ထားဝယ်ဆေးရုံကြီးတွင် ကျောက်ကပ်ဆေးစက် လုံလောက်မှုမရှိ

0
518

ထားဝယ်ဆေးရုံကြီးတွင် ကျောက် ကပ်ဆေးရန် လိုအပ်သည့် လူနာများ အတွက် ကျောက်ကပ်ဆေးသည့်စက် ထပ်မံလိုအပ်နေသေးကြောင်း ယင်းဆေးရုံကြီးထံမှ သိရသည်။

လက်ရှိတွင် အစိုးရက ချပေးထားသည့် ကျောက်ကပ်ဆေးစက်နှစ်လုံးရှိနေပြီး လူနာ ၁၁ ဦးကို ကုသ(ဆေး) ပေးနေကြောင်း ထားဝယ်ဆေးရုံကြီးရှိ ကျောက်ကပ်ဆေးဌာနတာဝန်ခံ ဒေါက်တာ အေးမင်းသူက ဆိုသည်။

ထားဝယ်ဆေးရုံကြီးဝင်းရှိ အောက်ဆီဂျင်အဆောက်အအုံ အလှူရှင်လိုအပ်

အဆိုပါ စက်နှစ်လုံးကို ယခုနှစ်အတွင်း တပ်ဆင်ထားပြီး လူနာ ၁၁ ဦးကို အကြိမ်ပေါင်း ၃၅၀ ခန့်အထိ ဆေးပေးခဲ့ပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။

“အခုလောလောဆယ် ပြည့်နေတယ်။ ရှိတဲ့ စက်နှစ်လုံးနဲ့ ဆေးပေးနေတာ ရက်ပြည့်နေတယ်။ အခုက ပိတ်ရက်တွေပါ လိုက်ဆေးပေးနေရ တယ်” ဟု ဒေါက်တာအေးမင်းသူက ဆိုသည်။

လက်ရှိတွင် ကျောက်ကပ်ဆေးမည့် လူနာသုံးဦးမှာ စောင့်ဆိုင်းနေရသည့်အပြင် နောက်ထပ်လူနာဦးရေတိုးလာပါက အဆင်ပြေစေရန် ကျောက်ကပ်ဆေး စက်နှစ်လုံးခန့် ထပ်မံလိုအပ်နေကြောင်း ၎င်းက ပြောသည်။

စည်ပင်လေလံရငွေ ယခင်နှစ်ထက် သိန်းကိုးဆယ်ကျော်ပိုရ

ယင်းအတွက် အလှူရှင်လိုအပ်နေပြီး စက်အလုံးလိုက် သို့မဟုတ် တတ်နိုင်သမျှ ငွေကြေးပမာဏကို လှူဒါန်းနိုင်သည်ဟု ဆိုသည်။ လှူဒါန်းလိုပါက ဖုန်းနံပါတ် ဝ၉ ၉၆၂၅၅၆၁၄၁ ထံ ဆက်သွယ်နိုင်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ အသုံးပြုနေသည့် ဂျာမဏီ နိုင်ငံထုတ်ကျောက်ကပ်ဆေးစက်တစ်လုံးလျှင် ကျပ် ၁၇၅ သိန်းခန့် ကျသင့်ကြောင်း အထက်ပါ ဆေးရုံကြီးထံမှ သိရသည်။