အခြေတိုးမြင့် ကျန်ကောင်းသင့်၏- ကော့သောင်းအရေးအား တွေးဆခြင်း

138
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

“ကော့သောင်း” ဟုဆိုလျှင် မြန်မာပြည်တောင်စွန်း အငူအချွန်လေးက သာယာလှပလွန်းတဲ့ မြို့ကလေးဆိုတာ မြန်မာပြည်သူပြည်သားအားလုံး သိကြပေလိမ့်မည်။ ရှားရှားပါးပါး ပင်လယ်ဆိပ်ကမ်းရှိသည့် နယ်စပ်မြို့လေးဖြစ်၍ ကုန်သွယ်ရေးလုပ်ငန်းနှင့် ပင်လယ်ရေ ထွက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများကြောင့် မြို့ငယ်သော်လည်း စည်ကားပြီး နိုင်ငံအနှံ့အပြားမှ စီးပွားလာရှာရ သည်အထိ စီးပွားရေးအချက်အချာကျ ဖွံ့ဖြိုးလှသည့် နာမည်ကျော်နယ်စပ်မြို့လေး ဖြစ်ခဲ့ပါသည်။

“ရွှေကော့သောင်း” ဟုပင် ခေါ်တွင်ခဲ့ကြသည်။ နယ်စပ်မြို့ တို့ထုံးစံ ပျော်စရာရွှင်စရာ ဆန်းသစ်မှု များစွာနှင့် ငါးဖမ်းစက်လှေများ၊ လုပ်ငန်းရှင် ကုန်သည်ကြီးများ၏ တစ်ထောက်နား အပန်းဖြေငွေသုံးရာ မြို့လေးအဖြစ် စီးပွားဖြစ်ကာ ငွေရှာရလွယ်သည့် မြို့ကလေး ဖြစ်ခဲ့ပါသည်။

ထိုမြို့ကလေးသည် ၁၉၉၆/၁၉၉၇ ခုနှစ်များအတွင်း မြိတ်မြို့တွင် တိုင်းရုံးများ အခြေစိုက်ခဲ့ချိန်မှစ၍ မြင်ကွင်း အခြေအနေများ တစ်မျိုးပြောင်းလဲခဲ့ပြီး စီးပွားရေးအခွင့်အလမ်းများ လျော့ပါးကာ တဖြည်းဖြည်းအားနည်းခြောက်ကပ် လာခဲ့ပါသည်။ အဓိကအချက်များမှာ ငါးဖမ်းစက်လှေများ မဖြစ်မနေ တစ်ထောက်နားရပ်တန့်ရမည့် လှေစစ် ဆေးမှတ်ပုံတင်ရာဌာန(Check Point) အား မြိတ်မြို့သို့ရွှေ့ပြောင်းလိုက်ပြီး ကော့သောင်းတွင် ဝင်ရောက်ရပ်နားရန် မလိုတော့ခြင်းက မြို့ကလေးအား ရေသောက်မြစ်ပြတ်သွားစေခြင်းပင် ဖြစ်သည်။

စင်စစ် တည်နေရာအနေအထားအရ ကော့သောင်းမြို့သည် မြန်မာပြည်၏ အစွန်းအဖျားတွင်တည်ရှိခြင်း၊ လူဦးရေနည်းပါးခြင်း၊ အခြားမြို့ရွာများနှင့် ခရီးဝေးကွာလွန်းခြင်း၊ ပင်လယ်ရေထွက်သယံဇာတမှလွဲ၍ အခြားထွက် ကုန်မရှိခြင်း၊ ပတ်ဝန်းကျင်အခြေအနေ များအရ တောတောင်များသာဖြစ်ခြင်းတို့ကြောင့် စီးပွားဖြစ်ထွန်းရန် အရင်းအမြစ်အခွင့်အလမ်း နည်းပါးသည့်အခြေ အနေ ဖြစ်ပေသည်။

အားသာချက်အဖြစ် နယ်စပ်မြို့ဖြစ်သဖြင့် နှစ်နိုင်ငံကုန်သွယ်ရာတွင် စရိတ်သက်သာသော ရေလမ်းကြောင်းအသုံးပြုနိုင်ခြင်းနှင့် ရေထွက်သယံဇာတများ ထုတ်လုပ်နိုင်ခြင်းတို့ကြောင့်သာ စီးပွားဖြစ်ခဲ့ရခြင်းဖြစ်သည်။

အခြားအချက်အလက်များအနေဖြင့် နယ်စပ်မြို့ဖြစ်နေခြင်းကို အမှီပြု၍ တရားမဝင်လုပ်ငန်းများကြောင့်သာ ရေတိုစီးပွားဖြစ်ခဲ့ခြင်းများ ရှိပေသည်။

သာဓကအားဖြင့် ၁၉၉၆/၁၉၉၇ နောက်ပိုင်း ဆီအုန်းခြံများ စိုက်ပျိုးရန် တောရှင်းရာမှ သစ်များထုတ်၍ တစ်ဖက် နိုင်ငံသို့ ခိုးပို့သည့်လုပ်ငန်းများ တွင်ကျယ်ခဲ့စဉ်ကတစ်ကြိမ်၊ တရားမဝင်အလုပ်သမားများ တစ်ဖက်နိုင်ငံသို့ ခိုးပို့သည့် လူမှောင်ခိုလုပ်ငန်းများ တွင်ကျယ်ခဲ့စဉ်က တစ်ကြိမ်သာ ကော့သောင်းမြို့ကလေး လှုပ်ရှားအသက်ဝင် စည်ကားခဲ့ဖူးပေသည်။ ရေတိုကာလမျှသာ ဖြစ်ခဲ့ပေ သည်။

ယနေ့ နာမည်ကျော် ကော့သောင်းမြို့ကလေး၏ အခြေအနေကား တစ်ချိန်က မည်မျှစည်ကားခဲ့သည်ကို ပြန်ပြောလျှင် ပုံပြင်ထင်ရလောက်အောင်ပင် ပြောင်းလဲနေလေပြီ။ ကုန်သွယ်ရေးကကို မျှော်ကြည့်မည်ဆိုလျှင် မျှော်လင့် ချက်မဲ့သည့် အခြေအနေပင်။ ကော့သောင်း မြို့မှဝင်မည့် သွင်းကုန်ဈေးကွက်က ကော့သောင်းတစ်မြို့စာသာ ရှိတော့သည်။ ဘုတ်ပြင်းမြို့အတွက် ရတနာပုံ ဝင်ပေါက်၊ မြိတ်မြို့အတွက် မောတောင်ဝင်ပေါက်၊ ထားဝယ်အတွက် ထီးခီးဝင်ပေါက်၊ စသည်ဖြင့် အနီးဆုံး ကုန်သွယ်ရေးလမ်း ကြောင်းများ ရှိနေပေပြီ။ ဈေးကွက်ကြီးမားသည့် မြိတ်မြို့အတွက် ရေလမ်းခရီး အသုံးပြုမည့် ကုန်ပစ္စည်းများသည် တစ်ဖက်နိုင်ငံ “ရနောင်းမြို့” မှ မြိတ်သို့ တိုက်ရိုက်ကုန်သွယ် နေကြပေပြီ။

နောက်ပိုင်းတွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လာကြသော်လည်း အများစုမှာ ရော်ဘာကိုသာ စိုက်ပျိုးခဲ့ကြ ၍ ရော်ဘာဈေး ကျသွားသည့်အခြေအနေများကြောင့် ကြိုးစားထားခဲ့ကြသမျှ အရာမထင်သည့်အပြင် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြရသည်။ ဆီအုန်းစိုက်ခင်းများ ရှိသော်လည်း မြို့လူထုအပေါ် အကန့် အသတ်မျှသာ အကျိုးသက်ရောက်မှု ရှိပေသည်။ နိုင်ငံတော်မှ မျှော်တွေးရည် မှန်းသည့် ခရီးသွားလုပ်ငန်းသည်လည်း မြို့အတွက် ထင်သလောက် အကျိုးမဖြစ် ထွန်းခဲ့ပေ။

ရေရှည်တွင်လည်း တည်နေရာနှင့် ကုန်ကျစရိတ်များအရ ပြည်တွင်း ခရီးသွား အနည်းစုကိုသာ မျှော်မှန်းနိုင် ပေသည်။ မရောက်ဖူး၍ တစ်ခေါက်လာ ပြီး နောက်တစ်ခေါက် ပြန်လည်လာ ရောက်ရန် ခက်ခဲပေမည်။ ပြည်ပခရီး သွားများကို မျှော်မှန်းလျှင်လည်း ယခင် နှစ်များအရ တစ်ဖက်နိုင်ငံ “ရနောင်း” မှ ကျွန်းများသို့ တိုက်ရိုက်လည်ပတ်သူများသာ များပြီး သွားလာ/စားသောက်/ပို့ ဆောင်မှု စသည့် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဟိုတယ်လုပ်ငန်းရှင်များမှ အပြီးဆောင်ရွက်သည့်စနစ်ဖြစ်၍ မြို့ လူထုအတွက် ထင်သလောက် အကျိုး မဖြစ်ထွန်းသည်ကို လက်တွေ့ကျကျ သိရှိနိုင်ပါသည်။

ခြုံ၍ပြောရလျှင် လက်ရှိ ကော့သောင်း အခြေအနေမှာ အစိုးရ ဘဏ္ဍာငွေဖြင့် လည်ပတ်နေသည့် ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းများမှတပါး အခြား စီးပွားရေးလုပ်ငန်းများ အားရစရာမရှိ ပေ။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရိုင်မြို့ကြီး သုံးမြို့အနက် ထားဝယ်မြို့သည် တိုင်းမြို့ဖြစ်ခြင်း၊ သွားလာရ အနီးဆုံးဝင်ပေါက်ဖြစ်ခြင်း၊ လူဦးရေများ၍ ဈေးကွက် ကျယ်ပြန့်ခြင်း၊ ဧည့်သည်များလာရောက်ရန် ဆွဲဆောင်နိုင်သည့် ယဉ်ကျေးမှုသမိုင်းအချက်အလက်များ ပိုင်ဆိုင်ခြင်းတို့ကြောင့်လည်းကောင်း၊ မြိတ်မြို့သည်လည်း ပင်လယ်ဆိပ်ကမ်း ရှိပြီး တစ်တိုင်းလုံးမှ ရေထွက်ပစ္စည်းလုပ်ငန်းတို့၏ ဗဟိုချက်ဖြစ်ခြင်းကြောင့် လည်းကောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ပူရန်မလိုဟု ထင်ပါသည်။

ကန့်သတ်ချက်များသည့် ကော့သောင်းမြို့လေး၏ လက်ရှိအခြေအနေနှင့် အနာဂတ်အတွက် ကတော့ ရေတိုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် ရေရှည်မျှော်မှန်း၍ ထွက်ပေါက် ရှာလမ်းကြောင်းများ ဖန်တီးပေရန် လိုအပ်နေပြီဟု ထင်မြင်မိပါသည်။

အများနှင့်ဆိုင်သည့် ရေရှည် အခွင့်အလမ်းများ ဖန်တီးရာတွင်လည်း ပုဂ္ဂလိကအခန်းကဏ္ဍကိုသာ အားကိုးနေ ခြင်းသည် တစ်ခါတစ်ရံတွင် အကျိုးအမြတ်နည်းသည့် ကိစ္စဆိုလျှင် ဖြစ်နိုင်စွမ်းနည်းခြင်း၊ အကျိုးအမြတ်များသည့် ကိစ္စဆိုလျှင်လည်း အခွင့်အလမ်းများ လူနည်းစုလက်ထဲ အပ်လိုက်ရသဖြင့် ရည်မှန်းချက်လွဲချော်သွားခြင်းများ ဖြစ်တတ်သဖြင့် သတိပြုသင့်ပေသည်။ ရေရှည်စီမံကိန်းများတွင် အစိုးရအစီအမံဖြင့်သာ အကောင်အထည်ဖော်ခြင်းက ပိုမိုသင့်တော်မည်ဟု ထင်မိပါသည်။

ကော့သောင်းမြို့အတွက် ရေရှည် ထွက်ပေါက်များကို လက်တွေ့ကျကျ သုံးသပ်ကြည့်ရာတွင် အဖြစ်နိုင်ဆုံးဟု ထင်မိသည့်အချက် နှစ်ချက်ရှိပါသည်။ လက်ရှိဒေသတွင်း စိုက်ဧကအများ ဆုံးဖြစ်ပြီး အခက်အခဲတွေ့နေသော ရာဘာထုတ်ကုန်အား အစိုးရအစီအစဉ်ဖြင့် (ပြည်တွင်း/ပြည်ပ) ကုမ္ပဏီတစ်ခုခု နှင့် ချိတ်ဆက်၍ ကုန်ချောထုတ်သည့် စက်ရုံတစ်ခု တည်ဆောက်ပေးပြီး ရော်ဘာ ဈေးကို ထိန်း၍ ဝယ်ယူပေးခြင်း ဖြစ်ပါသည်။

စိုက်ဧကများကို တွက်ချက် သုတေသနပြု၍ ဒေသတွင်း ကုန်ထုတ်အားဖြင့် ကိုက်ညီသော စက်ရုံမျိုး(ဥပမာ လက်အိတ် စသည့်အသေးစား စက်ရုံမျိုး)ကိုဆိုလိုသည်။ ပုဂ္ဂလိက ရော်ဘာ ဝယ်သည့် စက်ရုံများ ရှိသော်လည်း ၎င်းတို့သည်လည်း ရော်ဘာပေါက်ဈေး ကိုမှီ၍ ပြန်ရောင်းချရသောကြောင့် ဈေးနှုန်း ထိန်းဝယ်ပေးရန် မဖြစ်နိုင်ပါ။

အစိုးရအစီအမံဖြင့် ငွေစိုက်ထုတ်သည့် ရင်းနှီး မြှုပ်နှံမှုမျိုးဖြင့် ကုန်ချောထွက်သည်အထိ အားပေးဆောင်ရွက်မည်ဆိုပါက ရော်ဘာဈေးကို ထိန်းဝယ်နိုင်မည်ဟု ထင်ပါသည်။ ရော်ဘာစိုက်သူများ အဆင်ပြေချောင် လည်ပါက မြို့လူထုအား အတိုင်းအတာ တစ်ခုအထိ အကျိုးသက်ရောက်မည်ဟု ယုံကြည်ပါသည်။

ဒုတိယ အချက်အနေဖြင့် မိမိ နိုင်ငံပိုင်နက် ပင်လယ်ပြင်မှထွက်ရှိသော ရေထွက်ကုန် ပစ္စည်းများအား တစ်ဖက်နိုင်ငံ “ရနောင်း” သို့ သွားရောက်ရောင်းချနေသည့် ဈေးကွက်အား မိမိတို့ဘက်သို့ လာရောက်ဝယ်ယူရသည့် ဈေးကွက်ဖြစ် အောင် ဖန်တီးခြင်းဖြစ်သည်။ အောင်မြင် အောင်ဖန်တီးနိုင်ပါက ကော့သောင်းမြို့လေးသည် သက်ဝင်လှုပ်ရှား တိုးတက်လာမည်မှာ သေချာပေါက်ဖြစ်ပေသည်။ အဆိုပါနှစ်ချက်လုံးသည် မိမိတို့ဒေသအတွင်းရှိထားပြီးဖြစ်သည့် အားသာချက်များကို အသုံးချနိုင်ရေးအား မူတည်စဉ်းစားမိခြင်း ဖြစ်ပါသည်။

“အလုပ်” ဟူသည် ရှိပြီးသားမဟုတ်ဘဲ အသစ်ကြံဆလုပ်ကိုင်ရသည်ဖြစ်၍ အခက်အခဲများစွာ ရှိပေမည်။ မဖြစ် မနေလုပ်မှရမည့် ကိစ္စများအတွက် အခက်အခဲများအား ကျော်လွှားရန် နည်းလမ်းကို ရှာကြံကြိုးစားရမည်သာ ဖြစ်သည်။ အထက်ပါလုပ်ငန်း နှစ်ခုလုံးအတွက် အခြေခံအဆောက်အအုံများနှင့် စွမ်းအင် ကဏ္ဍတို့တွင် ခက်ခဲနိုင်သော်လည်း အစိုးရတစ်ရပ်ဖြစ်၍ မြေနေရာအဆောက်အအုံစ္စများကို အောင်မြင်အောင်ဖြေရှင်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။

လက်ရှိအခြေအနေအရရော အနာဂါတ်အတွက်ပါ မရှိမဖြစ်ဖြည့် ဆည်းပေးရန် လိုအပ်နေသည်မှာ စွမ်းအင်အရင်းအမြစ်ရရှိရေး ဖြစ်ပါသည်။ အစိုးရနှစ်ရပ်လုံး ကြိုးစားဆောင် ရွက်ခဲ့ကြသော်လည်း ရေတိုကာလ အတွက်သာ စဉ်းစားလုပ်ဆောင်နေသကဲ့သို့ ဖြစ်နေပါသည်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူကို အလုပ်အပ် ဖြေရှင်း ခိုင်းခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးအမြတ် ကန့်သတ်ချက်ဘောင်အတွင်းမှ ကျော်လွှားနိုင်မည် မဟုတ်ပေ။

ကော့သောင်းမြို့၏ တည်နေရာနှင့် နိုင်ငံတော်၏ အခြေအနေအရ စွမ်းအင်ရရှိရေးအတွက် “မဟာဓာတ်အားလိုင်း လာမှာပဲ” ဟု မျှော်မှန်းနိုင်သည့် နေရာ မဟုတ်ပါ။ မဟာဓာတ်အားလိုင်း ရောက်လာမည်ဟု ထိုင်မျှော်ပြီး အဆင်ပြေသလို ရေတိုနည်းဖြင့် ဖြေရှင်းနေမည့် အစား ကိုယ့်အားကိုယ်ကိုးပြီး မဖြစ်မနေ အကောင်အထည်ဖော်ရမည့် ကိစ္စဟု သတ်မှတ်စဉ်းစား စေချင်ပါသည်။

“ကော့သောင်းမြို့ဝန်းကျင်တွင် ရေအား လျှပ်စစ်ထုတ်နိုင်မည့် အရင်းအမြစ်မရှိလျှင် တစ်ခြားနည်းနဲ့မထုတ်နိုင်ဘူးလား။ လက်ရှိ လောင်စာဆီသုံးပြီးထုတ် နေသည်မှာ မြို့လူထုအတွက် ဈေးနှုန်းကြီးမြင့်နေသည်ကို သိရှိပြီးဖြစ်လို့ အခြားဆိုလာလိုဟာမျိုးကိုသုံး၍ မထုတ်နိုင်ဘူးလား” သုသေတနပြုလေ့လာ ဆန်းစစ်ပြီး အဖြေတစ်ခုထုတ်သင့်ပေသည်။

မြိတ်၊ ထားဝယ်တို့နှင့် နှိုင်းယှဉ်လျှင် မြို့သေးငယ်ပြီး လူဦးရေနည်းပါသည့် ကော့သောင်းမြို့အတွက် ဖြစ်နိုင်ချေ အားသာမှု ရှိပါသည်။ အစိုးရအဆင့်ဖြင့် တကယ်ထုတ်လုပ်နိုင်မည့် ပြည်ပမှ သော်လည်းကောင်း၊ ပြည်တွင်းမှသော်လည်းကောင်း ကုမ္ပဏီကြီများ၊ ပညာရှင်များ ဖိတ်ခေါ်ဆွေးနွေးခြင်းအားဖြင့် နည်လမ်းရရှိနိုင်မည်ဟု ယူဆပါသည်။

ရင်းနှီးမြှုပ်နှံရာတွင်လည်း ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပေးခြင်းထက် အစိုးရဘဏ္ဍာ ငွေမှအလုံးစုံသော်လည်းကောင်း တစ် စိတ်တစ်ပိုင်းသော်လည်းကောင်း ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် မီတာခဈေးနှုန်းများကို ထိန်းသိမ်းနိုင်ပေမည်။ အစိုးရ အနေဖြင့်လည်း လမ်း/တံတား/အဆောက် အအုံ စသည့် ဒေသဖွံ့ဖြိုးရေးကဏ္ဍများကို လျော့ချပြီး စွမ်းအင်လုပ်ငန်းအတွက် ဘဏ္ဍာငွေ ခွဲဝေသတ်မှတ် ဆောင်ရွက်ပါက နှစ်နှစ်၊ သုံးနှစ် စီမံကိန်းဖြင့် ဆောင်ရွက်လျှင် ဖြစ်နိုင်မည်ဟု ယူဆပါသည်။

အစိုးရနှစ်ဆက် ဆောင်ရွက်ခဲ့သည့်အတွက် လမ်း/တံတား/အဆောက်အအုံ စသည့် ဒေသဖွံ့ဖြိုး တိုးတက်မှုမှာ အတန်အသင့် ပြည့်စုံသည့်အနေအထား ဖြစ်ပါသည်။ မဖြစ်မနေကိစ္စလောက်သာ ဦးစားပေးပြီး စွမ်းအင်ကဏ္ဍကို အထူးအလေးထား ဆောင်ရွက်သင့်ပါသည်။ ဆိုလာကဲ့သို့ တစ်ခါရင်းနှီးမြှုပ်နှံထားပြီး ရေရှည်တွင် ဝင်ငွေသာရရှိနေမည့် နည်းလမ်းမျိုးသာ အောင်မြင်ပါက နိုင်ငံတကာချေငွေမျိုးနှင့် ဆောင်ရွက်မည်ဆိုလျှင်လည်း ချေးငွေပြန်ဆပ်နိုင် ရေး စိတ်ပူရန်လိုမည်မထင်ပါ။

ပြန်ဝင်လာမည့် ငွေနှင့် လျှော့ကျခဲ့သည့် လမ်း/ တံတား/ အဆောက်အအုံ ကဏ္ဍကိုလည်း ပိုမိုအကောင်အထည်ဖော်နိုင် ပေမည်။

အချုပ်ဆိုရလျှင် ကော့သောင်းမြို့ သားပြည်သူတစ်ဦးအနေဖြင့် ကော့သောင်းမြို့၏ အတိတ်၊ ပစ္စုပ္ပန်အား ကောင်းစွာ သိရှိပြီး အနာဂတ်အတွက်လည်း မျှောမှန်းစိတ်ပူမိပေသည်။ မည်သည့်အစိုးရအာဏာရသည်ဖြစ်စေ ကြံစည်ဖြေရှင်းခြင်းမရှိဘဲ အလိုလို ပြည့်စုံလာမည့် အကြောင်းတရားများ မဟုတ်ပေ။

နိုင်ငံရေးစနစ်အရ အစိုးရ သက်တမ်း ငါးနှစ်အတွင်း ထင်သာမြင်သာရှိသည့် ရေတိုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းထက် ရေရှည် အကျိုးရှိစေမည့် စီမံကိန်းများကို ချမှတ် အကောင်အထည်ဖော်စေချင် သည်က လိုရင်းဖြစ်သည်။ ယခုတင်ပြခဲ့သည့် အချက်များသည် သာမန်ပြည်သူတစ်ယောက်၏ ဉာဏ်မီသလောက် ကြံဆမှု များသာ ဖြစ်ပါသည်။

အရာအားလုံးကို အပေါ်စီးမှ မြင်နိုင်၊ သိနိုင်၊ လုပ်ကိုင်နိုင် သည့် အစိုးရအဖွဲ့ အစည်းများ၊ တာဝန် ရှိသူများအနေဖြင့် အခြားအကောင်း ဆုံးသော နည်းလမ်း/အဖြေများကို ရှာကြံ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မျှော်လင့်ရင်း ဆရာဇော်ဂျီ၏ ကဗျာလေးတစ်ပိုင်းတစ်စကို ရွတ်ဆိုမိပါသည်။

“သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏”

ကော့သောင်းသား