တိုင်းအတွင်း အနာကြီးရောဂါ လူနာအသစ် ရှစ်ဦးရှိသည်ဟုဆို

0
300

တိုင်းအတွင်း အနာကြီးရောဂါ လူနာအသစ် ရှစ်ဦးရှိသည်ဟု တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ အနာကြီးရောဂါတိုက်ဖျက်ရေး အဖွဲ့ထံမှ သိရသည်။

ယခု ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ စာရင်းဖြစ်ပြီး ထားဝယ် ခရိုင်တွင် သုံးဦးနှင့် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တွင် ငါးဦးတို့ ဖြစ်သည်။

COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ

အနာကြီးရောဂါမှာ လူဦးရေ တစ်သောင်းတွင် တစ်ဦးခန့်သာဖြစ်ပွား တတ်ပြီး တိုင်းအတွင်းရှိ မြို့နယ်ဆယ်ခုတွင် လူဆယ်ဦးမှ နှစ်ဆယ်ဦးအထိ နှစ်စဉ် ဖြစ်ပွားသူအသစ်များရှိနေသည် ဟု အထက်ပါအဖွဲ့မှ လက်ထောက် ကျန်းမာရေးမှူးက ပြောသည်။

ရောဂါတွေ့ရှိရသူအများစုသည် ထိုင်းနိုင်ငံမှ ပြန်လာသူများနှင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး စသည့် ဒေသများမှ ပြောင်းရွှေ့လာကြသူများ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အနာကြီးရောဂါဟု သံသယရှိပါက အရေပြားပေါ်တွင်ဖြစ်ပေါ်နေသော အကွက်များကို စစ်ခြင်း၊ အာရုံကြော ကြီးနေခြင်း ရှိ မရှိစစ်ခြင်း၊ အရေပြားကို လှီးကာ ပိုးစစ်ခြင်းများဖြင့် ရောဂါပိုး ရှိ မရှိကို သိနိုင်ကြောင်း လက်ထောက် ကျန်းမာရေးမှူးက ပြောသည်။

“သူက မျိုးရိုးမလိုက်ဘူး။ ကူးစက် ရောဂါတော့မှန်တယ်။ စောစောသိပြီး စောစောကုသရင် ကျန်ရောဂါတွေလိုပဲ ကူးစက်မှုနည်းတယ်” ဟု ၎င်းက ဆိုသည်။

ကိုဗစ်ကာလ ဧည့်လမ်းညွှန်မှ ပလာတာသည်ဘဝ

အနာကြီးရောဂါပိုးမှာအာရုံကြောများကို လိုက်လံဖျက်ဆီးသဖြင့် အချိန်မီ ဆေးမကုသဘဲနေပါက အာရုံကြောလျှောက်သည့် နေရာများတွင် အနာဖြစ်ပြီး ခြေဖျား၊ လက်ဖျားများပုပ်၍ တိုဝင်သွားခြင်းများ (ကိုယ်လက်အင်္ဂါ) ချို့ယွင်းခြင်းများ ဖြစ်ပေါ်နိုင်သည်။

၂၀၁၇ ခုနှစ်တွင် တိုင်းအတွင်း အနာကြီးရောဂါဖြစ်ပွားသူ ၂၁ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၂၉ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၁၀ ဦးနှင့် ယခု ၂၀၂၀ တွင် ရှစ်လအတွင်း ၈ ဦးရှိပြီး လက်ရှိဆေးသောက်နေသူမှာ ၁၃ ဦးရှိနေသည်ဟု အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

အနာကြီးရောဂါမှာ Mycobacterium Leprae ဘတ်တီးရီးယားပိုးကြောင့် ဖြစ်ပွားသည့် နာတာရှည်ကူးစက် ရောဂါတစ်မျိုးဖြစ်ပြီး အရေပြားနှင့် အာရုံကြောများကို ထိခိုက်ပျက်စီးစေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၂ ရက်နေ့က အသိပေး ကြေညာချက်တွင် ဖော်ပြထားသည်။

ရောဂါကူးစက်ပြီး ရောဂါလက္ခဏာ ပြသည်အထိ ပျှမ်းမျှ သုံးနှစ်မှ ငါးနှစ်အထိ ကြာတတ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

သာမာန်ထိတွေ့နေထိုင်ရုံဖြင့်မကူး စက်နိုင်သော်လည်း အနာကြီးရောဂါ လူနာနှင့် ကြာရှည်စွာ အတူနေထိုင်သောသူများတွင် ပိုမိုကူးစက်ဖြစ်ပွားနိုင်ကြောင်း ကြေညာချက်က ဆိုသည်။

အနာကြီးရောဂါမှာ ဆေးကုသမှု မခံယူထားသည့် လူနာ၏ အနာမှ ထွက်ရှိသည့် အရည်များနှင့် နှာခေါင်းနှင့် ပါးစပ်တို့မှ ထွက်သည့် သလိပ်နှင့် အရည်များ မှတစ်ဆင့် အခြားလူများကို အရေပြားခြင်း ထိတွေ့ရာမှ သို့မဟုတ် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက် နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ကြေညာထားသည်။

မိုးမြင့်