ထားဝယ်နှင့် ကော့သောင်းတို့တွင် အမှုသောင်တင်မှု အများဆုံး

0
434

ထားဝယ်ခရိုင်တရားရုံးနှင့် ကော့သောင်းမြို့နယ်တရားရုံးတို့တွင် ကြန့်ကြာနေသည့် အမှုအရေအတွက် အများဆုံးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။

ယခုနှစ်ဇူလိုင်လကုန်အထိ တနင်္သာရီ တိုင်းအတွင်းရှိ တရားရုံးအသီးသီးတွင် တစ်နှစ်မှ သုံးနှစ်အထက် ကြန့်ကြာနေသည့် ရာဇဝတ်မှု ၆၉ မှုနှင့် တရားမကြီးအမှု ၁၉ မှုရှိကြောင်း တိုင်းတရားလွှတ်တော်ရံးထံမှသိရပြီး အဆိုပါ တရားရုံးနှစ်ခုတွင် အများဆုံးဖြစ်သည်။

ဇူလိုင်လကုန်အထိစာရင်းအရ ထားဝယ် ခရိုင်တရားရုံးတွင် တစ်နှစ်အထက် ကြန့်ကြာနေသည့် ရာဇဝတ်အမှု ခြောက်မှုနှင့် သုံးနှစ်အထက်ကြာနေသည့် တရားမကြီးအမှု တစ်မှုရှိပြီး ကော့သောင်းမြို့နယ် တရားရုံးတွင် တစ်နှစ်အထက်ကြာနေသည့် ရာဇဝတ်အမှု(အချုပ်/ခံဝန်) ၁၆ မှုနှင့် သုံးနှစ်အထက်ကြာနေသည့် တရားမကြီးအမှု သုံးမှုရှိနေကြောင်း သိရသည်။

ထားဝယ်ခရိုင်တရားရုံးရှိ ကြာနေသည့် ရာဇဝတ်အမှုများအနက် တရားလိုပြ သက်သေများခြင်း၊ တရားခံက စိတ်ကျန်းမာရေးမကောင်းသည့်အတွက် စိတ်ကျန်းမာရေးဆေးရုံတွင် ကုသနေရခြင်း စသည့် အကြောင်းများကြောင့် ကြန့်ကြာနေခြင်းဖြစ်ကြောင်း တိုင်းတရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက ရှင်းပြသည်။

ထို့အပြင် လက်ရှိတွင် ကိုဗစ် ကပ်ဘေးကာလဖြစ်နေခြင်းကလည်း အမှုကြန့်ကြာစေသည့် အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကိုဗစ်နိုင်တီး ရောဂါဖြစ်ပွားနေတဲ့ ကာလဖြစ်တာရယ်၊ သဘာဝဘေး အန္တရာယ်ကြောင့် သက်သေတွေဟာ မလာရောက်နိုင်တဲ့ အတွက်ကြောင့်မို့လို့ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို အချိန်မီ မဆောင်ရွက်နိုင်တဲ့အတွက် ကြောင့်ဖြစ်ပါတယ်” ဟု ဒေါ်အေးအေးသန်း က ပြောသည်။

ယင်းကြန့်ကြာနေသည့်အမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီးတရားသူ ကြီးချုပ်က သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ် တရားသူကြီးများနှင့် တွေ့ဆုံပြီး အမှုအမြန်ပြီးနိုင်ရေးအတွက် ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။

အထက်ပါ ထားဝယ်ခရိုင်နှင့် ကော့သောင်းမြို့နယ်တရားရုံးများအပြင် ကျန်သည့်တရားရုံးများတွင်လည်း ကြန့်ကြာနေသည့်အမှုများရှိကြောင်း တိုင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။

မြိတ်ခရိုင်တရားရုံးတွင် သုံးနှစ်အထက် ကြန့်ကြာနေသည့် တရားမကြီး အမှု ခုနစ်မှုအထိရှိပြီး မြိတ်မြို့နယ် တရားရုံးတွင် လေးမှုရှိနေသည်။