ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရှည်ဆိုးကျိုးများ

0
696

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးကူး စက်ခံရသူများအနက် ရောဂါပြင်းထန်စွာ ခံစားရသူများသည် ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုများခံယူရကာ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူများတွင် နောက်ဆက်တွဲရေရှည်ဆိုးကျိုးများအနေနှင့်အောက်ပါတို့ ခံစားရနိုင်ပါတယ်။

(၁) နှလုံးကြွက်သားများထိခိုက်ပျက်စီးစေ၍ ရေရှည်တွင် နှလုံးကောင်း စွာအလုပ်မလုပ်နိုင်တော့ခြင်းနှင့် နှလုံးရောဂါ အမျိုးမျိုး ခံစားလာရစေနိုင်ခြင်း၊

(၂) အဆုတ်အတွင်းရှိလေအိတ်ငယ်များကို ပျက်စီးစေ၍ အဆုတ်တွင် အမာရွတ်များ ကျန်ခဲ့ကာ နောက်ဆက်တွဲ အသက်ရှူရခက်ခဲခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများစွာ ဖြစ်ပွားစေနိုင်ခြင်း၊

(၃) အသက်ငယ်ရွယ်သူများတွင်ပင် ဦးနှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်၍ လေဖြတ်ရောဂါ၊ အတက်ရောဂါ၊ အကြောသေရောဂါ (Guillain-Barré syndrome) ဖြစ်ပွားစေခြင်း၊ ထို့အပြင် ခြေတုန်လက်တုန် ခြင်းဖြစ်ပွားသည့် (Parkinson) ရောဂါ၊ မှတ်ဉာဏ်ဆုံးရှုံးသည့် (Alzheimer) ရောဂါ စသည့်ရောဂါများ ဖြစ်ပွားနိုင်ခြေမြင့်တက်စေခြင်း၊

(၄) ခန္ဓာကိုယ်ရှိ သွေးကြောများအတွင်း သွေးခဲခြင်းများ ဖြစ်ပေါ်၍ ဦးနှောက်သွေးခဲခြင်း၊ နှလုံးသွေးကြောများ ပိတ်ခြင်း၊ ခြေထောက်သွေး ပြန်ကြောများပိတ်ခြင်း (Deep Vein Thrombosis) တို့အပြင် အသည်းနှင့် ကျောက်ကပ် ရောဂါများ ဖြစ်ပွားစေနိုင်ခြင်း၊

(၅) ပိုးကင်းစင်၍ရောဂါလက္ခဏာများ ပြန်လည် သက်သာလာခဲ့သော်လည်း အထူးကြပ်မတ်ကုသဆောင်တွင် ကာလရှည်ကြာသီးခြားခွဲ၍ ကုသမှု ခံယူရခြင်းကြောင့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်စိတ်များခြင်း စသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတို့ကို ခံစားရစေနိုင်ခြင်း၊

(၆) သက်ကြီးဘိုးဘွားများနှင့် ဆီးချိုရောဂါ ကဲ့သို့ နာတာရှည်ရောဂါရှိသူများတွင် အလွန်အမင်း မောပန်းခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း စသည့် ရောဂါလက္ခဏာများကို ပိုမိုပြင်းထန်စွာ ကာလရှည်ကြာခံစားရ စေနိုင်ခြင်း၊

(၇) ဒါ့အပြင် လတ်တလောအနေနဲ့ မသိရှိရသေးတဲ့ နောက်ဆက်တွဲဆိုးကျိုးများစွာကိုလည်း ခံစားရစေနိုင်ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားလျှင် အထက်ဖော်ပြပါ နောက်ဆက်တွဲ ဆိုးကျိုးများစွာခံစားရနိုင်ပါသဖြင့် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။