ပြည်တွင်းခရီးသွားဧည့်သည် စစ်တမ်းစတင်ကောက်ယူ

0
507

တနင်္သာရီတိုင်းသို့လာရောက်သည့် ပြည်တွင်းခရီးသွားဧည့်သည် စစ်တမ်းကို သြဂုတ်လ ဒုတိယအပတ်မှ စတင်ကောက်ယူနေသည်ဟု တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ခရီးသွားလာမှုနှုန်းထားများ၊ သုံးစွဲမှုငွေကြေးနှင့် ခရီးသွားဧည့်သည်များ၏ မှတ်ချက်(Comment)များကိုပါ ရရှိစေရန်အတွက် ကောက်ယူခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဦးဝင်းသိန်းက ပြောသည်။

“သူတို့ရဲ့လိုအပ်ချက်ကို ကျွန်တော်တို့ ဘယ်လိုဖြည့်ဆည်းပေးရမယ်၊ ဘယ်လို ဆောင်ရွက်ပေးရမယ်။ ဘယ်ဟာတွေ လိုအပ်တယ်။ ဘယ်ဟာတွေ မလိုအပ်ဘူး ဒါတွေလည်း သိရအောင်ပေါ့နော်” ဟု ဦးဝင်းသိန်းက ဆိုသည်။

ကိုဗစ်ကာလတွင် နိုင်ငံတကာ ခရီးသွားဧည့်သည်ကို မျှော်မှန်းရန် ခက်ခဲသဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်စေရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင် လမ်းညွှန်မှုအရ စစ်တမ်းကောက်ယူနေ ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တွင် လိုင်စင်ရယူထားသည့် ဟိုတယ်နှင့် တည်းခိုခန်းများတွင် ကောက်ယူနေခြင်း ဖြစ်သည်။


ယင်းအပြင် ဘုန်းတော်ကြီးကျောင်းများတွင် လာရောက်တည်းခိုသူများ၏ ဧည့်သည်စစ်တမ်းကို ကောက်ယူနိုင်ရန်အတွက် ဆရာတော်များကို လျှောက်ထားရန် ဆောင်ရွက်နေဆဲဖြစ်သည်ဟု ဦးဝင်းသိန်းက ပြောသည်။

ပြည်တွင်းခရီးသွားဧည့်သည်စစ်တမ်းကောက်ယူရာတွင် ခရီးသွားသည့် လူဦးရေ၊ စီးလာသည့် ယာဉ်၊ တည်းခိုနေထိုင်သည့် နေရာ၊ နေထိုင်သွားသည့် ရက်ပေါင်း၊ ခရီးစဉ်တွင် သုံးစွဲခဲ့သည့် ငွေကြေးပမာဏ၊ ခရီးစဉ်တွင် သွားရောက်ခဲ့သည့် နေရာများ၊ ခရီးသွားရခြင်း၏ ရည်ရွယ်ချက် စသည့်အချက်အလက် များပါဝင်သည်။

မိုးမြင့်