ပိုးကိုက်ခံရသည့် ပင်လယ်

0
694

ငါးဖမ်းစက်လှေတို့၏ မရေရာသည့်အနာဂတ်

ယခုနှစ်ငါးဖမ်းရာသီတွင် ငါးဈေးကွက် မရှိသည့်အတွက် တိုင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေထက်ဝက်ကျော်မှာ ယာယီ ရပ်နားထားရသည်။ သြဂုတ်လ ၃၁ ရက်တွင် ငါးမဖမ်းရရာသီ ကုန်ဆုံးပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ကမ်းဝေးငါးဖမ်းလှေများ နှစ်စဉ် ပင်လယ် ပြင်သို့ ပုံမှန် ပြန်လည်ထွက်ခွာလေ့ရှိကြသည်။ သို့သော် ယခုနှစ်တွင်မူ တချို့ တဝက်သာ ထွက်ခွာနိုင်တော့သည်။

တိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ ထက်ဝက်ကျော် လောလောဆယ်တွင် ရပ်နားထားရသည်ဟု တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြောသည်။ တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ တစ်ထောင့်လေးရာခန့်ရှိနေသည်။

မြိတ်ဒေသမှ ထွက်သည့် ရေထွက်ပစ္စည်း ကိုးဆယ်ရာခိုင်နှုန်းအား ထိုင်းနိုင်ငံ ရနောင်းသို့ နှစ်စဉ်ပုံမှန် တင်ပို့နေရပြီး ကိုဗစ်ကြောင့် ယခုအခါ ရေထွက်ပစ္စည်းများမှာ ဈေးနှုန်းထက်ဝက်ကျော် ကျဆင်းနေသည်။

ထိုင်းကုန်သည်တို့အနေနှင့်လည်း လက်ရှိဝယ်ယူထားသည့် ရေထွက်ပစ္စည်းများအား ထိုင်းနိုင်ငံမှတစ်ဆင့် တစ်ခြား ဥရောပဈေးကွက်သို့ တင်ပို့နိုင်ခြင်း မရှိသေးပေ။ ယခုမူ ငါးဖမ်းရာသီ ပြန်လည် စတင်လာပြီဖြစ်သည်။

ကိုဗစ်ကာလ ဧည့်လမ်းညွှန်မှ ပလာတာသည်ဘဝ

သည့်အတွက် ယခုနှစ်ငါးဖမ်းရာသီတွင် မြိတ်ဒေသမှထွက်ရှိလာဦးမည့် ရေထွက်ကုန်များ၏ ဈေးကွက်မှာ မရေမရာရှိနေသည်။ ထိုင်းဘက်ကလည်း ကမ်းလှမ်းလာခြင်း မရှိ။ သည်က ရေလုပ်ငန်းရှင်များမှာ ထိုင်းဈေးကွက်ကိုသာ အားကိုးနေရသည်ဖြစ်ရာ ရာသီအဖွင့်တွင် ပင်လယ်ပြင်သို့ထွက်ကာ ငါးဖမ်းမည့်အရေးကို စောင့်ကြည့်နေရသည့်အခြေအနေသာ။

“လောလောဆယ်တော့ သုံးဆယ် ပါစင်းပဲ ထွက်နိုင်ကြသေးတယ်။ အားလုံးက မထွက်ကြသေးဘူး။ အခြေအနေကို စောင့်ကြည့်နေကြတာပေါ့” ဟု တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ပြောသည်။

“လှေဆယ်စီးရှိတဲ့လူတွေ ငါးစီးပဲ ထွက်နိုင်ကြသေးတာကို ကျနော်တို့ သိရတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းဝယ်လက်မရှိ၊ ဈေးလည်း မပေးနိုင်သည့်အတွက် ရန်ကုန်နှင့် တရုတ် ဈေးကွက်ဘက်သို့ ခြေဦးလှည့်ကြည့်သော်လည်း ထင်သလောက် အဆင်မပြေ။ ပစ္စည်းကို လက်ခံဝယ်ယူသော်လည်း ငွေကချက်ချင်းမရဟု လုပ်ငန်းရှင်များက ဆိုသည်။

သို့သော် ငါးမဖမ်းရ ရာသီကာလ (ဇွန်၊ ဇူလိုင်၊ သြဂုတ်) သုံးလတာအတွင်း အိမ်ပြန်နားနေကြရသည့် ရေလုပ်သားများမှာ ယခုအခါတွင် လှေပေါ်သို့ ပြန်လည်ရောက်ရှိနေကြပြီဖြစ်ကာ ယင်းတို့၏ မိသားစု စားဝတ်နေရေးအတွက်လည်း လှေရှင်များအနေနှင့် ချင့်ချိန်နေရသည်။

“တစ်ပတ်နှစ်ပတ် စောင့်ကြည့်ပြီး ထွက်တော့ ထွက်ရမယ်” ဟု ငါးဖမ်းလှေ လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သည့် ဦးသက်စိုးက ပြောသည်။

လက်ရှိ တိုင်းအတွင်း ကမ်းဝေး ငါးဖမ်းလှေ ရေလုပ်သားသုံးသောင်း ကျော်ရှိနေပြီး ၎င်းတို့အား မှီခိုနေရသည့် မိသားစုသည်လည်း သိန်းချီရှိနေကြသည်။ မြိတ်ရှိငါးဖမ်းလှေ လုပ်သားအများစုမှာ ထားဝယ်ခရိုင်နှင့် ပုလောမြို့ နယ်တို့ဘက်မှ အများစုဖြစ်ပြီး မြိတ်သားများနှင့် ရခိုင်လူမျိုးအနည်းငယ်လည်း လုပ်ကိုင်နေကြကြောင်း လုပ်ငန်းရှင်များ ထံမှသိရသည်။

ငါးဈေးကွက်ကြောင့် ကမ်းဝေးလှေကြီးများ ပင်လယ်ပြင်ထွက်ရေး ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေရသလို လက်ရှိငါးဖမ်းဆီးလျက် ရှိနေဆဲဖြစ်သည့် ကမ်းနီးလှေငယ်များသည်လည်း ထိုင်းဈေးကွက်အတွင်း ရေကုန်ပြီး ပဲမပြဲသည့်အခြေအနေ ဆိုက်ရောက် နေကြသည်။

ဆိုလိုသည်က ထိုင်းဈေးကွက်အတွင်း ငါးသာရောင်းချနေရပြီး လူပင်ပန်းကာ အမျိုးအမြတ်က မရှိဖြစ်နေသည်။ တန်ဖိုးရှိသည့် ရေသယံဇာတများမှာ ထိုက်သင့်သည့် တန်ဖိုးကိုမရရှိဘဲ ကုန်ဆုံးနေရသည်။

ကိုဗစ်မဖြစ်မီအချိန်က ရနောင်းဈေးကွက်အတွင်း ထိုင်းငွေဘတ်တစ်ရာ ရခဲ့သည့် ရေထွက်ပစ္စည်းသည် ယခုအခါ ဘတ်လေးဆယ်ခန့်သာ ကျန်တော့သည့်အတွက် ကမ်းနီးလုပ်ငန်းရှင်များက ညည်းညူနေကြသည်။

“ဈေးကျတဲ့ဒဏ် ရေလုပ်သား အားလုံးက ခံနေရတယ်။ ဒါကို ကြာကြာ တောင့်ခံထားဖို့က မလွယ်ဘူး” ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောသည်။

အစိုးရ၏ စာရင်းများအရ ကော့သောင်း ချက်ပွိုင့်မှ ထိုင်းနိုင်ငံရနောင်းသို့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန် တန်ချိန် တစ်သိန်းကိုးသောင်းကျော် တင်ပို့ခဲ့ပြီး ၂၀၁၈-၁၉ တွင် တန်ချိန် နှစ်သိန်းသုံးသောင်းနှင့် ယခုနှစ် ၂၀၁၉ -၂၀၂၀ ဇွန်လအထိ တန်ချိန်ပေါင်း နှစ်သိန်းသုံးသောင်းကျော် တင်ပို့ပြီးဖြစ် ကြောင်း သိရသည်။

သို့သော် ထိုင်းသို့တင်ပို့နေသည့် ရေထွက်ပစ္စည်းသည် ကိုဗစ်ကာလအတွင်း အမျိုးစားပေါ်မူတည်ကာ နှစ်ဆယ်ရာခိုင်နှုန်းမှ ငါးဆယ်ရာခိုင်နှုန်းအထိ ဈေးကျဆင်းလျက် ရှိနေသည်ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်က ဆိုသည်။

လက်ရှိမြိတ်ဒေသအတွင်း ပင်လယ်ပြင်မှ ထွက်ရှိသည့် ရေထွက်ပစ္စည်းများကို သိုလှောင်ထားနိုင်ရန်နှင့် သိုလှောင်ပြီး ကုန်ချောအဖြစ် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်သည့် အအေးခန်းစက်ရုံတို့မှာ လုံလောက်စွာ ရှိမနေ။ ရှိလျှင်တော့ တစ်စုံတစ်ရာအတိုင်းအတာအထိ အဆင်ပြေနိုင်သည်။ ဈေးကျနေ၍ မရောင်းလိုသေးလျှင် သိုလှောင်ထားနိုင်သည်။

“အအေးခန်း စက်ရုံတွေကို တိုးချဲ့ လာစေချင်တယ်။ ဒါမှလည်း ငါးကိုထိန်း ထားနိုင်ပြီး ကုန်ချောအဖြစ် ရောင်းချနိုင်ရင် ငွေအများကြီး ပိုလာမှာပေါ့” ဟု ငါးဖမ်းလှေလုပ်ငန်းရှင်လည်းဖြစ် တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူးလည်းဖြစ်သည့် ဦးသက်စိုးက ပြောသည်။

ထို့ကြောင့် ထိုင်းဈေးကွက် တစ်ခုတည်းကိုသာ မှီခိုအားထားနေရသည့် တိုင်းအတွင်း ရေလုပ်ငန်းရှင်များအား နိုင်ငံတော်အစိုးရအနေဖြင့် အခြားသော ပြည်ပဈေးကွက်များ ရှာပေးရန် လုပ်ငန်းရှင်များက မျှော်လင့်နေသည်။

“နိုင်ငံတော်က ရှာပေးနိုင်မှရမယ် လုပ်ငန်းရှင် အနေနဲ့က လက်လှမ်းမမီဘူး” ဟု ဦးသက်စိုးက ပြောသည်။

တနင်္သာရီတစ်တိုင်းလုံးမှ ထွက်ရှိ သမျှ ရေထွက်ကုန်များအား တစ်နေရာတည်းတွင် ရောင်းချနိုင်သည့် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီးတစ်ခုမှာ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ် နီးပါးကတည်းက မြိတ်မြို့တွင် ရှိခဲ့ဖူးသည်။ ယင်းငါးလေလံဈေးအား အမေရိ ကန်ဒေါ်လာ သန်း ၇၀ ရင်းနှီးမြှုပ်နှံခွင့်ကို မြန်မာ့ရင်းနှီးမြုပ်နှံမှု ကော်မရှင်(MIC) ခွင့်ပြုပေးခဲ့သည်။ သို့သော် မြေပြင်တွင် အမေရိကန်ဒေါ်လာ ၁၀ သန်းသာ ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀ဝ၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

သို့သော် ထိုစဉ်ကဖြစ်ခဲ့သည့် ထိုင်း မြန်မာနယ်စပ် ပြဿနာများကြောင့် နှစ်နှစ်အကြာတွင် လုပ်ငန်းရပ်နား ခဲ့ရသည်။

ထို့နောက် ၂၀၁၆ ခုနှစ်တွင် မူလလုပ်ငန်းများ ပြန်လည်ပတ်ရေးအတွက် တဖန်စိုင်းပြင်းခဲ့သော်လည်း ငွေရေး ကြေးရေးအရှုပ်အထွေးများရှိနေခဲ့ရာ ဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။
ငါးလေလံဈေးစတင် လုပ်ဆောင်ခဲ့စဉ်က ငွေကြေးကိစ္စများနှင့် ပတ်သက် ၍ ငါးလုပ်ငန်းဦးစီးဌာနနှင့် လုပ်ငန်းလုပ် ပိုင်ခွင့်ရ MFIJV ကုမ္ပဏီ(Myanmar Fisheries International Joint Venture Linited) တို့အကြား အပြန်အလှန် တရားစွဲဆိုမှုများ ရှိခဲ့သည်။ ယင်း လေလံဈေးအတွက် အစိုးရပိုင် ငါးလုပ်ငန်း ဦးစီးဌာနက ၃၀ ရာခိုင်နှုန်း၊ ပြင်သစ် နိုင်ငံသားပိုင် Setrsco International Linited က ၆၀ ရာခိုင်နှုန်း၊ ရန်ကုန် အခြေစိုက် Asia BlueLine ကုမ္ပဏီက ၁၀ ရာခိုင်နှုန်းထည့်ဝင်ခဲ့ကြသည်။

NLDအစိုးရတက်လာပြီးနောက် ငါးလေလံဈေး ပိုင်ရှင်အပါအဝင် ဒေသခံများမှဒေသတွင်း ငါးဈေးပြန်လည် ဖွင့်လှစ်နိုင်နိုင်ရန် ကြီးစွာမျှော်လင့်ခဲ့ကြသလို လွတ်တော်ကိုယ်စားလှယ် အချို့ကလည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး လွတ်တော်တွင် မေးခွန်းအကြိမ်ကြိမ် မေးမြန်းခဲ့ကြသည်။

သို့သော် ငွေကြေးပြဿနာမှာ ယနေ့ အထိ မထူးခြားသေး။ ပြင်သစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ရလျှင် နှစ်လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် အဆင်သင့်ရှိနေကြောင်း အပြည်ပြည် ဆိုင်ရာ ငါးလေလံဈေး၏ အမှုဆောင် ဒါရိုက်တာ ဒေါ်ဌေးဌေးဝင်းက ပြောဆို သည်။

“အားလုံးက အဆင်သင့် လုပ်ထား ပြီးသား” ဟု ၎င်းက ပြောသည်။

ငါးလေလံဈေး မဖွင့်နိုင်သည့် အဓိက အားနည်းချက်သည် တိုင်းအစိုးရမှ ပူးပေါင်းဆောင်ရွက်မှု မရှိသည့်အတွက် ဖြစ်ရကြောင်း ဒေသခံတချို့က ရှုမြင်ကြသည်။ လွန်ခဲ့သည့် နှစ်နှစ်လောက်မှ စပြီး ငါးလေလံဈေး ဖွင့်ခဲ့နိုင်မည်ဆိုလျှင် ကပ်ဘေးကာလ ဖြစ်သော်လည်း မြိတ်ရေလုပ်ငန်းမှာ ယခုလို ကျီးလန့်စာစားရသည့် အခြေအနေမျိုးသို့ ရောက်လိမ့်မည် မထင်ကြောင်း မြိတ်ဒေသခံ ဦးထွန်းထွန်းဦး က ရှုမြင်သည်။ ငါးလေလံဈေး၏ အမှုဆောင်ဒါရိုက်တာကလည်း အလားတူ မှတ်ချက်ပြုသည်။

“ကြုံနေရတဲ့ ပြဿနာ အားလုံး မဟုတ်ရင်တောင် ရာခိုင်နှုန်းတော်တော် များများကိုတော့ ကျွန်မတို့ငါးလေလံ ဈေးအနေနဲ့ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဒေါ်ဌေးဌေးဝင်း ကပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်း က တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ခဲ့ပြီး တစ်ကမ္ဘာလုံးရှိ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် လူ့အသက်ပေါင်းများစွာအား နေ့စဉ် ခြိမ်းခြောက်လျက်ရှိသည့် ကပ်ရောဂါသည် မည်သည့်အချိန်တွင် ပြီးဆုံးမည်ဆိုသည်ကို မည်သူမျှ မပြော နိုင်သေးပေ။

ပုလောမြို့နယ်မှ ရွာတွင် အလုပ်အကိုင်ကလည်းရှားပြီး ဥယျာဉ်ခြံမြေလည်း ပိုင်ဆိုင်မှုမရှိသည့် ကမ်းဝေး ငါးဖမ်းလှေ လုပ်သက် ဆယ်နှစ်ကျော် ပြီဖြစ်သည့် ကိုသန်းနိုင်ကမူ လှေရပ်နား လိုက်ရမည်ကို စိုးရွံ့နေသည်။

“တခြားအလုပ်လည်း မလုပ် တတ်ဘူး။ ဒီအလုပ်ရပ်သွားရင် မိသားစု ထမင်းငတ်မလားပဲ။ ကိုဗစ်မြန်မြန် ပျောက်ဖို့ပဲ ဆုတောင်းနေရတယ်” ဟု ၎င်းက ပြောသည်။

စီးပွားရေးလုပ်ငန်းရှင် အချို့ကမူ ကိုယ်ဗစ်ကြောင့် ရောဂါရမည်ဆိုသည် ထက်လုပ်ငန်းရပ်ဆိုင်းလိုက်ရပြီး ထောင်သောင်းချီ ရေလုပ်သားတို့၏ ဘဝများ ကသောင်းကနင်းဖြစ်ကာ အငတ်ဘေး တွေ့မည့်အရေးကို တွေးပူနေကြသည်။

“လောလောဆယ် ယိုးဒယား (ထိုင်း)က လုံးဝမဝယ်တော့ရင် လှေအားလုံး ရပ်သွားမယ့် အခြေအနေရှိနေတယ်” ဟု တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ပြောသည်။

ကိုဆန်း