ငါးရက်အတွင်း လေဘေးကြောင့် နေအိမ်တစ်ရာကျော် ထိခိုက်ပျက်စီး၊ မြိတ်ခရိုင်အများဆုံး

0
386

ပြီးခဲ့သည့်ရက်များက တိုက်ခတ်သည့် လေပြင်းကြောင့် ငါးရက်အတွင်း နေအိမ်တစ်ရာကျော် ထိခိုက်ပျက်စီးခဲ့ပြီး မြိတ်ခရိုင်တွင် အများဆုံးဖြစ်ပွားခဲ့သည်ဟု တနင်္သာရီတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မြိတ်ခရိုင်တွင် နေအိမ် ၁၀၉ လုံး၊ ကော့သောင်းခရိုင်တွင် နေအိမ် ၅၂ လုံးနှင့် ထားဝယ်ခရိုင်တွင် နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု အထက်ပါဌာနထံမှ သိရသည်။

လေလံဈေးကွက်မရှိသဖြင့် ငှက်သိုက်လုပ်ငန်းရှင်များ အဆင်မပြေဟုဆို

“လေဘေးကြောင့် ကယ်ဆယ်ရေး စခန်းဖွင့်တာတော့ မရှိဘူး။ သူတို့ဘာသာသူတို့ရဲ့ဆွေမျိုးအိမ်မှာ သွားနေလိုက်တယ်၊ တချို့ကျတော့လည်း ကိုယ့်အိမ် ကိုယ်ပဲ နေချင်ကြတာကိုး” ဟု အထက်ပါဌာနမှ တိုင်းဦးစီးမှူးက ဆိုသည်။

လေဘေးအပြင် မြေပြိုမှုကြောင့် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ ပုလဲတောင်ကုန်း၌ နေအိမ်တစ်ဆောင်ပြို ကျခဲ့ပြီး လောင်းလုံးမြို့နယ်၊ ကမ်းပနီရွာရှိ မျှော်ရစ်ဘုန်းကြီးကျောင်းတစ် ကျောင်းလည်း ပြိုကျပျက်စီးခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ခြေများ အမိုးလန်ခြင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းတို့ အများဆုံးဖြစ်ပေါ်ခဲ့သော်လည်း အားလုံးပြိုကျ ပျက်စီးသည့် နေအိမ်မှာ အနည်းငယ်သာရှိကြောင်း တိုင်းဦးစီးမှူးက ပြောသည်။

ပြီးခဲ့သည့်နှစ်က တိုင်းအတွင်း မြေပြိုမှု၊ လေပြင်းတိုက်မှု၊ ရေကြီးရေလျှံမှု စသည့် သဘာဝဘေးဖြစ်ပွားမှုတို့ကြောင့် လူသေဆုံးမှုများပါရှိခဲ့သည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်က လေဘေးဖြစ်ပွားမှု ၈၂ ကြိမ်ခန့်ရှိခဲ့ပြီး ယခုဘဏ္ဍာနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ လေဘေး ၃၄ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု တိုင်းဦးစီးမှူးက ပြောသည်။

လက်ရှိတွင် လေဘေးသင့်သည့် အိမ်ထောင်စု ၁၆၆ စုမှ လူဦးရေ ၈၆၂ ဦးအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို အထက်ပါဌာနက ထောက်ပံ့ပေးလျက် ရှိသည်။

မိုးမြင့်