ကုန်သီးသန့်တင်ရန် သတ်မှတ်လိုက်သည့်အတွက် သုံးဘီးယာဉ်မောင်းများ အကျပ်ဆိုက်

0
1177

ထားဝယ်ဒေသတစ်ဝိုက် ခရီးသည် ပို့ဆောင်ရာတွင် အဓိကအသုံးပြုနေသည့် သုံးဘီးဆိုင်ကယ်များကို ကုန်သီးသန့်သာ တင်ရန်အတွက် သတ်မှတ်လိုက်ခြင်းသည် အဆင်မပြေကြောင်း သုံးဘီးယာဉ်မောင်းများက ပြောဆိုသည်။

သုံးဘီးဆိုင်ကယ်အတွက် လုပ်ငန်းလိုင်စင်ထုတ်ပေးရာတွင် ယခင်က ခရီးသည်တင်ဆောင်ခွင့်ရှိသည့် (ဂ) လုပ်ငန်းလိုင်စင်ကို ထုတ်ပေးနေရာမှ လက်ရှိတွင် သုံးဘီးဆိုင်ကယ်အားလုံးကို ကုန်စည်သာ တင်ဆောင်ခွင့်ရှိသည့် (က)လုပ်ငန်း လိုင်စင်ကိုသာ ထုတ်ပေးတော့ခြင်းဖြစ်သည်။

ကွမ်းသမားနှင့် ကိုဗစ်

ယခင်နှစ်ပေါင်းများစွာကတည်းက သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည်တင် ဆောင်ခွင့်ရခဲ့သော်လည်း လက်ရှိတွင် ကုန်စည်သီးသန့်သာတင်ဆောင်ရမည်ဆိုပါက အခက်အခဲများစွာ ကြုံရနိုင်ကြောင်း ထားဝယ်မြို့အတွင်း ပြေးဆွဲနေသည့် သုံးဘီးယာဉ်မောင်းအချို့က ညည်းတွားပြောဆိုသည်။

လက်ရှိလုပ်ငန်းလိုင်စင်အရ ခရီးသည်တင်ဆောင်ခွင့်မရှိတော့သည့်အတွက် ဖမ်းဆီးအရေးယူခံရမည်ကို စိုးရိမ်နေရကြောင်း စည်ပင်သာယာဈေးကြီးတွင် ဂိတ်ထိုးပြေးဆွဲနေသည့် သုံးဘီးယာဉ်မောင်းတစ်ဦးက ဆိုသည်။

“ခရီးသည်မတင်ရဘူးဆိုရင် လုံးဝ အဆင်ပြေမှာမဟုတ်ဘူး” ဟု အဆိုပါ သုံးဘီးယာဉ်မောင်းက ပြောသည်။

လက်ရှိတွင် ဒေသအတွင်း ခရီးသည် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် တရုတ်နိုင်ငံထုတ် သုံးဘီးဆိုင်ကယ်များ(တုတ် တုတ်) အပြင် အိန္ဒိယနိုင်ငံထုတ် သုံးဘီးမော်တော်ယာဉ်(အိုးဝေ)များဖြင့်လည်း ပြေးဆွဲနေသည်။

အိုးဝေ သုံးဘီးမော်တော်ယာဉ်ကို မဝယ်နိုင်သောကြောင့် လက်ရှိတွင် သုံးဘီး ဆိုင်ကယ်ဖြင့် ခရီးသည်တင်ကာ မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရသည့်အတွက် ယခင်အတိုင်းပင် ခွင့်ပြုပေးစေလိုကြောင်း အခြားသုံးဘီးယာဉ်မောင်း တစ်ဦးက ဆိုသည်။

ယင်းအိုးဝေ သုံးဘီးမော်တော်ယာဉ်များကိုမူ ခရီးသည်တင်ဆောင်ခွင့်ရှိသည့် (ဂ) လုပ်ငန်းလိုင်စင် ထုတ်ပေးနေသည်။

သုံးဘီးဆိုင်ကယ်များကို လုပ်ငန်းလိုင်စင်ထုတ်ပေးရာတွင် ကညန ဌာနက ထုတ်ပေးသည့် ယာဉ်မှတ်ပုံတင်စာအုပ်တွင် ဖော်ပြထားသည့်အပေါ် မူတည်ပြီး လုပ်ငန်းလိုင်စင် အမျိုးအစားကို ခွဲခြားထုတ်ပေးရန် ယခုနှစ် အစောပိုင်းတွင် ရုံးချုပ်က ညွှန်ကြားထားကြောင်း ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန(ပို့/ဆက်) တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။

ဥပမာအားဖြင့် ယာဉ်မှတ်ပုံတင် စာအုပ်တွင် လေးယောက်စီး၊ ရှစ်ယောက်စီး စသဖြင့် လူစီးယာဉ်အဖြစ် ဖော်ပြထားပါက (ဂ) လုပ်ငန်းလိုင်စင်ထုတ်ပေးရန်၊ ဝန်တင်အားကို ဖော်ပြထားပါက ကုန်စည်သီးသန့်သာ တင်ဆောင်ခွင့်ရှိသည့် (က) လိုင်စင်ထုတ်ပေးရန်စသဖြင့် ညွှန်ကြားထားခြင်း ဖြစ်သည်။

ထိုကြောင့် သုံးဘီးဆိုင်ကယ် လုပ်ငန်းလိုင်စင်လာလုပ်ချိန်တွင် ယာဉ်မှတ်ပုံတင် စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း လိုင်စင်အမျိုးအစားပြောင်းလဲထုတ်ပေး နေခြင်းဖြစ်ကြောင်း ပို့/ဆက်ဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်သက်သက်ဦးက ဆိုသည်။

တင်ဆောင်ရန် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် လူစီးယာဉ်အစား ကုန်တင်ယာဉ်အဖြစ် ပြောင်းလဲသတ်မှတ်ရန် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်က ညွှန်ကြားထားကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ပြောသည်။

ထိုကြောင့် သက်တမ်းတိုးသည့် သုံးဘီးဆိုင်ကယ်၏ ယာဉ်မှတ်ပုံတင် စာအုပ်တွင် တင်ဆောင်နိုင်သည့်ဝန်အားကို ကီလိုဂရမ်အဖြစ် ပြောင်းလဲဖော်ပြ ပေးရကြောင်း ၎င်းက ဆိုသည်။

“အခုဆိုရင် ယာဉ်သက်တမ်းတိုးတဲ့ အချိန်မှာ ပြောင်းနေပြီ။ သက်တမ်းတိုး လာတယ်ဆိုရင်ပဲ သူ့ရဲ့အမျိုးအမည် အမျိုးအစားကို KG (ကီလိုဂရမ်) ပြောင်းပြီ” ဟု ဦးထင်ပေါ်က ပြောသည်။

ယင်းကဲ့သို့ တင်ဆောင်နိုင်သည့် ဝန်အားနေရာတွင် ကီလိုဂရမ်ဖြင့် ဖော်ပြလိုက်သည့်အတွက် ပို့/ဆက်ရုံးက လုပ်ငန်းလိုင်စင်ကို ကုန်စည်တင်ဆောင်သည့် (က)လုပ်ငန်းလိုင်စင်ကို ထုတ်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

တနင်္သာရီတိုင်းအတွင်း သုံးဘီးဆိုင်ကယ်အစီးရေ သုံးထောင်ကျော်ရှိကြောင်း ကညနဌာန စာရင်းအရ သိရသည်။