လူငယ်လေးများအတွက် အတွေး

123
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကုလသမဂ္ဂအဖွဲ့ချုပ်ကတော့ အသက် ၁၅-၂၄နှစ် အရွယ်ကို လူငယ်လို့ သတ်မှတ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ အသက် ၁၅-၂၄ နှစ်အရွယ် လူငယ်ပေါင်း ၁ ဒသမ ဝ၃ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာ့လူဦးရေရဲ့ ၁၈ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သိရပါတယ်။ ယခုအချိန်မှာတော့ လူငယ်အရေအတွက်ဟာ ၁ ဒသမ ၂ ဘီလီယံရှိလာပြီး ကမ္ဘာ့လူဦးရေရဲ့ ၁၆ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ ၂၀၃၀ ပြည့်နှစ် လောက်ဆိုရင်တော့ ကမ္ဘာ့လူငယ် ဦးရေဟာ ၁ ဒသမ ၃ ဘီလီယံနီးပါး ရှိလာမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အသက် ၁၀-၂၄နှစ်အထိ လူငယ်လူရွယ်ပေါင်းဟာ နိုင်ငံ့လူဦးရေရဲ့ ၂၈ ရာခိုင်နှုန်းလောက် ရှိတယ်လို့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ အသက် ၁၀-၁၉ နှစ်ကြားကို ဆယ်ကျော်သက်၊ မြီးကောင် ပေါက်အရွယ် (Young People or Adolescences) လို့သတ်မှတ်ပါတယ်။ အသက် ၁၅-၂၄နှစ်အရွယ်ကို လူငယ် (Youth)လို့ သတ်မှတ်ပါတယ်။ မြန်မာ နိုင်ငံမှာကတော့ အသက် ၁၆-၃၅နှစ် ကြားကို လူငယ်လို့ သတ်မှတ်ထားတယ် ထင်ပါတယ်။

အသက်၁၅-၂၄ နှစ်အရွယ်တွေဟာ ပညာရှာဖို့ အကောင်းဆုံးအရွယ်တွေပါ။ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ နုပျိုလန်းဆန်းနေတဲ့အရွယ်တွေပါ။ ဒီအချိန်ကို ကောင်းမွန်စွာ အသုံးချနိုင်သူတွေဟာ ဘဝမှာအောင်မြင်ဖို့ နီးစပ်သူတွေဖြစ်ပါတယ်။ ဆိုတော့ ဒီအရွယ် ကို အကျိုးမဲ့ မဖြတ်သန်းမိဖို့ သတိပြုကြရပါမယ်။ လမ်းမချော်ဖို့ သတိထားရပါမယ်။ ယခုခေတ်လူငယ်တွေအတွက် ဘဝတိုးတက်ရာတိုးတက်ကြောင်း ရှာဖွေ ကြိုးစားဖို့ အခွင့်အလမ်းတွေ များလှပါတယ်။

ထို့အတူပဲ ဘဝပျက်စီးရာ ပျက်စီး ကြောင်းအတွက် လမ်းစတွေကလည်း များလွန်းနေပြန်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ သတိကြီးကြီးထားပြီး ကိုယ့်ရဲ့လူငယ်ဘဝကို ဖြတ်သန်းကြဖို့ တိုက်တွန်းလိုပါတယ်။

ယခုခေတ်လူငယ်တွေရဲ့အားသာချက်က အိုင်တီနည်းပညာအပိုင်းပါ။ ဒါကို ကိုယ့်ဘဝတက်လမ်းအတွက် စနစ် တကျ၊ အံဝင်ခွင်ကျ သုံးတတ်မယ်ဆိုရင် အောင်မြင်ဖို့ အခွင့်အလမ်းကောင်းတွေ များစွာရှိပါတယ်။ အချိန်အားအားရှိတိုင်း ဂိမ်းဆော့နေလို့တော့ မဖြစ်ဘူး။ မိမိဝါ သနာပါရာ ပညာရပ်တစ်ခုခုကို လေ့လာဖို့အတွက် အိုင်တီနည်းပညာက အကောင်းဆုံးပံ့ပိုး ပေးနေပါလိမ့်မယ်။ အွန်လိုင်း ကနေပြီးတော့ သင်တန်းတွေ တက်လို့ရနေတယ်။ အွန်လိုင်းကနေပြီးတော့ အခမဲ့သင်ပေးနေတဲ့ သင်တန်းတွေလည်း အများကြီးရှိပါတယ်။ ကိုယ်က အချိန်ပေးပြီး ဇွဲရှိရှိနဲ့ သင်ယူဖို့ပဲ လိုပါမယ်။

ကိုဗစ်-၁၉ကြောင့် ကျောင်းတွေ ပိတ်ထားချိန်မှာ အချိန်တွေပိုနေကြ မှာပါ။ ဒါကို အချည်းနှီးမကုန်ဆုံးစေဘဲ ကိုယ့်ဘဝတွက် အထောက်အကူဖြစ် စေမယ့် ပညာရပ်တစ်ခုခုကို လေ့လာနေ ဖို့ လိုပါမယ်။ အင်တာနက်လိုင်းတွေ နေရာတိုင်းမဟုတ်ရင်တောင် ဒေသတော်တော်များများမှာ ရနေပါပြီ။ ဝိုင်ဖိုင် ရနေရင်တော့ ပိုကောင်းပါတယ်။ ငွေကုန်သက်သာပါတယ်။ ဘာပဲဖြစ်ဖြစ် လူငယ်တွေအနေနဲ့ ဂိမ်းနဲ့ မူးယစ်ဆေးကို ရှောင်ပြီး ပညာရှာတဲ့ဘက်မှာ အားထည့် ကြဖို့ လိုပါမယ်။

လူငယ်တွေကို သတိပေးချင်တာက ကိုယ်က ဂိမ်းဆော့နေပေမဲ့ ကျန်တဲ့သူ အားလုံးလည်း ဂိမ်းဆော့နေမယ်လို့ မထင်လိုက်ပါနဲ့။ တခြားသူတွေက သင်တန်းတွေတက်ပြီး ကိုယ့်ရဲ့ဝမ်းစာကို ဖြည့်နေကြတယ်။ ကျောင်းတွေပြန်ဖွင့်ပြီး ဘွဲ့ရသွားချိန်မှာ သူတို့က လုပ်ငန်းခွင် ဝင်ဖို့ အဆင်သင့်ဖြစ်နေကြမှာပါ။ ကိုယ်က ကျောင်းတက်နေတုန်း၊ ကျောင်းပိတ်နေတုန်းမှာ ဂိမ်းတွေနဲ့ပဲ အချိန်ဖြုန်းနေပြီး ကျောင်းပြီးလို့ သူများတွေ အလုပ်ရသွားမှ နောင်တရနေလို့ မဖြစ်ဘူး။ ဆိုတော့ အခုကတည်းက သူများနည်းတူ ကိုယ်လည်းဝမ်းစာဖြည့်ထားဖို့ လိုလိမ့်မယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက သင်တန်းတစ်ခုမှာ လူငယ်လေးတွေရဲ့Presentation လုပ်တာကို အကဲဖြတ်ပေးဖို့ အခွင့်အရေး ရခဲ့တယ်။ အတွေ့အကြုံမရှိပေမဲ့ ကမ်းလှမ်း လာတာကို လုပ်ပေးဖို့ လက်ခံခဲ့တယ်။ မိမိကိုယ်ကို ဃေူ့နညါန လုပ်တဲ့ သဘောနဲ့ လက်ခံခဲ့ခြင်းလည်း ဖြစ်တယ်။ ကျွန်တော့်အတွက် အတွေ့အကြုံအသစ်တစ်ခုရခဲ့လို့ စိတ်ကျေနပ်နေမိတယ်။

လူငယ်အုပ်စု လေးစုရဲ့ Presentation လုပ်တာကို ကြည့်ရင်းသူတို့ကို စိတ်ထဲကနေပြီး အားကျချီးကျူးနေမိတယ်။ လူငယ်တွေပီပီ နည်းပညာပိုင်းမှာ အားသာမှုရှိသလို၊ ကျွမ်းကျင်မှုလည်းရှိတာကို တွေ့ရတယ်။ သူတို့လုပ်ထားတဲ့ Content တွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ပြနိုင်ကြတယ်။ မဆိုစလောက် အားနည်းချက်လေးတွေရှိပေမဲ့ အချက်အလက်တွေ အတော်လေးစုံစုံလင်လင်နဲ့ တင်ပြနိုင်တာကို တွေ့ရတယ်။

ဒီလူငယ် လေးတွေဟာ ကိုယ်ပိုင်စီးပွားရေးလုပ် မယ်ဆိုရင်တောင် အခုသင်တန်းကရတဲ့ အတွေ့အကြုံတွေကို ကောင်းကောင်း အသုံးချနိုင်ကြမှာပါ။ အောင်လည်း အောင်မြင်ကြမှာပါ။

သူတို့လေးတွေ Presentation လုပ်နေတာကို ကြည့်နေရင်းနဲ့ အခြေခံပညာက ကျောင်းသားလေးတွေကိုပါ Data Research လုပ်တတ်အောင် သင်ပေးနိုင်ရင်ကောင်း မယ်ဆိုတဲ့ အတွေးက ခေါင်းထဲပြေးဝင် လာတယ်။ ပြီးရင်သူတို့ရဲ့ လေ့လာတွေ့ ရှိချက်တွေကို ပြန်ပြီးတော့ Presentation လုပ်တတ်အောင် သင်ပေးနိုင်ရင် သိပ်ကောင်းမှာပါ။ တခြားနိုင်ငံအတော်တော်များများမှာတော့ ဒီစနစ်ကို သုံးနေ တာကြာပါပြီ။ ကျွန်တော်တို့နိုင်ငံမှာသာ အကောင်အထည်မဖော်သေးနိုင်တာပါ။

ကျောင်းသားအရွယ်ကတည်းက သုတေသနလုပ်တာကို အကျွမ်းတဝင် ဖြစ်အောင်၊ တတ်မြောက်အောင် သင်ပေးထားနိုင်မယ်ဆို သိပ်ကောင်းမှာပါ။ သူတို့အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ရောက်ရှိရာ နယ်ပယ်အသီးသီးမှာ လက်လွတ်စပယ် ပြောဆိုလုပ်ကိုင်တာတွေ မရှိနိုင်တော့ဘူး။ သူတို့လေးတွေ ခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာ စိတ်ထဲရှိရာ ထုတ်ပြောတတ်တဲ့သူတွေ ဖြစ်လာမှာမဟုတ်တော့ဘူး။ ဒီလိုဆိုရင် သူတို့ဘယ်နေရာရောက်ရောက် အောင် မြင်မှုရကြမှာပါ။

ဒါကတော့ ကျွန်တော်တွေ့ဆုံခဲ့ရတဲ့ လူငယ်လေးတွေကနေတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ကျွန်တော့ရဲ့ စိတ်ခံစားမှု တွေပါ။ လူငယ်တွေဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာတွေပါ။ လူငယ်တွေဟာ နိုင်ငံရဲ့ အဓိကအရင်းအမြစ်တွေပါ။ ဒါကြောင့် လူငယ်တွေကို ပျိုးထောင်ပါ။ လူငယ်တွေကို နေရာပေးပါ။ ဒါဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ကောင်းလာမှာပါ။

သန်းဇော်ဦး(ရလိုင်)