ်ခုဖြစ်သော Nature Future ကုမ္ပဏီ တစ်ခုကိုပါ ထပ်တိုးပြီး စောင်းကောက် ကျွန်းပေါ်တွင် မြေယာပိုင်ဆိုင်မှုမရှိဘဲ အဆောက်အဦးဆောက်လုပ်ခွင့်ပြုရန် ဆုံးဖြတ်လိုက်သည်။

ကော့သောင်းခရိုင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတက်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီများကို အခွန်၊ အခများ ပေးသွင်းစေပြီး ဆောင်ရွက်စေရန် တိုင်းအစိုးရအစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ယင်းဆုံးဖြတ်ချက်သည် ဥပဒေနှင့် မညီကြောင်း တိုင်းလွှတ်တော်က အစီရင်ခံစာတွင် ထောက်ပြထားသည်။

နောက်ပိုင်းတွင် ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးက စောင်းကောက်ကျွန်းက မြေနေရာကို ကုမ္ပဏီငါးခုအား အဆောက်အဦးများဆောက်လုပ်ရန် (မြေပိုင်ဆိုင်ခွင့်မပါ) ကုမ္ပဏီတစ်ခုချင်း စီအလိုက် ခွဲဝေပေးလိုက်သည်။ ယင်းသို့နေရာခွဲပေးရာ စောင်းကောက်ကျွန်း၏ အလှဆုံးနေရာကို Green Vision ကုမ္ပဏီ လျှောက်ပြီးမှ နောက်ပိုင်းတွင် လျှောက်ထားလာသော ကုမ္ပဏီများအနက် Vega & Mira ခရီးသွားလုပ်ငန်း ကုမ္ပဏီက ရရှိခဲ့သည်။

နောက်မှလျှောက်ထားသည့် Vega & Mira ကုမ္ပဏီသည် ရွက်ဖျင်တဲ၊ စားသောက်ဆိုင်များကို ကြိုတင်ဆောက်ထားခြင်းကြောင့် နစ်နာမည်ကို စိုးရိမ်သဖြင့် စောင်းကောက်ကျွန်း၏ အလှဆုံးနေရာကို ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူးက ပေးလိုက်ခြင်းဖြစ်ကြောင်း ဒေါက်တာထူးနေအောင်က ရှင်းပြသည်။

“ဥပဒေနဲ့ ညီသည်ဖြစ်စေ၊ မညီ သည်ဖြစ်စေ နစ်မှာစိုးလို့ပေးမယ်ဆိုရင် ကျွန်တော်တို့လည်း လက်ဦးမှုရအောင် လုပ်ထားမှာပေါ့။ ဥပဒေနဲ့ ညီသည်ဖြစ် စေ၊ မညီသည်ဖြစ်စေ လက်ဦးမှုယူထားတဲ့သူကို နေရာကောင်းပေးမယ်ဆိုရင် တရားမျှတမှုမရှိနိုင်ဘူးလို့ ကျွန်တော်တို့က ထင်တယ်” ဟု ဒေါက်တာထူး နေအောင်က ပြောသည်။

နိုင်ငံတော်၏ နစ်နာမှု
တိုင်းလွှတ်တော် အစိုးရ၏ အာမခံ ချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေး ကော်မတီကမူ ဥပဒေနှင့်ညီ လျှောက်ထားသည့် ကုမ္ပဏီအား တရား ဝင်ခွင့်ပြုချက်ရရှိအောင်ဆောင်ရွက်ပေးရာတွင် တိုင်းအစိုးရသည် နှောင့်နှေး ကြန့်ကြာနေပြီး ဥပဒေမဲ့ လုပ်နေသည့် ကုမ္ပဏီများကို အရေးယူမှုလည်း လုံးဝမရှိကြောင်း ဝေဖန်သုံးသပ်ထားသည်။

စောင်းကောက်ကျွန်းကိစ္စနှင့်ပတ်သတ်ပြီး ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး၏ ကွင်းဆင်းစစ်ဆေး အစီရင်ခံစာကိုလည်း တိုင်းအစိုးရထံပို့ထားပြီးဖြစ်သည်။

“ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူးရဲ့တင်ပြစာကို တိုင်းအစိုးရအနေနဲ့ သေချာ ဖတ်ရှုပြီးတော့ စိစစ်သုံးသပ်ခဲ့မယ်ဆိုရင် မည်သူက ဥပဒေနဲ့အညီဆောင်ရွက်ခဲ့သလဲ၊ မည်သူက ဥပဒေမဲ့ ထင်ရာ စိုင်းခဲ့သလဲဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို ရှင်းလင်းသွားမယ်ထင်ပါတယ်” ဟု ဒေါက်တာထူးနေအောင်က ဆိုသည်။

ရသင့်ရထိုက်သော အခွန်မရသည့် ကိစ္စမှာ မြေယာပိုင်ဆိုင်ခွင့်မပါဘဲ ကုမ္ပဏီများကို အဆောက်အဦးဆောက်ခွင့်ပေးပြီး ခရီးသွားလုပ်ငန်းလုပ်ကိုင်သည့် ကိစ္စနှင့် တိုက်ရိုက်ပတ်သက်နေသည်။

ယင်းသို့ ကုမ္ပဏီများကို မြေယာ ပိုင်ဆိုင်ခွင့်မပါဘဲ အဆောက်အဦးဆောက် ခွင့်ပြုလိုက်ခြင်းကြောင့် ခရီးသွားဇုန်ဝင် ကြေးတစ်ခုသာ အစိုးရကရှိသည်။ အခြား ခရီးသွားလုပ်ငန်းမှရရှိရမည့် အခွန်၊ အခများကို အစိုးရက တစ်ခုမျှမရပေ။

အဆိုပါစောင်းကောက်ကျွန်းကိုမူ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားအမြောက် အမြားလာရောက်လည်ပတ်နေပြီး ရရှိသည့် အကျိုးအမြတ်များကို ကုမ္ပဏီများဘက်ကသာ ရရှိနေကြောင်း ဒေါက်တာ ထူးနေအောင်က ပြောသည်။

ယင်းကဲ့သို့ ဥပဒေမဲ့လုပ်ရပ်ကြောင့် အစိုးရမှ ရသင့်ရထိုက်သည့် အခွန်များ မရှိသည့်အတွက်ကြောင့် အစိုးရအနေ ဖြင့် စောင်းကောက်ကျွန်းနှင့်ပတ်သက်ပြီး ဥပဒေနှင့်အညီ တရားမျှတစွာ ဆောင်ရွက်ပေးရန် အစီစဉ်ရှိ/ မရှိနှင့် တိုင်းလွှတ်တော်က တင်သွင်းထားသော အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း ဆောင်ရွက် အစီအစဉ်ရှိ/မရှိကို လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

စောင်းကောက်ကျွန်းပေါ်တွင် ခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပဏီများ၏ လျှောက်ထားချက်များကို Swiss Challenge စနစ် (ဆွစ်ဇာလန်နိုင်ငံ တင်ဒါစနစ်) ဖြင့် လုပ်ကိုင်ခွင့်ပြုရန် ၂၀၁၉ ခုနှစ် ကတည်းက တိုင်းအစိုးရက စည်းဝေးဆုံးဖြတ်ထားပြီးဖြစ်ကြောင်း တိုင်းအစိုးရ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ဖြေရှင်းခဲ့သည်။

ယင်းစနစ်အတိုင်းပင် စောင်းကောက် ကျွန်းကိစ္စကို တင်ဒါခေါ်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးလှထွေးက ယနေ့အစည်းအဝေးတွင် ပြောဆိုသည်။ မေးခွန်းရှင်၏ ဥပဒေနှင့်အညီဆောင်ရွက်ရေးကိစ္စ၊ တိုင်းလွှတ်တော်ကော်မတီ၏ အကြံပြုချက်များအတိုင်း ဆောင်ရွက်ရန် ရှိ/ မရှိ မေးခွန်းကိုမူ လွှတ်တော်အတွင်း ဖြေဆို နိုင်ခြင်းမရှိဘဲ စာဖြင့်သာပြန်ဖြေမည်ဟု ဝန်ကြီးက ပြောသည်။

ယင်းအပြင် စောင်းကောက်ကျွန်း အပေါ် မြေယာလုပ်ပိုင်ခွင့်မပါဘဲ ကုမ္ပဏီများကို အဆောက်အဦးဆောက်ခွင့် ပေးခြင်း အပေါ် တိုင်းအစိုးရ၏ အကြောင်းပြချက်မှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဖြစ်ကြောင်း တိုင်းလွှတ်တော် အစီရင်ခံစာတွင် ဖော်ပြထားသည်
ဒေါက်တာထူးနေအောင်ကမူ ယင်းအပေါ်တွင် အောက်ပါအတိုင်းမှတ်ချက်ပြုလေသည်။

“ကုမ္ပဏီတွေကတော့ ဥပဒေမဲ့ ဆောင်ရွက်နေတယ်။ ကုမ္ပဏီကပဲဝင်ငွေ ရနေတယ်။ နိုင်ငံတော်ကတော့ အခွန်ရ ရှိခြင်းမရှိဘူး”

ကျော်သူစိုး