ထားဝယ်တက္ကသိုလ် ကွာရန်တင်းအခန်းများ ပျက်စီးပြီး ကျန်ရစ်

0
324

သြဂုတ်လ ဒုတိယအပတ်က ယာယီ ပိတ်လိုက်ပြီဖြစ်သော ထားဝယ်တက္ကသိုလ် ကွာရန်တင်းစခန်းနှစ်ခုမှာ အပျက်အစီးများဖြစ်ကာ ကျန်ခဲ့ကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေက ပြောသည်။

တန်ဖိုးအားဖြင့် မည်မျှပျက်စီးသွားသည်ကို တွက်ချက်ထားခြင်းမရှိသော်လည်း ကွာရန်တင်းစခန်းရှိ ပြတင်းပေါက်မှန်များ ကွဲအက်ခြင်း၊ တံခါးပေါက်များ ပြုတ်ထွက်ခြင်း၊ အဆောင်မှူးအခန်းကဲ့သို့သော မဝင်ရ သတ်မှတ်ထားသည့် အခန်းများကို တံခါးဖျက်ဆီးပြီး ဝင်ရောက်ခြင်းတို့ ရှိကြောင်း ဒေါက်တာသိင်္ဂီရွှေက ပြောသည်။

ကိုဗစ်ထောက်ပံ့ကြေးကိစ္စ အတိုင်ခံရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအမှု ခရိုင်ဆုံးဖြတ်ချက် စောင့်ဆိုင်း

ယင်းကွာရင်တင်းစခန်းနှစ်ခုကို တနင်္သာရီအပတ်စဉ်က သြဂုတ်လ ၂၈ ရက်က သွားရောက်ကြည့်ရှုခဲ့ရာ ရွှေဝယ် ထိပ်ထားအဆောင် အုတ်တံတိုင်းအပေါ် ဘက် သံဆူးကြိုးများကို ချိုးဖျက်ထားသည်ကို တွေ့ခဲ့ရသည်။ အဆောင်အတွင်းဘက်ကိုမူ သော့ခတ်ထားသဖြင့် ဝင်ရောက်ကြည့်ရှုခွင့် မရခဲ့ပေ။

“ပျက်စီးတာကတော့ အတော်တော် များများ ပျက်စီးသွားတယ်။ ထားဝယ် တက္ကသိုလ်တင်မကဘူး။ တက္ကသိုလ် တိုင်း အဲလိုပျက်စီးတာတွေ ဖြစ်တာ” ဟု ဒေါက်တာသိင်္ဂီရွှေက ဆိုသည်။

လက်ရှိတွင် ယင်းပျက်စီးမှုများကို ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြင်ဆင်ပေးနေကြောင်း ၎င်းက ပြောသည်။

ထားဝယ်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားဆောင်များဖြစ်သော ရွှေဝယ်ထိပ်ထားဆောင်နှင့် ဗထူးဆောင် ဆောင်နှစ်ခုကို နိုင်ငံခြားမှ ပြန်လည် ဝင်ရောက်လာသူများကို အသွားအလာကန့်သတ် စောင့်ကြည့်ရန် ဇွန်လဝန်းကျင်ကတည်းက စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ယခု ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ဖြစ်ပွားလာပြီးနောက် ထားဝယ်တက္ကသိုလ် အဆောင်နှစ်ခုကိုလည်း လိုအပ်ပါက ပြန်လည်အသုံးပြုခွင့်ပေးရန် ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောဆိုထားကြောင်း ဒေါက်တာ သိင်္ဂီရွှေက ပြောသည်။

ကျော်သူစိုး