ကူးစက်ရောဂါဖြင့် ဝက်များသေနေသည်ဆိုသည့် မမှန်သတင်းကြောင့် ဝက်မွေးသူများအခက်တွေ့

0
616

မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာတချို့တွင် ကူးစက်ရောဂါဖြင့် ဝက်များ သေဆုံးနေသည်ဆိုသည့် မဟုတ်မှန်သတင်းကြောင့် ဝယ်သူမရှိသဖြင့် ဝက်မွေးသူများအခက် တွေ့နေရကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဝက်မွေးသူတချို့ထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Facebook ပေါ်တွင် ရင်ထဲကသစ်ယာဝ အမည်ဖြင့် သစ်ယာဝရွာတွင် ဝက်နာ ရောဂါကူးစက်မှုကြောင့် နေ့စဉ်လိုလို ဝက်များသေဆုံးမှုများရှိနေကြောင်းကို ရေးသားထားကြောင်း သစ်ယာဝကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းက ပြောပြသည်။

ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ

“မြေပြင်အနေအထားမှာက ဒီလို မဟုတ်ပါဘူး” ဟု သစ်ယာဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းက ပြောသည်။

ကူးစက်ရောဂါဖြင့် နေ့စဉ်သေဆုံး ခြင်းမဟုတ်ဘဲ သေဆုံးခဲ့ရသည့် ဝက်ငါးကောင်အား စနစ်တကျ တွင်းတူးမြှုပ်နှံခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်း က ပြောပြသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြိတ်မြို့ပေါ်ရှိ ရပ်ကွက်တချို့နှင့် ကျေးရွာ တချို့တို့တွင် ဝက်များသေဆုံးမှုရှိခဲ့ပြီး ရာသီအကူးအပြောင်းကြောင့် သာမန် သေဆုံးခြင်းသာဖြစ်ကြောင်း မြိတ်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာကေသီမောင်က ပြောဆိုထားသည်။

ဝက်သေဆုံးမှုများနေဆိုသည့် သတင်းကြောင့် မြို့ပေါ်ရှိ ဝက်ဝယ်သူတို့မှာ လာရောက်ဝယ်ယူခြင်းမရှိသည့်အတွက် ဝက်မွေးမြူရေးခြံတချို့နှင့် တစ်ပိုင်တစ်နိုင်မွေးမြူသူတို့တွင် ရောင်းတန်းဝင် ဝက်အကောင်ရေ တစ်ရာဝန်းကျင်ခန့်မှာ မရောင်းရဖြစ်နေရကြောင်း သစ်ယာဝကျေးရွာအနီးရှိ ကန်ပြင်ရွာနေ ဝက်မွေးမြူရေးလုပ်ကိုင်နေသူ ဦးအေးလွင် က ပြောပြသည်။

“ရောင်းလည်းမရောင်းရတော့ အစာစရိတ်မက မလွယ်ဘူး” ဟု ဝက်အကောင် ရေတစ်ရာခန့် မွေးမြူထားသူ ဦးအေးလွင် က ပြောသည်။

သစ်ယာဝနှင့် ကန်ပြင်ကျေးရွာရှိ နေအိမ်ခြောက်ဆယ်ရာခိုင်နှုန်းမှာတစ်ပိုင်တစ်နိုင် ဝက်မွေးမြူလေ့ရှိကြကြောင်း သစ်ယာဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းက ပြောပြသည်။

Dawei Watch