ထက်စေ၊ ‌ပွင့်စေ၊ မွှေးပါစေ . . .

0
1734

“ဆရာကြီးရှင့်၊ ခုနစ်တန်းအခန်းမှာ တစ်ချိန်စာ လွတ်နေတယ်။ အစားထိုးဝင် ဖို့ အတန်းချိန်လွတ်နေတဲ့သူ မရှိတော့ဘူး”


“ရတယ် ဆရာမ။ ကျွန်တော် သွားဝင်လိုက်မယ်”


ဤသို့ဖြင့် ကျွန်တော်သည် ခုနစ် တန်းအခန်းကို အတန်းဝင်ဖြစ်ခဲ့သည်။ အချိန်က မြန်မာစာအချိန်။ သင်ခန်းစာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့် အတွက် မြန်မာစာ ဆရာမ သင်ပြီးသည့် သင်ခန်းစာများကို ပြန်ပြီးဆွေးနွေးမည် ဟု ဆုံးဖြတ်ကာ မြန်မာကဗျာစာအုပ်ကို ထုတ်စေလိုက်သည်။ ဆရာမက ပိုးစုန်း ကြူး ကဗျာအထိ သင်ထားပြီးကြောင်း ဆိုကြသဖြင့် ပြန်နွှေးသည့် သဘောနှင့် ကဗျာကို နှစ်ခေါက်လောက် ကြည့်ရွတ် စေပြီး တစ်ပိုဒ်ချင်းစီ၏ ဆိုလိုရင်းကို ထဆွေးနွေးပါဟု ဆိုသည့်အခါ ကလေး များက ဟိုမှသည်မှ ထလာကြသည်။ အချိန် တိုတိုလေးအတွင်း၌ တစ်ပုဒ်လုံး ကို သူတို့ ဆွေးနွေးနိုင်ကြသည်။

“ပိုးစုန်းကြူး ကဗျာက ဘာကဗျာ အမျိုးအစားလဲ “

“သံပေါက် ကဗျာအမျိုးအစားပါ”


“သံပေါက်ကဗျာဆိုတာ ဘာလဲ”


ကလေးများ အားလုံး ချက်ချင်းငြိမ် ကျသွား၏။ တစ်ယောက်မှပင် မလှုပ် တော့ပါ။ ထိုအတွက် ကလေးများကို ကျွန်တော်အပြစ် မမြင်။ ကျွန်တော်တို့ ငယ်ငယ်ကလည်း သံပေါက်၊ လေးချိုး၊ ဒွေးချိုး၊ တြိချိုး၊ ဘောလယ်စသော မြန်မာကဗျာများအကြောင်း မသိကြဘဲ နှင့် ပုံနှိပ်ထဲ ရေးထားသည့်အတိုင်း အလွတ်ကျက်ပြီး ဖြတ်သန်းလာကြသည် လေ။ ကျွန်တော်ပင် ပညာရေးကောလိပ် ဒုတိယနှစ်ရောက်မှသာ သံပေါက်ကဗျာ အကြောင်း သိခဲ့ရသည်။


မြန်မာစာဌာနမှ ဆရာမဒေါ်စန်း စန်းမြင့်က သံပေါက်ကဗျာဖွဲ့နည်းများ ပို့ချ‌ပြီး သံပေါက်ကဗျာအကြောင်း စာစဉ်ရေးခိုင်းသဖြင့် သံပေါက်ကဗျာ အမျိုးအစားနှင့် ပတ်သက်သည်တို့ကို ရှာခဲ့ဖွေခဲ့၊ တွေးခဲ့၊ ရေးခဲ့ဖူးသဖြင့် သံပေါက်ကဗျာနှင့် ကျွန်တော်သည် မစိမ်းပေ။


“သံပေါက်ဆိုတာ ကာရန်လို့ခေါ်တဲ့ အသံကို ပေါက်မြောက်အောင်၊ ပေါ်လွင် အောင် ဖွဲ့ဆိုရတဲ့ ကဗျာအမျိုးအစား တစ်ခုပဲ။ မြန်မာကဗျာတွေ ရေးတတ်ဖို့၊ ဖွဲ့တတ်ဖို့ဆိုရင် သံပေါက်ကဗျာက အခြေခံ အကျဆုံးပဲ။ ကဗျာရေးရတာ ဝါသနာပါတဲ့ သူတွေ သံပေါက်ကဗျာလေးတွေ စမ်း ရေးရအောင် အ‌ခြေခံအချက်လေးတွေ ပြောပြမယ်”


ကလေးများ တိတ်ဆိတ်စွာ စူးစိုက် နားထောင်နေကြသည်။ ကျွန်တော်က သင်ပုန်းပေါ်တွင် “တောင်ပံကွန့်မြူး၊ ပိုးစုန်းကြူး၊ အထူးတဆန်းပင်” ဟူသော ပိုးစုန်းကြူးကဗျာထဲမှ တစ်ပိုဒ်ကို ရေးပြ လိုက်ပြီး သံပေါက်ကဗျာရေးရာ၌ ပထမ စကားလုံးတွဲတွင် စာလုံးလေးလုံး၊ ဒုတိယ စကားလုံးတွဲတွင် စာလုံးသုံးလုံး၊ တတိယ စကားလုံးတွဲတွင် စာလုံးငါးလုံး သို့မဟုတ် ခုနစ်လုံး ထားနိုင်ကြောင်း၊ အလွယ်မှတ် ချင်လျှင် “အစလေးလုံး၊ အလယ်သုံး၊ အဆုံးငါးခုနစ်”ဟု မှတ်ထားနိုင်ကြောင်း ပြောပြလိုက်သည်။


ထို့နောက် မြန်မာကဗျာတစ်ပုဒ် တွင် ကာရန်သည် အသက်ဖြစ်သဖြင့် သံပေါက်ကဗျာကိုလည်း ကာရန်ယူ၍ ရေးရမည်ဟု ဆိုသည့်အခါ ကလေးများ က”ကာရန်”ဟု အသံထွက်ကာ သူတို့၏ စိတ်ဝင်စားမှုကို ပြသည်။ ကျွန်တော်က ထိုစိတ်ဝင်စားမှုကို အခွင့်ကောင်းယူပြီး ကာရန်ဆိုသည်မှာ အသံကို ဆိုလိုကြောင်း ပြောရင်း လက်ကလည်း အသင့်ရေးထား ပြီးသော ပိုးစုန်းကြူး ကဗျာစာပိုဒ်မှ”မြူး၊ ကြူး၊ ထူး”တို့ကို ဝိုင်းပြလိုက်သည်။ ထိုဝိုင်းလိုက်သော စာလုံးများကို ကလေး များအား အသံထွက် ရွတ်ဆိုစေလိုက် သည်။ ထို “မြူး၊ ကြူး၊ ထူး” တို့သည် အသံဖြစ်ပေါ်သည့် နေရာတူသဖြင့် ကာရန်တူ ကာရန်ညီသည့် စာလုံးများ ဖြစ်ကြောင်းပြောပြကာ အခြားကာရန်တူ စကားလုံးများဖြစ်သည့် “”ကား၊ စား၊ လား” ထိုင်၊ ငိုင်၊ အိုင် ‘ ‘ခွဲ၊ မွဲ၊ လွဲ’စသည်တို့ကို နမူနာပြပေးလိုက်သည်။ ထိုအခါ ကလေးများသည် အခြားကာရန် တူစကားလုံးများကို စဉ်စား၍ ရွတ်နေ ကြသည်ကို ကျွန်တော်သတိထားမိသည်။


ကာရန်တူ စကားလုံးများကို ကလေး များအနေနှင့် သိပြီးသောအခါ သံပေါက် ကဗျာ၏ ကာရန်ချိတ်သည့် စနစ်မှာ ပထမစာလုံးတွဲ၏ လေးလုံး မြောက်၊ ဒုတိယ စာလုံးတွဲ၏ သုံးလုံးမြောက်နှင့် တတိယ စာလုံးတွဲ၏ နှစ်လုံးမြောက် စာလုံးတို့ ကာရန်ညီ‌အောင် ယူရမည်ဖြစ် ကြောင်း ရှင်းပြကာ “၄-၃-၂”ဟု အလွယ် မှတ်ထားနိုင်ကြောင်းပါ ပြောပြလိုက် သည်။


ကလေးများသည် သံပေါက်ကဗျာ ၏ အဓိပ္ပာယ်၊ ကာရန်၏သဘောကို သိရှိပြီး သံပေါက်ကဗျာတစ်ပုဒ်တွင် ရှိသသင့်သည့် စကားလုံးအရေအတွက် နှင့် ကာရန်ယူရမည့်စနစ်ကိုပါ သိရှိ သွားပြီဖြစ်၍ ကျွန်တော်က သင်ပုန်းပေါ် တွင် “တို့ကျောင်းတော်သာ၊ မေမလာ၊ မောင့်မှာလွမ်းတသ”ဟူ၍ ကဗျာတိုတစ် ပိုဒ်ရေးချလိုက်ပြီး သံပေါက်ကဗျာ ဖြစ် မဖြစ် စစ်ခိုင်းသည့်အခါ ကလေးများက တဟိဟိ၊ တဟားဟားနှင့် စစ်ဆေးကြ သည်။


“ကဗျာဖွဲ့နည်းလည်း သိပြီ။ ဖွဲ့လည်း ဖွဲ့တတ်ကြပြီဆိုတော့ အခုလောလော ဆယ် ကိုယ့်စိတ်ထဲမှာ ရှိတာလေးကို ကဗျာတိုလေး တစ်ပုဒ်ချရေးကြည့်။ ရေးပြီးတဲ့လူ လက်ထောင်”
ကျွန်တော် ပြောလိုက်သည်ကစ ယောကျာ်းလေးရော မိန်းကလေးပါ ဟိုကြည့်သည်ကြည့်နှင့် တွေးဟန်ပြုပြီး ချရေးနေကြသည်။ ကျွန်တော် လမ်း လျှောက်ရင်း သူ့တို့အနားရောက်သွား လျှင် လက်နှင့်ဖုံးရသည်ကလည်း အမော။ သို့သော် အချိန်အတော်ကြာသည်အထိ တစ်ယောက်မှပင် လက်ထောင်မပြ။ သူတို့ ရှက်နေကြမှန်း ရိပ်စားမိ၍ ရေးပြီးသား ကို အဆင်ပြေမပြေ သိချင်လျှင် အချိန် မရွေး လာပြနိုင်ကြောင်း လမ်းဖောက်ရ ပြန်သည်။


ကံကောင်းသည်ဟု ဆိုရမည်။ စာသင်ချိန်ကုန်ခါနီး မိနစ်ပိုင်း အလိုတွင် ယောကျာ်းလေးတစ်ယောက် လက်ထောင် လာပြီး ကဗျာရေးထားသည့် သူ့စာအုပ် ကို ကျွန်တော့်ဆီ လှမ်းပေးသည်။ ကဗျာကို ဖတ်အပြီးမှာတော့ ကျွန်တော် မရယ်ဘဲ မနေနိုင်တော့ပါ။


“တော်လိုက်တာ”ဟု ချီးမွမ်းရင်း သူ့ကဗျာကို သင်ပုန်းထက်တွင် ကျွန်တော် ချရေးပေးလိုက်သည်။


ယောကျာ်းလေးများက ကျွန်တော့် လိုပင် အားပါးတရ ရယ်ပြီး လက်ခုပ် ထတီးကြသည်။ မိန်းမကလေးများကမူ လက်ခုပ်မတီးနိုင်ကြ။ ကဗျာရေးသူ ကောင်လေးဆီ မျက်စောင်းကလေးများ ပစ်လွှတ်ပြီး မကျေနပ်ခြင်းကို ပြသနေ ကြသည်။


သူတို့ မည်သို့ ကျေနပ်ကြမည် နည်း။ သင်ပုန်းပေါ်တွင် အခန့်သား ရှိနေသော သံပေါက်ကဗျာအတိုကလေး မှာ ဤသို့ ဖြစ်သည်။


“အညှင်းရွာသူ၊ အပျင်းထူ၊ ဘယ်သူ နဲ့မှပင်မတူ”
ကလေးရေးသည့် ထိုကဗျာလေးကို ဖတ်ပြီး ကျွန်တော်သိလိုက်ရသည်က ကျွန်တော့်ကလေးများ မညံ့ပါ။ သွေးလျှင် ထက်မည့် ဓားများ၊ တွန်းလျှင် ပွင့်မည့် တံခါးများ၊ ပွင့်လျှင် မွှေးမည့် ပန်းများ ဖြစ်ကြသည်။ ကျွန်တော်တို့က မသွေး ၍သာ မထက်၊ မတွန်း၍သာ မပွင့်၊ ပွင့်ခွင့်မပေးမိ၍သာ မမွှေးကြခြင်းသာ။


ဆွေး(မြိတ်)