သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ပါသလား

0
528

သားအိမ်ခေါင်းကင်ဆာသည် ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဖြစ်ပွားသော ကင်ဆာရောဂါများအနက် ဒုတိယအများဆုံး တွေ့ရှိရသည့် ရောဂါ ဖြစ်ပါသည်။

သားအိမ်ခေါင်းကင်ဆာရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည့် (Human Papilloma Virus – HPV) ကြောင့် အဓိကဖြစ်ပွားပြီး အသက်ငယ်ရွယ်စဉ် စောစီးစွာအိမ်ထောင်ပြုခြင်း/ လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ လိင်နှင့်ပက်သက်သောရောဂါများ ကူးစက်ခံရခြင်းနှင့် မိန်းမကိုယ်နှင့် သားအိမ်ခေါင်းတွင် ကြွက်နို့/ရေယုန်ပေါက် ခြင်းစသည်တို့ကြောင့် ကူးစက်ဖြစ်ပွား နိုင်ပါသည်။

ရောဂါလက္ခဏာများမှာ မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ ဆီးစပ်နှင့် ခါး နာကျင် ကိုက်ခဲခြင်း၊ ဆီးတွင်းသွေးပါခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ လိင်ဆက်ဆံမှု ပြုပြီးပါက သွေးဆင်းခြင်းနှင့် နာကျင်ခြင်းတို့ ဖြစ်ပါသည်။

ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများမှာ-
(၁) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်း၊
(၂) သားအိမ်ခေါင်းကင်ဆာ အကြို အဆင့်ကို စောစီးစွာသိရှိရန် စစ်ဆေးခြင်း၊
(၃) အခြားနည်းလမ်းများ ဖြစ် သည့် –
• အသက်ငယ်ရွယ်စဉ် လိင်ဆက်ဆံမှု မပြုခြင်း၊
• တစ်လင်တစ်မယားစနစ်ကျင့် သုံးခြင်း၊ လိင်ဆက်ဆံဖက် မများခြင်း၊ ကွန်ဒုံးသုံးခြင်း၊
• တစ်ကိုယ်ရေ သန့်ရှင်းရေး (အထူးသဖြင့် မိန်းမကိုယ်နှင့် သားအိမ်ခေါင်း သန့်ရှင်းရေး) ဂရုပြုခြင်း၊
• ဆေးလိပ်သောက်ခြင်းမှ လုံးဝ ရှောင်ကြဉ်ခြင်း၊
• သားအိမ်ခေါင်းဝ အရည်ကြည်တွင် ရောဂါ ရှိ/ မရှိ ပုံမှန်ကြိုတင်စမ်းသပ်ခြင်း၊
ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနမှ အသက် (၉)နှစ်မှ (၁၀)နှစ် အထိ မိန်းကလေးတိုင်းအတွက် သားအိမ် ခေါင်းကင်ဆာ ကာကွယ်ဆေးအား (၂၀၂၀) ပြည့်နှစ် စက်တင်ဘာလမှစ၍ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာထည့်သွင်းကာ အခမဲ့ထိုးနှံပေးမှာဖြစ်လို့ နီးစပ်ရာကျန်းမာရေးဌာနများနှင့် ဆက်သွယ်ရယူပါ။

ရင်းမြစ်- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန